Breaking News

လင်းလက်နွေဦး - မြှားသုံးစင်း ပစ်လွှတ်ခွင့်

လင်းလက်နွေဦး - မြှားသုံးစင်း ပစ်လွှတ်ခွင့်

မိုးမခ ၊ စက်တင်ဘာ ၂၇ ၊ ၂၀၂၅

နေရာက မြို့ဆင်ခြေဖုံး တစ်နေရာမှာပေါ့။ သက်ကယ်မိုး မလုံ့တလုံ၊ အိမ်ထရံ ခနိုးခနဲ့၊ ကြမ်းခင်း ကျိုးတိုးကျဲတဲ အိမ်ကလေးထဲ မိသားတစ်စု နေထိုင်ကြတယ်။ တမိသားစုလုံး ထွက်၊ ရရာအလုပ်လုပ်ကြပေမယ့် ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းနဲ့  အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ငတ်တလှည့် ပြတ်တလှည့် ဆိုလည်း မမှားပါဘူး။ နူရာဝဲဆွဲပေါ့လေ၊ စစ်မှုထမ်းဥပဒေကြောင့် လင်ယောကျ်ား ဖြစ်သူနဲ့ ဆယ်ကျော်သက် သားလေးတို့မှာ မြို့တက် အလုပ်မရှာရဲတော့ဘူး။ ထင်းခွဲ၊ ရေခပ်၊ မိလ္လာတွင်းတူး (မိလ္လာတွင်းဖော်) လုပ်ငန်းကြီးတွေကို လက်ဝါးကြီးအုပ်ထားသူတွေ ရှိနှင့်ပြီးသား။ မြို့အစွန် လယ်ယာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကူလီလုပ်ဖို့ဆိုတာလည်း အဆက်အသွယ်မရှိ။ သစ်‌ကိုင်းခြောက်တွေ ချိတ်နဲ့ ဆွဲချ ထင်းအဖြစ် ရောင်းချဖို့ကတော့ မဖြစ်နိုင်။ ရပ်ကွက်ထဲမှာ သူလိုကိုယ်လိုလူတွေက ထင်းဝယ်သုံးသူတွေ မဟုတ်ဘူး။ ဒီတော့ ဇနီးလုပ်သူနဲ့ သမီးငယ်လေးတို့ရဲ့ ဝင်ငွေကိုသာ အားထားနေရတယ်။ သူတို့က မြို့ပေါ်တက်၊ ဒိုင်ကနေ အသားလေး ငါးလေးယူ ရပ်ကွက်ထဲ လှည့်ရောင်းကြတယ်။ ရောင်းမကုန်တဲ့နေ့က အိမ်မှာ ဟင်းကောင်းစားရတဲ့နေ့၊ ဒါပေမဲ့ မျိုမကျပါဘူး။ နောက်နေ့ အရင်းနည်းလာမယ် မဟုတ်လား။ ကြာရင် အရင်းပါ ပျောက်လိမ့်။

 ဒီကြားထဲ ရှေးဝဋ်ကြွေး ပါလာတယ် ထင်ပါရဲ့၊ ခင်ပွန်းဖြစ်သူ အိမ်ထောင်ဦးစီးမှာ ရောဂါစွဲကပ်လာတယ်။ ငတ်တလှည့် ပြတ်တလှည့်ပါဆိုနေ၊ ဘယ်မှာ ဆေးရုံ ဆေးခန်း သွားပြနိုင်မလဲ။ ရပ်ကွက်ထဲ လာဖွင့်တဲ့ ဆရာဝန်လက်သစ်လေးရဲ့ တန်ဖိုးနည်း ဆေးခန်းတောင် မသွားနိုင်ဘူး။ ကုန်စုံဆိုင်လေးက စပ်ဆေးအထုပ်လေးတွေ အားကိုးရတယ်။ ပျောက်တဲ့အခါ ပျောက်လိုက်၊ ပိုဆိုးလာတဲ့ ဆိုးလာလိုက်ပေါ့။ အဖျားပျောက်၊ ချောင်းဆိုးကျန်။ ဆိုးလိုက်တဲ့ချောင်း ကြက်ညှာ ရက်တစ်ရာ မကတော့ပါဘူး။ ချောင်းဆိုးလေး နည်းနည်းခွာလာတော့၊ ဝမ်းလျှော ဝင်လာတယ်။ ဝမ်းတွေ သွားလိုက်တာ၊ လေးငါး ခြောက်ရက်လောက် ကြာလာပြီ၊ လူလည်း နုံးခွေသွားပြီး ဆိုတော့၊ ဝမ်းလျှောတာ ရပ်သွားတယ်။ ဝမ်းမသာနဲ့အုံး၊ ခေါင်းထဲက ပွင့်ထွက်တော့မယ့်အတိုင်း ကိုက်ခဲတယ်။ ခေါင်းကိုက်တယ် ခေါင်းကိုက်တယ် ထအော်လာပြန်တယ်။ ဘာရယ် မသိဘူး၊ ပျောက်ချင်တဲ့ အခါ ယူပစ်သလို ပျောက်ကင်းသွားပြန်တယ်။

တခါက အေအိုင်ဒီအက်စ်ကာကွယ်နှိမ်နင်းရေးစေတနာ့ ဝန်ထမ်း အဖွဲ့တစ်ဖွဲ့ ရပ်ကွက်ထဲ ရောက်လာဖူးတယ်။ ရပ်ကွက်ထဲက လူတွေက သတင်းပေးလိုက်တယ် ထင်ပါရဲ့၊ အိမ်ကိုလာပြီး သွေးစစ်ပေးခဲ့တယ်။ နဂ္ဂတစ်လို့ ပြောသွားတာပဲ။ ပါလာတဲ့ ဆရာဝန်ကတော့ အားဆေးနီနီလုံး‌လေးတွေ ပေးသွားပေမယ့် အဲဒီလူရဲ့ ရောဂါကတော့ အထူးအဆန်းကြီးပါပဲ။ တရက်နှစ်ရက် အနားပေးလိုက်၊ နောက် မှန်းဆမရတဲ့ ဝေဒနာပြင်းပြင်းတခု ထဖြစ်လာလိုက်ပေ့ါ။

ဖြစ်ချိန်တန်လို့ ဖြစ်ရတာ၊ ပျက်ချိန်တန်လာရင် ပျက်သွားမှာပဲ ဆိုပေမယ့် ကိုယ့်ကျမှ ကွက်ကြားလာဖြစ်တာတော့ ဘယ်သူမှ သည်းငြီးခံနိုင်မယ် မထင်ဘူး။ ရပ်ကွက်ထဲ မူးရူးအော်ဟစ် သောင်းကျန်းလွန်းလို့ တရပ်ကွက်လုံး ဆဲဆို ဝိုင်းကျိန်စာတိုက်နေတဲ့ ကောင်တောင် အကောင်းကြီး။ နေ့တိုင်း ခွက်ကပ်သောက် မူးပြဲနေနိုင်တယ်။ ဖွန်ကြောင်တဲ့ အဖိုးကြီး၊ အသက် ခုနှစ်ဆယ်နားနီးနေတာတောင် မလျော့သောဇွဲနဲ့ လိုက်နှိုက်နေတုန်း။ ကျန်းမာရေးကောင်းတဲ့ပုံပါပဲ။ ရပ်ကွက်ထဲ သာရေးနာရေးရှိရင် ရှေ့ဆုံးက ဖိုးတက်ကြွကြီး၊ အလှူငွေတွေ ဗုန်း၊ ငါးခြောက်ကြော် ပဲနှပ် မကျန် လစ်တတ်တဲ့သူကြီး ဘာမှ မဖြစ်သေးပါဘူး။ လေးပေကျော် လေ မရှူဖူးတဲ့ ကလိမ်ကကျစ်ကောင်၊ လူတွင်ကျယ်လေး၊ မျက်မမြင် အဖွားကြီးတောင် မသနားဘဲ လိမ်တတ် ပတ်တတ်တဲ့ကောင်လည်း ဟန်မပျက်ပါပဲ။ သင်္ကန်းအရေခြုံပြီး နှာပူးထတတ်၊ ဘီယာလေး တမြမြနဲ့ ကတုံးကြီးလည်း အသရေတင့်တယ်တော်မူဆဲ။ ဒီတော့ ဒီလူ့ စိတ်ဓာတ်က မြောင်းထဲထိုးကျကုန်တယ်။

 ရူးသလိုလို ပေါသလိုလိုနဲ့ အိမ်က ထွက်ပြေးသွားတယ်။ ခြေဦးတည့်ရာ သွားရင်းလှည့်ရင်း တွေ့ကြတဲ့သူတွေက ပြန်ပြောပြတယ်၊ ဘယ်ဘုရားပေါ် ရောက်နေတယ်၊ ဘယ် နတ်ကွန်းထဲ ရောက်နေတယ်‌ပေါ့။ ‌‌ ထူးဆန်းတဲ့ ရောဂါသည်ကြီး ဖူးသမျှ ဘုရားတိုင်း၊ ရောက်တဲ့ နတ်ကွန်းတိုင်း၊ အပင်ကြီးကြီး တောင်မြင့်မြင့် တောအုပ်အုပ်တိုင်း အသံကျယ်ကြီးနဲ့ ဆုတောင်းနေတတ်တယ်။ 'မြန်မြန်သေပါရစေ'...တဲ့။

နှစ်ပရိစ္ဆေဒ အတော်ကြာသွားတယ်လို့ပဲ အတိုချုပ်လိုက်ပါရ‌စေ။ အိမ်လည်း မပြန်၊ သေကံလည်း မရောက်နိုင်တဲ့ ရောဂါသည်ကြီးအတွက် ကံကောင်းမှုတွေလား မသိပါဘူး ရောက်လာတယ်။ လူဘုန်းကြီး နတ်မင်းမနေနိုင်လား၊ လူမစွမ်း နတ်မလား မသိနိုင်ဘူးပေါ့။ လူရိပ်လူရောင် ဆိုပေမယ့် လင်းလွန်းထိန်လွန်းတဲ့ ကိုယ်ရောင်ကိုယ်ဝါကြောင့် သဲသဲကွဲကွဲ မမြင်ရဘူး။ အဲလို ပုဂ္ဂိုလ်က လာတွေ့တယ်။ လူသူကင်းမဲ့တဲ့ တောနက်ကြီးထဲမှာပေါ့။ မယုံရင် ပုံပြင်လို့ မှတ်နိုင်ပါတယ်။

ဒါပေမဲ့ တကယ်ပဲ အဲဒီလူကတော့ အဲဒီပုဂ္ဂိုလ် ပေးသွားတဲ့ မြှားသုံးချောင်းနဲ့ လေးတစ်လက်ကို ရသွားပါတယ်။ ပုဂ္ဂိုလ်ထူးက ပြောသွားတယ်၊ မြှားနဲ့ လေးကို အောက်မကျစေနဲ့။ အောက်ကျရင် ကျပျောက်သွားလိမ့်မယ်။ ဒါဆိုရင် အဲဒီအရာတွေကို အဟောသိကံလို့ ခေါ်ရလိမ့်မယ်။ ဘာအကျိုးမှ ‌မပေးနိုင်ဘူးပေါ့။ ဒါပေမဲ့ လေးမှာ မြှားကိုတပ်၊ စိတ်ထဲက ယုံယုံကြည်ကြည်နဲ့ နှုတ်က လိုရာဆုတောင်းပြီး ကောင်းကင်ကို ပစ်လွှတ်လိုက်ပါ။ ပျံတက်သွားတဲ့ မြှားကို မျက်စိတဆုံး ကြည့်နေလိုက်၊ ‌လေးညှို့က လွှတ်လိုက်မြှားကို မမြင်ရတော့တဲ့ အချိန်ခဏအတွင်းမှာ တောင်းဆု‌ပြည့်နေလိမ့်မယ်လို့ မှာသွားပါတယ်။

 နှစ်ပေါင်းများစွာ ရောဂါတစ်ခုပြီး တစ်ခု ခံစားနေရတဲ့ လူကြီး၊ ဆင်းရဲမွဲတေ ချွတ်ခြုံကျနေတဲ့ လူကြီး၊ မြန်မြန်သေပါရစေလို့ ဆုတောင်းပြည့်မယ် ထင်တဲ့ နေရာဌာနတိုင်း လိုက်ဆုတောင်းနေသူကြီး၊ လက်ထဲမှာ လိုတရ မြှားသုံးစင်း ရောက်လာတယ်။ သူက ယုံကြည်သူ။ သူက စိတ်ဆန္ဒ ပြင်းပြသူ။ ဆင်းရဲပေမယ့် စဉ်းစားဉာဏ် ရှိတယ်လို့ ပြောရမှာပေါ့။ ဆင်းရဲပြီး ရောဂါဝေဒနာတွေ နှိပ်စက်ခံနေရတာတောင် ကိုယ့်ကိုကိုယ် သတ်မသေဘူးလေ။ တခြားသူတွေဆို မြှားတွေကို အစမ်း ပစ်ကြည့်တာ၊ မယုံသင်္ကာဖြစ်လို့ မြေကြီးပေါ် လွှတ်ချလိုက်တာမျိုး လုပ်မှာပေါ့။ သူမလုပ်ဘူး။ မိသားစုရှိရာကို အပြေးနှင်တယ်။ ရွှေအိုးထမ်းလာတဲ့ ဖအေတယောက်ပုံစံမျိုးပေါ့။

တခြားလူတွေရဲ့မျက်စိထဲမှာတော့ ပွဲဈေးမှာ ရောင်းတဲ့ ကစားစရာ လေးနဲ့မြှားကို လက်ကမချဘဲ၊ မိသားစုဝင်တွေ အားလုံးရှေ့မှာ မားမားကြီး ရပ်နေတယ်။ ဘာဆုတွေ တောင်းရမလဲ မဲခွဲဆုံးဖြတ်တယ်။ တယောက်တည်းဆန္ဒနဲ့ဆို မမျှတဘူးလေ။ ဒီမိုကရေစီ စံထုံးနဲ့အညီ ပထမဆုံးသော သဘောထား တရပ် ထွက်ပေါ်လာပါတယ်။ တကယ်တော့ အိမ်သားတွေက မယုံတဝက် ယုံတဝက်ရယ်။ ကြောက်တာလည်း ပါမယ်။ သေခါနီး ဒို့အဖေကြီး စိတ်ချမ်းသာ‌ပါစေတော့ဆိုတာလည်း ပါတယ်။ ညရောက်မှ လုပ်ငန်းစဖို့ ပြောလာတယ်။ ဘာမှ မဖြစ်လည်း ရှက်စရာမဟုတ်တော့ဘူးလေ။ ဘာပဲ ပြောပြော၊ အဲဒီလူနာကြီးဟာ မြှားကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့တယ်။ မြှားဟာ လေးကိုင်းကနေ သေနတ်ကျည်ဖူးလို ပြေးထွက်သွားတယ်။ မှောင်နေတဲ့ ရပ်ကွက်ထဲ ဖျက်ကနဲ မီးလာလိုက်သလိုပဲ။ ဒါပေမယ့် ဘယ်သူမှတော့ ထွက်မကြည့်ရဲကြဘူး။ လက်နက်ကြီးလား ဒရော့ဗုံးလား လေယာဉ်နဲ့ လာကျဲတာလား တွေးထင်နေကြတယ် ထင်ပါရဲ့။

မြှားကလေးဟာ အလင်းတန်းနဲ့အတူ ကောင်းကင်အမှောင်ထဲ တိုးဝင်ပျောက်ကွယ်သွားတယ် ဆိုရင်ပဲ ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိတဲ့ တိုက်အိမ်ကြီးတစ်လုံး သူတို့ ခြံဝန်းထဲ ပေါ်လာတယ်။ ပုဏ္ဏက လယ်ကူလီကမှ သမ္မာပတ်က နိုးထလာတဲ့ ရဟန္တာကို ဆွမ်းလှူရ၊ ဗိုက်ဆာဆာနဲ့ တရေးအိပ်ပြီးတော့မှ ထွန်စာခဲတွေကနေ ရွှေတုံးရွှေခဲတွေ ဖြစ်လာရတယ်။ ခုဟာက မျက်စိတမှိတ် မကြာလိုက်ဘူး။ တဲစုတ်ကလေးကနေ တိုက်အိမ်ကြီး ဖြစ်လာတယ်။

အားလုံး အံ့ဩပျော်ရွှင်သွားတယ်။ အားတက်သွားတယ်။ မြှားတွေ မပျောက်ကွယ်ခင်၊ လက်လွှတ်ဆုံးရှုံးမှု မဖြစ်ရအောင် နောက်ထပ်ဆုတွေ ဝိုင်းစဉ်းစားကြတယ်။ အဲဒီလူနာကြီးက နောက်တစင်း ပစ်လွှတ်ဆုတောင်းလိုက်တယ်။ ရွှေငွေကျောက်သံပတ္တမြားတွေ ရလာတယ်။ သားလုပ်သူက သတိပေးတယ်၊ 'အဖေ နေကောင်းအောင် ဆုတောင်းလေဗျာ'တဲ့။ နောက်ဆုံးမြှားတချောင်းဟာ 'မိသားစုအားလုံး နေ‌ကောင်း‌ကျန်းမာပါစေ'ဆိုတဲ့ ဆု ဖြစ်ပါတယ်။

တကယ် စဉ်းစားဉာဏ်နဲ့ ပြည့်စုံတဲ့ မိသားစုလေးလို့ ချီးကျူးလို့ ရမယ်ထင်ပါတယ်။

ဒါပေမဲ့ စိတ်မကောင်းစရာက ချမ်းသာ ကျန်းမာပျော်ရွှင်ရတာ တစ်ပတ်မကြာလိုက်ဘူး။ မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ တရပ်ကွက်လုံး ဘူဒိုဇာနဲ့ လာထိုးသွားပြီး တွေ့သမျှ ယောကျ်ားသားတွေအားလုံးကို ပေါ်တာဆွဲသွားပါလေရော။  သင်တန်း ခဏတက်ပြီး သားဖနှစ်ယောက် ရှေ့တန်းတနေရာ ရောက်သွားတယ်။  သေချင်တယ် တွင်တွင် ညည်းဖူးတဲ့ ဖအေက မသေဘဲ၊ သားဖြစ်သူလေး အနွှာခံလိုက်ရတယ်။ သားသေကို ပွေ့ဖက်ငိုကြွေးရင်း သူ့ခမျာ ရူးသွားရှာပေါ့။

ကဲ တကယ်လို့ ခင်ဗျားသာ အဲလို မြှားသုံးစင်း ရလာမယ်ဆိုရင် ဘာဆုတွေ လိုချင်လဲ။ စဉ်းစားပြီး ပြန်ပြောပြပါအုံး။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar