နေ့စဥ် သေဆုံး ဒဏ်ရာရနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၇ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၂၅
နေ့စဥ် သေဆုံး ဒဏ်ရာရနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ
စစ်ကိုင်းတိုင်း ကံထူးမ ကျေးရွာမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းက ဗုံးကြဲမှုကြောင့် အရပ်သား ၈ ဦး သေဆုံးပြီး ဒဏ်ရာရသူလည်း အများအပြားရှိတဲ့ သတင်းက ခုရက်ပိုင်းမှာ စိတ်ထိခိုက်ဖွယ် ကောင်းတဲ့ သတင်းတပုဒ်ဖြစ်ပါတယ်။ အဲဒီ အဖြစ်အပျက်တွေ ဖြစ်ပျက်နေတဲ့ ရက်ပိုင်းမှာပဲ Arakan Army က သိမ်းယူထားတဲ့ သံတွဲမြို့ကို လေကြောင်းက တိုက်ခိုက်တာကြောင့် ၁ ဦးသေပြီး အခြားဒဏ်ရာ ရသူတွေ ရှိနေတယ်လို့ သတင်းလည်း ပေါ်ထွက်လာခဲ့ပြန်ပါတယ်။
ရက္ခိုင့်တပ်တော် AA က ငပလီ၊ သံတွဲ၊ တောင်ကုတ် စတဲ့ ဒေသတွေကို လအတန်ကြာကတည်းက သိမ်းယူထားတာ ဖြစ်ပြီး စစ်ကော်မရှင်က AA ထိန်းချုပ်နယ်မြေတွေကို မကြာခဏ လေကြောင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ AA နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေက ဧရာဝတီတိုင်း နဲ့ ရခိုင်ရိုးမ ထိစပ်ရာဒေသတွေ၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် ထိစပ်ရာ ဒေသတွေ ဖြစ်ပြီး ရခိုင်ပြည်နယ်ထဲမှာ စစ်တွေနဲ့ ကျောက်ဖြူ မြို့ ၂ နေရာမှာသာ စစ်ကော်မရှင်က ထိန်းချုပ်ထားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။
ဒါကြောင့် မကြာသေးတဲ့ သီတင်းပတ်က ကျောင်းသား ဆယ်ဂဏန်းကျော် သေဆုံးခဲ့ရတဲ့ ကျောက်တော်မြို့ ခုရက်ပိုင်း လေကြောင်းတိုက်ခိုက်ခံရတဲ့ တောင်ကုတ်၊ သံတွဲ မြို့တို့လို လေကြောင်းတိုက်ခိုက်မှုတွေက မြေပြင် စစ်ရေးလှုပ်ရှားမှုနဲ့ လုံးဝဆက်စပ်ခြင်း မရှိတဲ့ တိုက်ခိုက်မှုတွေသာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာနှုန်းကျော်ရှိတဲ့ နယ်မြေတွေကို ထိန်းချုပ်ထားတဲ့ AA ရဲ့ အုပ်ချုပ်မှုအောက်မှာ လူထုအနေနဲ့ အေးချမ်းစွာ နေထိုင်လို့မရဘူးဆိုတဲ့ မှတ်ယူမှု သတင်းစကားကို စစ်ကော်မရှင်က ပေးလိုတာဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်မှုတွေက စစ်ကော်မရှင်အနေနဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေတဲ့ သဘောလို့သာ ကောက်ချက်ချရမှာပါ။
စက်တင်ဘာ ၂၆ ရက်နေ့မှာ ဗုံးကြဲခံရတဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲက ကံထူးမ ကျေးရွာ အဖြစ်အပျက်မှာလည်း ကျေးရွာကအရပ်သား ၈ ဦး နေရာမှာတင် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြပါတယ်။ တန့်ဆည်မြို့နယ်ထဲက PDF တွေ ထိန်းချုပ်ထားတဲ့ ကံထူးမကျေးရွာဟာ လမ်းဆုံလမ်းခွမှာ တည်ရှိတဲ့ ကျေးရွာကြီးဖြစ်ပြီး တန့်ဆည်မြို့ပေါ်က စစ်ဘေးရှောင်သူတွေလည်း နေထိုင်ကြတာကြောင့် ဒေသခံတွေအပြင် စည်ကားတဲ့ ကျေးရွာတရွာလို့ ဒေသခံတွေက ဆိုပါတယ်။
PDF လက်နက်ကိုင်တွေ ရဲ့ လှုပ်ရှားမှု နေထိုင်ရာနေရာတွေကို စောင့်ကြည့်ကာ လေကြောင်းကနေ တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ဒေသခံအချို့က ယူဆကြပါတယ်။ PDF တပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ ဆင်းကတ်နံပတ်ရဲ့တည်နေရာကိုနောက်ယောင်ခံလိုက်ကာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဒေသခံအချို့ အနေနဲ့ သံသယ ရှိကြတာပါ။ Mytel လို စစ်တပ်ပိုင်မဟုတ်တဲ့ မိုဘိုင်းအော်ပရေတာတွေ အနေနဲ့လည်း စစ်တပ်က မိုဘိုင်းသုံးစွဲသူနဲ့ ပတ်သက်တဲ့ အချက်အလက်၊ နေရာ၊ ကြားဖြတ်နားထောင်မှု စတာတွေကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ခွင့်ရှိလာသလို လုပ်လည်း လုပ်နေကြတာ ဖြစ်ပါတယ်။ ဒီလို ဆက်သွယ်ရေး နည်းပညာနဲ့ နောက်ယောင်ခံလိုက်နိုင်တာ တည်ရှိရာနေရာကို အတိအကျသိနိုင်တဲ့အချက်အလက်တွေကို စစ်တပ်အနေနဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေထံက အချိန်နဲ့ တပြေးညီ ရယူကောင်း ရယူနိုင်နေမှာ ဖြစ်ပါတယ်။ ဒီလို လုံခြုံရေး နဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ခြေ၊ ဆက်သွယ်ရေး ကိရိယာတွေကို နောက်ယောင်ခံနိုင်စွမ်း ရှိနေတာတွေကို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သိရှိနားလည်အောင် ကြိုးစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေက လူ့အသက်သေဆုံးမှုတွေသာမက နေအိမ်၊ ဘာသာရေးအဆောက် အဦ၊ ဆေးရုံ၊ စာသင်ကျောင်းတို့ကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်လို့ အများနဲ့ ဆိုင်တဲ့ အဆောက်အဦတွေ မှာ လက်နက်ကိုင်အဖွဲ့ဝင်တွေရော အရပ်သူ အရပ်သားတွေပါ စုဝေးနေခြင်းတွေကို သတိကြီးစွာထားပြီး အန္တရာယ်ကိုလျော့ချကြဖို့လည်း အရေးကြီးပါတယ်။
ခုနောက်ပိုင်း လေကြောင်း တိုက်ခိုက်မှုတွေက တိုက်လေယာဥ်၊ အပေါ့စား ကင်းထောက် လေယာဥ်၊ စစ်ရဟတ်ယာဥ်တို့လို သမရိုးကျယာဥ်တွေ သာမက ဂျိုင်ရိုကော့ပတာ လို့ခေါ်တဲ့ လူ ၂ ဦးဝန်းကျင်သာ လိုက်ပါစီးနင်းနိုင်တဲ့ ပန်ကာတပ် အငယ်စား ကင်းထောက်နဲ့ အသေးစား လက်နက်၊ ဒုံးကျည်တွေတပ်ဆင်ထားတဲ့ယာဥ်တွေလည်း အသုံးများလာကြတာတွေ့ရပါတယ်။ တိုက်လေယာဥ် အပေါ့ စား ကင်းထောက်ယာဥ်တွေလို ဗုံးတွေကို သယ်ဆောင်ခြင်း မပြုနိုင်သည့်တိုင် တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာ သို့မဟုတ် တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ကောင်းကင်က လျင်လျင်မြန်မြန် လာရောက်တိုက်ခိုက်နိုင်တာလည်း ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုမှာ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်သေဆုံးမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ သို့ပေမယ့် အရပ်သားတွေ နေ့စဥ်နဲ့ အမျှ ထိခိုက်သေဆုံးနေတာလည်း သတင်းတွေက သက်သေခံနေတာ ဖြစ်ပါတယ်။
ပဋိပက္ခဒေသမှာ နေထိုင်နေကြရတဲ့ စစ်ဘေးရှောင်နေကြသူတွေ ၊ စစ်ဘေး ရှောင်တိမ်းခြင်း မပြုရသေးပေမယ့် ပဋိပက္ခရဲ့ အကျိုးဆက်ကို ဆက်တိုက်ဆိုသလို ခံစားနေကြရတဲ့ ဒေသခံတွေ အနေနဲ့ စစ်ပွဲတွေကြားထဲ၊ လေကြောင်းတိုက်ခိုက်မှုတွေ အောက်မှာ အသက်ရှင်သန်ရေးနဲ့ စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကျောင်း အလုပ် လုပ်ကိုင်နိုင်ရေး တို့ကို အပြင်းအထန် ကြိုးပမ်း ရှင်သန်နေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar