Breaking News

နိုင်မွန်အောင်သွင် - လက်ဖက်ရည်ဆိုင်နိုင်ငံတော်

Image- Credit
လက်ဖက်ရည်ဆိုင်နိုင်ငံတော်
နိုင်မွန်အောင်သွင်
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၂၅

လက်ဖက်ရည်မှာပြီး
ဆေးလိပ်မီးညှိမယ်။
လက်ဖက်ရည်က ချက်ချင်းရောက်မလာသေးဘူး။
ရတယ်
အရင်ရောက်နှင့်နေတဲ့ကောင်တွေနဲ့
ပွားမယ်။
ဒါမှမဟုတ်
ဖုန်းကိုကလိမယ်။
ဒါမှမဟုတ်
ဖြတ်သွားဖြတ်လာတွေကို
လိုက်ကြည့်မယ်။
လက်ဖက်ရည်ဆိုင်က
ကောင်းကင်ဘုံတမျှ
ခမ်းနားနေစရာမလိုဘူး။
ငရဲတမျှလည်း
စုတ်ပြတ်သပ်မနေရဘူး။
လက်ဖက်ရည်ဆိုင်မှာ
မြေနီမြောင်းလိုအသင့်ဖျော်ရာကနေ
ဇွန်းတပ်ထားတဲ့ခွက်အထိ။
သီချင်းတွေအကျယ်ကြီးဖွင့်တဲ့ခေတ်ကနေ
စကားလုံးတွေချွေတာနေရတဲ့ခေတ်အထိ
ငါတို့စွဲစွဲမြဲမြဲထိုင်လာခဲ့ကြတယ်။
လက်ဖက်ရည်ဆိုင်ဟာ
ဘူတာရုံလေးတစ်ခုလည်းဖြစ်တယ်။
ဘော်ဒါတွေ
တစ်စီးဝင် တစ်စီးထွက်ပဲ။
လက်ဖက်ရည်ဆိုင်ဟာ
မျှော်စင်မြင့်မြင့်သဘ်ောတစ်စီးလည်းဖြစ်နေပြန်သေးတယ်။
ချစ်သူလာမယ့်လမ်းကို
မျက်ခြေမပြတ်ငေးတယ်။
အဲဒီကောင်
အဲဒီနေရာမှာ တစ်ပွေတည်းကျောက်ချနေတာ တစ်နာရီကျော်ပြီ။
လက်ဖက်ရည်ဆိုင်ဟာ
တစ်ခါတစ်ခါ
ကြေညာမထားတဲ့စစ်မြေပြင်ဖြစ်နေပြန်ရော။
ဟိုဖက်ဝိုင်း
သည်ဖက်ဝိုင်း
အခန့်မသင့်တဲ့အခါ
ခွေးခြေနဲ့ထရိုက်ကြတဲ့အခြေအနေကို
မိတ်ဆက်ပေးကြရတော့တာပေါ့။
လက်ဖက်ရည်ဆိုင်ဟာ
နယ်စည်းမခြား
ပေါင်မုန့်မရှိရင် ကိတ်မုန့်စားလို့ရတယ်။
လက်ဖက်ရည်ဆိုင်မှာ
လက်ဖက်ရည်ခွက်ထဲ မုန်တိုင်း
လက်ဖက်ရည်ခွက်ထဲ လေပြေလေညှင်း
လက်ဖက်ရည်ခွက်ထဲ ပင်လယ်
လက်ဖက်ရည်ခွက်ထဲ ပျက်နေတဲ့ရေဘုံဘိုင်ခေါင်း
လက်ဖက်ရည်ခွက်ထဲ ယင်ကောင်
လက်ဖက်ရည်ခွက်ထဲ နှင်းဆီဥယျာဉ်။
လက်ဖက်ရည်ဆိုင်မှာ
အသွင်တူတဲ့ငှက်တွေပဲ
တစ်ကိုင်းတည်းနားကြတယ်။
လက်ဖက်ရည်ဆိုင်မှာ
အလှူခံတွေလည်းရောက်လာတတ်သေးတယ်။
အချိန်ပိုလေးများ မ စ တော်မူကြပါခင်ဗျာ။
အေးဆေးပေါ့ကိုယ့်လူ
ငါတို့မှာ အပေါများဆုံးက
အချိန်နဲ့ မေတ္တာတရားပဲ။
လက်ဖက်ရည်ဆိုင်ထိုင်တယ်ဆိုတာ
လက်ဖက်ရည်သောက်ချင်စိတ်သက်သက်နဲ့မဟုတ်
အိမ်ဆိုတာရဲ့အပြင်စက်ဝန်းက
သီးသန့်ဂြိုဟ်တစ်ခုမှာ
ယာယီအခြေချခြင်းပဲ။
လက်ဖက်ရည်ဆိုင်တွေမထွန်းကားတဲ့မြို့ရွာဟာ
ရောဂါသည်နဲ့တူတယ်။
သူ့အခြေအနေဟာ
ခံစားချက်ဝေဒနာတွေ
အရေးပေါ်ဖောက်ထုတ်ပစ်ဖို့လိုအပ်နေပြီ။
လက်ဖက်ရည်ဆိုင်ဟာ 
ကြေညာစရာမလိုတဲ့
မင်းမဲ့တိုင်းပြည်ပဲ။
လက်ဖက်ရည်ဆိုင်မှာ
ငါတို့ဟာ
ကြယ်တွေလိုလင်း
ကိုယ့်မင်းကိုယ့်ချင်းပဲ။
လက်ဖက်ရည်ဆိုင်ဟာ
မြို့ရိုးမရှိတဲ့ရွှေပြည်တော်ပဲ။
လက်ဖက်ရည်ဆိုင်ထိုင်ချင်စိတ်ကို
မီးခိုးတိတ်ထားရတာ
လေးနှစ်လေးမိုးရှိခဲ့ပြီ။
ယုံကြည်စိတ်ဟာ
တစ်နေ့တစ်လံပါပဲ။
သေချာတယ်
လက်ဖက်ရည်ဆိုင်တွေ 
ဘယ်မှထွက်မပြေးကြသေးဘူး မဟုတ်လား။
 
၂၇.၉.၂၀၂၅
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar