လေခဏီ - ရက်စက်ခြင်း ယူနီဖောင်းတို့မြေ
လေခဏီ - ရက်စက်ခြင်း ယူနီဖောင်းတို့မြေ
မိုးမခ ၊ စက်တင်ဘာ ၂၉ ၊ ၂၀၂၅
အသက် ၁၂ နှစ်အရွယ် ကလေးငယ်ကို ဖုန်းခိုးတယ်လို့ စွပ်စွဲပြီး ရာအိမ်မှူးနဲ့ မီးသတ်တပ်ဖွဲ့ဝင်များက ရိုက်သတ်လိုက်ကြသတဲ့။
ဒီမကြားဝံ့စရာ နှလုံးပျက်စရာ အကျည်းတန် အရုပ်ဆိုးလွန်းတဲ့ အဖြစ်အပျက်ဟာ ပြည်မြို့မှာ ဖြစ်ခဲ့တာပါ။ ရွှေဆံတော်ဘုရားကြီးနဲ့ မြို့ပေါ့။
ပြည်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ အ.ထ.က ၄ ကျောင်းနဲ့ ရွာဘဲနယ်မြေအုပ်ချုပ်ရေးမှူးရုံးကြားက တပ်စု ၁၆ အရန်မီးသတ်တပ်ဖွဲ့စခန်းမှာ ရာအိမ်မှူးနိုင်ကြီး၊ မီးသတ်တပ်စုမှူးနဲ့ မီးသတ်ရဲဘော်တွေက ကေဘယ်ဝါယာကြိုးအမာ၊ ရာဘာလက်ကိုင်တုတ်၊ လူသေစေနိုင်တဲ့ တခြားလက်နက်တွေနဲ့ ရိုက်သတ်ခဲ့ကြတာတဲ့။
ဘယ်လောက် ရက်စက်ဆိုးရွားတဲ့ စိတ်ဓာတ်တွေလဲ။ သူတို့ဟာ တကယ်တော့ ကယ်ဆယ်ရေးလူမှုရေးလုပ်သားတွေလေ။ မီးသတ်တို့၊ ကြက်ခြေနီတို့ဟာ မူလသန္ဓေပျက်ပြီး လက်ရဲဇက်ရဲဖြစ်နေတာတော့ ကြာပါပြီ။ သူတို့ရဲ့ လူမှုကယ်ဆယ်ရေး ကျင့်ဝတ်တွေနဲ့ ဝေးကွာလာတာ ၈၈ အာဏာသိမ်းပြီးကတည်းက ဆိုပါတော့။ အဲဒီမှာ အာဏာသိမ်းတုန်းက သတ်မှုဖြတ်မှု၊ နှိပ်ကွပ်မှုတွေမှာ ပါဝင်ကူညီကြသူတွေ ရှိခဲ့ပါတယ်။ ကြံ့ဖွတ်အသင်း ပေါ်လာချိန်မှာတော့ ပိုသိသာလာပါတယ်။ သူတို့ဟာ တပ်နဲ့ ကြံ့ဖွတ်ရဲ့ အမာခံတွေတောင် ဖြစ်လာပါတယ်။ ထင်ရှားတဲ့အချက်ကို ထုတ်ပြောရရင် ၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုမှာဆို ရွှေဘိုနယ်က မီးသတ်နဲ့ ကြက်ခြေနီတွေ ဦးဆောင်ဦးရွက်နေရာကထိ ပါဝင်ခဲ့ကြပါတယ်။ လူစုပေးတာကနေ ဝိုင်းဝန်းလုပ်ကြံကြတာထိပါဝင်ကြတာပါ။ ဒေါ်စုက သင်ပုန်းချေလိုက်လို့သာပါ၊ အဲဒီအရေးအခင်းမှာ သေဆုံးသူ ရာချီရှိတယ်လို့ဆိုကြပါတယ်။ လက်နက်မဲ့တွေကို လက် နက်နဲ့ လူမိုက်တွေစုဖွဲ့ပြီး ဝိုင်းရိုက်သတ်ကြတဲ့ပွဲပါ။ ထောင်ထဲက လူသတ်မှုနဲ့ နှစ်ကြီးသမားတွေကိုလဲ ထုတ်သုံးခဲ့ကြပါတယ်။ မီးသတ်နဲ့ ကြက်ခြေနီကို စစ်တပ်က အရန်လက်နက်ကိုင်အင်အားအဖြစ် ပြည်ထဲရေးအောက်မှာ ထည့်ထားခဲ့တာ ကြာပါပြီ။ ကြက်ခြေနီနဲ့ လက်နက်ကိုင်တာဆို ဘယ်လိုမှ ဆက်စပ်မရပေမယ့် လက်နက်ငယ်သင်တန်းတက်ကြရပါတယ်။ မီးသတ်ဆိုရင် တခုခုဆို ထိန်းဖို့အဆင့် ဘာညာထက် ပိုခိုင်းလာပါတယ်။ ဖမ်းဖို့ ချုပ်ဖို့ လူစုခွဲဖို့တင်မက ရိုက်နှက်ဖို့၊ နှိပ်စက်ဖို့ထိ သုံးကြပါတယ်။
အရွယ်သုံးပါးအပေါ် ရက်စက်နိုင်တဲ့စိတ်၊ အထူးသဖြင့် လူမမည် ကလေးတယောက်အပေါ် အားကောင်းမောင်းသန် ယောက်ျားကြီးတစုက အဆမတန် ဝိုင်းဝန်းနှိပ်စက်နိုင်တဲ့စိတ်ဟာ တကယ့်အုပ်စုဖွဲ့ အရိုင်းအရူးစိတ်၊ သားရိုင်းတိရစ္ဆာန်စိတ်သက်သက်ပါ။ ဒါဟာလည်း စစ်တပ်ကအခြေတည်လာတဲ့ စိတ်ပါပဲ။ ပညာမတတ်အောင် အကောင်းအဆိုး အကြောင်းအကျိုး မစဉ်းစားတတ်အောင်၊ ပြီးရင် အစာနာမဲ့အောင် လက်ယဉ်အောင် တမင်လေ့ကျင့်မွေးမြူလာတာပါ။ ခင်ညွန့်လက်ထက်ကတည်းက ဆေးပြားနဲ့အရက် sex ဗီဒီယိုတွေ ခွင့်ပြုဖြန့်ချိ တခြားကောင်းမြတ်တာ မှန်သမျှ ပိတ်ပင်ပြီး မြန်မာ့လူ့အဖွဲ့အစည်းကို သားရဲသုက်ကြောင် တုတ်ကောင်ဖြစ်အောင် စနစ်တကျ ပုံသွင်းလာတာပါ။
လူ့အသိမကပ်၊ သတ်စား မိတ်လိုက်၊ သိမ်းပိုက်ရယူ၊ ဘယ်သူ့အပူမှ မခံစားတတ်၊ ဘယ်သူ့ နာကျင်မှုမှ မသိမှတ်၊ အရှင်လတ်လတ်ကိုက်ဖြတ်စားသောက် အာဏာပါးကွက်သားတယောက်ရဲ့ ဒေါက်ဖြုတ်ရတဲ့အရသာမျိုး၊ လျှပ်စစ်ကုလားထိုင် ခလုတ်နှိပ်ရတာ ကြိုက်တဲ့ ဖီလင်မျိုး၊ ဓားနဲ့ခုတ်ဖြတ်သေဒဏ်စီရင်ရတာကို ကျေနပ်မှုမျိုး၊ သေနတ်နဲ့ တေ့ပစ်သတ်လိုက်ရတဲ့ ခံတွင်းတွေ့မှုမျိုး ပရိုဂရမ်တွေ ထည့်ပြီးသွားပြီလေ။ အဲဒီအချက်တွေဟာ မင်းအောင်လှိုင်ရဲ့ မျက်နှာမှာ အထင်းသား တွေ့ရပါတယ်။ ဘယ်ထောင့်က ကြည့်ကြည့် သွေးစွန်းနေတဲ့ နှုတ်ခမ်းကို လက်နဲ့သပ် အရသာခံနေတဲ့မျက်ခွက်ပါပဲ။ လက်အုပ်ချီနေနေ ပုဆစ်တုပ်နေနေ အဲဒီမျက်နှာခွက် ပျက်မသွားပါဘူး။ မင်းအောင်လှိုင်တင်လားဆို မဟုတ်ပါဘူး၊ ဗိုလ်ချုပ်အဆင့် စစ်ဗိုလ်တိုင်းရဲ့ မျက်နှာဆိုရင် အဲဒီပုံ လုံးဝပေါ်နေပါပြီ။ ခုတော့ ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ကြီး၊ ဗိုလ်လေးတွေ၊ တပ်သားတွေ၊ ပျူတွေထိ တပုံစံတည်း ဖြစ်သလောက်ပါပဲ။ သူတို့အားလုံး မင်းသားခေါင်း မဆောင်းကြတော့ပါဘူး။ သိုးရေမခြုံကြတော့ပါဘူး။
မြန်မာ့ယူနီဖောင်းဝတ်လောကဟာ ပုံမှန်လူ့အဖွဲ့အစည်းအောက် တော်တော်ရောက်နေတဲ့သူ အများစုနဲ့ စုစည်းထားကြတာပါ။ ငွေကြေးအဆင်မပြေသူတွေ၊ စာမေးပွဲအမှတ်နည်းသူတွေ၊ ကျောင်းမထားနိုင်သူတွေ၊ ပညာရေးလက်လှမ်းမမှီသူတွေ၊ အကျင့်ပျက်တွေ၊ အပယ်ခံတွေ၊ တာတေလံတွေ၊ ပြစ်မှုရှိသူတွေ၊ မိဖမဲ့တွေ၊ ငယ်ရွယ်သူတွေ၊ အမှီအခိုမရှိသူတွေ၊ လက်ရဲဇက်ရဲတွေ၊ အုပ်ထိန်းသူလက်လွှတ်သူတွေ၊ လူလိမ်တွေ၊ သူခိုးတွေ၊ ဂျပိုးတွေ၊ အစွန်းရောက်တွေ၊ လိင်စိတ်မပြည့်သူတွေ၊ စံလွဲတွေ၊ ဟန်ဆောင်သူတွေ၊ မာယာရှင်တွေ၊ သဘာဝလွန်တွေနဲ့ ဖွဲ့စည်းထားကြတာပါ။
အဲဒီလို တနေရာမဟုတ် တနေရာလွဲနေသူတွေက တပေါင်းတည်းစုပြီး တိုင်းပြည်နဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို အုပ်ချုပ်ဗိုလ်ကျနေကြတာ ကြာပါပြီ။ မင်းသားခေါင်းဆောင်းထားတာ ကြာလာတော့ ဘီလူးမှန်း မသိကြတော့တာပါ။ သိုးအုပ်က ကောင်ရေများတော့ တရက် တကောင် ပျောက်သွားတာ သတိမထားမိကြတော့တာပါ။ ဒါပေမဲ့ မမျှော်လင့်ဘဲ မင်းသားခေါင်း ဆွဲချွတ်ခံလိုက်ရတဲ့အခါ အစွယ်တဝင်းဝင်းနဲ့ ဘီလူးခေါင်း ပေါ်လာ၊ သွားကြားသွေးစီးကြောင်းနဲ့ မျက်နှာကြီး ထွက်လာပါတယ်။ အဲဒီတော့မှ အံ့အားသင့်ကုန်ကြတော့တယ်။ သူတော်စင်ထင်အောင် နေတတ်ခဲ့တာကိုး။ ဝတ်ရုံကို ဆွဲဖယ်လိုက်တော့ လက်သည်းကြားမှာလည်း အသားစတွေနဲ့။
တကယ်တော့ ဒီလိုရက်စက်မှုတွေဟာ သူတို့ရဲ့ နိစ္စဓူဝကိစ္စပါ။ ပါးကွက်သား စိတ်ဓာတ်တွေဟာ မီးပေါင်မြင့်လာတာပဲ ရှိပါတယ်။ နေမြင့်လေ အရူးရင့်လေပါ။ ဒါ့ကြောင့် ဒီအာဏာသိမ်းမှု ဖြစ်လာတဲ့အခါ လူစိတ်နဲ့ တွေးကြည့်လို့ ဘယ်လိုမှ မမီနိုင်တဲ့ ဆိုးယုတ်မှုတွေကို တနေ့ထက်တနေ့ အရှိန်မြှင့် လုပ်ဆောင်နေတာတွေချည်း မြင်နေ ကြားနေရတာပါ။ နိုင်ငံ့အရေးမှာ အသိဉာဏ်အမြော်အမြင်မဲ့မှုကလည်း တွေးဆကြည့်လို့တောင် မရနိုင်အောင်ပါဘဲ။ အပြုအမူနဲ့ စိတ်နေစိတ်ထားတွေကလဲ လူအနံ့အရှင်း မရှိတော့တဲ့ အဆင့်ပါ။ နိုင်ငံတခုလုံး ကြေပြုန်းပျက်ပြို ငိုသံ တောက်ခေါက်သံ အံကြိတ်သံပဲ ကျန်တော့တာ။
လူတိုင်းမှာ နာကျင်ခြင်း၊ နာကြည်းမှု၊ လမ်းပေါ်မှာ သွေးဆာနေတဲ့ ခွေးနာတွေ၊ ရပ်ရွာထဲမှာ အဓမ္မမီးတောက်မီးလျှံတွေ၊ နေရာတကာ လူအတု စိတ်အတု ကိုယ်ကျင့်အတုတွေက တလှိုင်းပြီးတလှိုင်း ဆင့်လာတာတွေကို တဖြည်းဖြည်း အင်အားပျော့ရာကနေ ငြိမ်သက်သွားမယ့် လူ့အဖွဲ့အစည်းသစ်ဆီ လျှောက်လှမ်းဖို့ ယူနီဖောင်း လောကတခုလုံး ပြုပြင်တော်လှန် ပုန်ကန်ပြောင်းလဲကြရပါမယ်။ ယူနီဖောင်းလောကရဲ့ မတော်လောဘ အရိုင်းဒေါသနဲ့ မောဟအမှောင်တိုက်ကို ဖြိုဖျက်တော်လှန်ပုန်ကန်ရင်း နောက်ထပ် သောက ဒုက္ခသစ် လှိုင်းသစ်ဖြစ်ပေါ်မယ့် လူလည်ကျမယ့် ယူနီဖောင်းသစ်တစုံ ဖြစ်မလာဖို့လဲ ကျားကန်ထိန်းကျောင်းရင်း။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar