Breaking News

မြန်မာဓာတုပညာရှင်တယောက်ဆုံးရှုံး



မြန်မာဓာတုပညာရှင်တယောက်ဆုံးရှုံး

စမ်းစမ်းတင် (မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၂၅

(ဆရာမစမ်းစမ်းတင်၏ ဖေ့စ်ဘုတ်စာမျက်နှာကနေ ကူးယူဖော်ပြပါတယ်)

အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုပင်လယ်အော်ဒေသ ဖရီးမောင့်မြို့မှာ စက်တင်ဘာ ၁၅၊ ၂၀၂၅ က ကွယ်လွန်သွားတဲ့ ဓာတုဗေဒပါရဂူဘွဲ့ရှင် ဒေါက်တာခင်နွယ်စိုးကို ဆီလီကွန်ဒေသက မြန်မာတွေ သိကြမှာပါ။
 
မရည်ရွယ်ဘဲ အမိမြေမပြန်ဖြစ်တော့ချိန်မှာ အစစအရာရာ အကူအညီပေးတဲ့လူတွေထဲ ဒေါက်တာခင်နွယ်စိုးကို ချန်ထားလို့မရပါ။
 
သူ့ထက်ငယ်တဲ့ လူတွေက မမနွယ်၊ ရွယ်တူနဲ့ ကြီးသူတွေက မနွယ်လို့ ခေါ်ကြပေမဲ့ သူ့ပညာ သူ့စေတနာကို လေးစားတဲ့အတွက် ဆရာမလို့ပဲ ခေါ်ပါတယ်။

သိရသလောက် သူဟာ ဂျပန်ကို ပညာတော်သင်သွားရောက်ခဲ့ပြီး ပါရဂူဘွဲ့ရ၊ မြန်မာပြည်ပြန် တက္ကသိုလ်ဆရာမ လုပ်၊ ဒိနောက် အမေရိကားမှာ ဆီလီကွန်တောင်ကြားမှာ ဓာတုဗေဒပညာရှင်အဖြစ်အသက်မွေးသူပါ။

သူမပြောပေမဲ့ သူနဲ့ နီးစပ်သူတယောက်က သူလုပ်နေတဲ့ သုတေသန စီမံချက်အောင်မြင်ရင် ဆီးချိုရောဂါကုထုံးသစ်ရမယ်ဆိုတာသိရ၊ ကမ္ဘာမှာရေရှားလာမယ့်တနေ့မှာ လူတွေ ရေကောင်းရေသန့်ရနိုင်အောင် သုတေသနလုပ်သူလို့လည်း ကြားဖူးပါတယ်။
 
ဒီလို လူ့အဖိုးတန် ဒေါက်တာခင်နွယ်စိုးကို ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာ စသိပါတယ်။ BAWA –Burmese-American Women Alliance မှာ အတွင်းရေးမှုးလုပ်ခဲ့တာမှတ်မိနေပါတယ်။ သူဟာ အားလပ်ချိန်မှာ
မြန်မာကလေးတွေကိုလည်း စာသင်၊ အကူအညီလိုသူမှန်သမျှ ငွေရောလူပါ အင်တိုက်အားတိုက်ကူ၊ သူ့တိုက်ခန်းလာသမျှ လူတွေကို ချက်ပြုတ်ကျွေးမွေးသူလည်း ဖြစ်ပါတယ်။ သူ့အိမ်မှာ လူတရုံးရုံးနဲ့ စည်ကားနေတာလည်း ခုထိမြင်ယောင် ...

၂၀၀၁ ခုမှာကိုယ်တိုင်လည်း မြန်မာနိုင်ငံမပြန်ဖြစ် ဒီလိုပဲ မပြန်နိုင်ကြတဲ့ တခြားဘဝတူ အမျိုးသမီးတွေကို ဒေါ်ခင်နွယ်စိုးက တတ်နိုင်သမျှကူညီသူပါ။
 
၂၀၀၂ မှာ အလုပ်ရတဲ့အခါ အင်တာဗျူးသွားမယ့် အလုပ်နဲ့ ခေတ္တနေတဲ့ အိမ်က ဝေးတော့ သူ့ အိမ်မှာ ညအိပ်ရ၊ အလုပ်ရလာတဲ့အခါ သူနဲ့ တခြား အပေါင်းအသင်းတွေက အလုပ်နဲ့ အနီးဆုံးနေရာမှာ နေထိုင်နိုင်ဖို့ အိမ်ရှာ၊ ငှားမယ့်အိမ်ကို သူပါလိုက်ကြည့်၊ အဲဒိအိမ်မှာ နေဖို့ ပြောဆိုပြီးတော့ သူနဲ့ တခြားမိတ်ဆွေတွေက ဆန်တွေ ဆီတွေ အိုးတွေ ခွက်တွေ လာပို့၊ အဲဒိတုန်းက သူပေးလိုက်တဲ့ အိပ်ရာခင်းတောင် ဝါရှင်တန်ဒီစီမှာ ၂၀၀၅ က အလုပ်ရလို့ ပြောင်းလာတဲ့ အခါ သယ်လာ၊ အမေရိကားမှာ သုညအောက်က ဘဝစရတာနဲ့ မိတ်ဆွေကောင်းရဲ့ ပစ္စည်း အမှတ်တရအဖြစ် ...

နိုင်ငံအရှေ့ခြမ်းနဲ့ အနောက်ခြမ်းဖြစ်သွားပြီးတဲ့နောက် သူနာမကျန်းတဲ့ သတင်းရ၊ နောက် သူ နေကောင်းသွားတာမို့ ဝမ်းသာ၊

၂၀၁၀ ရွေးကောက်ပွဲနဲ့ မြန်မာနိုင်ငံမှာ ဟန်ဆောင်ဒီမိုကရေစီ အရောင်ပြခေတ်မှာ ဒေါက်တာခင်နွယ်စိုး ဝါရှင်တန်ဒီစီဘက် ၂၀၁၅ ဧပြီမှာ ပေါက်ချလာပါတယ်။
 
အဲဒိအတောအတွင်း သူနဲ့ ဖုန်းပြောတော့လည်း ဗမာပြည်ပြန်ပြီး သူ့ပညာနဲ့ တိုင်းပြည်ထူထောင်ရေးမှာ ပါဝင်မယ်လို့ အားတက်သရော ပြောပါတယ်။

သူဒီစီရောက်လာမှ သူတကာတွေ အမေရိကန်နိုင်ငံသားခံယူလိုက်ပေမဲ့ သူက အမြဲတမ်းနေထိုင်ခွင့်လက်မှတ် Green Card နဲ့ပဲ နေသူမှန်း သိရ၊ သူ့ သက်တမ်းကုန် မြန်မာနိုင်ငံကူးလက်မှတ်ကို ဘယ်လို ပြန်အသက်သွင်းနိုင်မလဲဆိုတာ မြန်မာသံရုံးမှာ လာစုံစမ်းတာပါ။ အဲဒိတုန်းက မြန်မာသံရုံးက စစ်အစိုးရလက်အောက်မှာ မဟုတ်၊ အရပ်သားတပိုင်း ဦးသိန်းစိန်လက်ထက်၊
 
နောက်ပိုင်း သူ့ကိစ္စ ဘာမှ မမေးမမြန်းမစုံစမ်းပါ၊

မစုံးစမ်းပေမဲ့ မကြားချင်တဲ့ သတင်းက စက်တင်ဘာ ၁၅ မှာ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာပါတယ်။ ဒေါက်တာခင်နွယ်စိုးဆုံးပြီတဲ့၊

စမ်းစမ်းတင်
စက်တင်ဘာ ၁၆၊ ၂၀၂၅

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar