ဖလော်ဒါဟန် - စလွယ်ဝင်အိုး ပျောက်လို့ ဒုက္ခအိုးမှ ပြည်သူတို့ဘဝ
စလွယ်ဝင်အိုး ပျောက်လို့ ဒုက္ခအိုးမှ ပြည်သူတို့ဘဝ
ဖလော်ဒါဟန်
မိုးမခ ၊ စက်တင်ဘာ ၂၈ ၊ ၂၀၂၅
အဏုမြူလို့ ပြောလိုက်ရင် ဂျပန်နိုင်ငံကိုပဲ ပြေးမြင်မိတယ်။
ဝေါထရိတ်ဆန်တာလို့ ပြောရင် အမေရိကန်နိုင်ငံရဲ့ လူ့အသိုင်းအဝန်းများစွာ အသက်ဆုံးရှူံးမှူကြီးလို့သိထားပါတယ်။
ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ်များစွာကို ဗုံးကြဲ မီးရှိူ့တယ်ဆိုရင် မြန်မာစစ်တပ်ကြီးလို့ ပြောနိုင်ပါတယ်။
ဒါက ရုပ်ဝတ္ထုတွေအကြောင်းပါ။
နောက်ဆက်တွဲကတော့ ရုပ်ဝတ္ထုများနဲ့ ဆက်စပ်ပြီး သေဆုံးခဲ့ကြရတဲ့ လူသားများစွာနဲ့ အနိုင်ကျင့်ခံ နိုင်ငံရေးအကျဉ်းသားများရဲ့ ဆုံးရှုံးမှုများမှ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှူကြီးကြောင့် လူ့အသက်တွေ အများကြီး ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဥ်တွေပါ။
မှတ်တမ်းများကို လေ့လာကြည့်မည်ဆိုပါက နိုင်ငံတနိုင်ငံကို တနိုင်ငံ ကျူးကျော်လို့ memorial များအဖြစ်ကျန်ရှိခဲ့သည့်နေရာအဆောက်အအုံများကို ပြည်သူများသိအောင်ထက် အခြားသောတိုင်း တပါးသားများကိုပါ လေ့လာခွင့်ပြုထားတာမျိုးတွေ ရှိကြပါတယ်။
ကျွန်မတို့နိုင်ငံမှာရော အခုဆိုရင် ပျက်စီးခဲ့ရတဲ့နေရာဒေသစုံရဲ့ အကြွင်းအကျန်များကို မည်သို့မှတ် တမ်းတင်မှာလည်း ပြည်သူတွေအတွက် အထောက်အထားနဲ့ သက်သေ ဆိုတာ သတင်မီဒီယာကဏ္ဍမှာ တနေ့ပြော တနေ့ရေး ဆိုသည့် သဘောမျိုးနဲ့ အဆုံးသတ်လို့မရပါဘူး။
အခုဆိုရင် ကျွန်မတို့နိုင်ငံသည် အခြေခံကျသည့်ပညာရေးကိုပဲ ကြည့်ပါ။ အတည်တကျ ဆိုတာဘယ်သောအခါမျှ မရှိပါ။
တိုင်းပြည်အုပ်ချုပ်သူလို့ ခံယူလိုသူများကိုယ်တိုင် ပညာရေးကို အားမပေးခဲ့ကြတာပါ။
စာသင်ကျောင်းများစွာ တပ်စွဲခြင်းနဲ့ ဗုံးကြဲခြင်းသည် မပြုအပ်သည့် ကျူးလွန်မှုတွေပါ။
မရောင်ရာဆီလူး မိမိနဲ့ အပ်စပ်သည်၊ မအပ်စပ်သည် အလုပ်များကို ရှေ့တန်းတင် တိုင်းပြည်ရဲ့ အရှိတရားကို မျက်ကွယ်ပြုလို့ လုပ်ချင်သလို လုပ်နေသည့် ငါတကော ခေါင်းဆောင်များဖြင့်သာ မြန်မာပြည်ကြီးက အသက်ရှည်ခဲ့တာ ကြာနေပြီ။
သို့ကြောင့် ပညာရေးနဲ့ပတ်သက်လို့ အဆင့်မတူလူငယ်များစွာကိုပဲ မွေးထုတ်သည့် ပညာရေးသည်မိဘများမှ ငွေကြေးနဲ့ ပညာကုန်သွယ်ခြင်းကြောင့်သာ ပညာအဆင့်အတန်းတခုကို ရပ်တည်နေကြရတာပါ။
ပညာရေးဖိုရမ်
ကျောင်းမာရေးဖိုရမ်
စီးပွားရေးဖိုရမ်
နိုင့်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဖိုရမ်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာဖိုရမ် စသည့် တိုင်းပြုပြည်ပြု အကျိုးပြုသည့် ဖိုရမ်များအကြောင်း ယနေ့အချိန်အထိ မတွေ့ရပါ။
မြန်မာစစ်ခေါင်းဆောင်အတွက် ၅ နှစ်တာ ကာလအတွင်း လားလားမျှ စိတ်ဝင်စားမှူမရှိသလို ပါဝင်ပတ်သက်ဖို့ အရည်အချင်းကလည်း လိုအပ်ချက်များစွာနဲ့ပါ။
ပြည်သူထံမှ အာဏာကိုရယူထားခြင်းမှ တဖက်ပိတ်ဝါဒကိုကျင့်သုံးနေသူပါ။ တိုင်းပြည်ကို လက်နက်နဲ့ တည်ဆောက်ထားသလို အာဏာဆိုသည့် အာဏာရှင်စနစ်ကိုသာ ဦးတည်နေတာ ဖြစ်ပါတယ်။
ယနေ့အချိန်အထိ စကမ ကို တက်ရောက်ဖို့ ဖိတ်ခေါ်သည့် အစည်းအဝေးနှင့် အခမ်းအနားများသည် စစ်သုံးလက်နက်နှင့်ပတ်သက်သည့် အစည်းအဝေးများပင် များပါတယ်။
ဒါကလည်း အာဏာရှင်နိုင်ငံများ အချင်းချင်း မိတ်ဖက်ဖြစ်ဖို့ မဲဆွယ်သည့်ပွဲ ဖြစ်သလို တွေ့ဆုံမှုတိုင်းမှာ ချပြစရာမရှိသည့် ပြည်တွင်းအခြေအနေ ဆုံးရှုံးမှုများမှ ကျရှုံးမှုကြီးကို မျက်လှည့်ပြ ရောင်းစားခံအဆင့်ပါပဲ။
ကျွန်မတို့ပြည်သူတွေအတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဟူသည့် လမ်းစဉ်မှာ ခေါင်းဆောင်ကောင်းရှိဖို့ လိုသလို စနစ်ကောင်းနဲ့ ဥပဒေ ဆိုသည်ကိုလည်း ချမှတ်ထားသူများကိုယ်တိုင် လိုက်နာဖို့တော့ လိုပါလိမ့်မယ်။
၅ နှစ်တာ ကာလအတွင်း မအလ သွားခဲ့သည့် ပြည်ပခရီးစဉ်များသည် ပြည်သူအတွက် ခရီးစဉ် ဟူ၍ မရှိသလို ပြည်သူအကျိုးပြုလုပ်ငန်းများအတွက် မိန့်ခွန်းလည်း မရှိပါ။
အဓိက မိမိအာဏာမြဲဖို့ လက်နက်ကို လိုသလောက်ရရှိဖို့ ပြည်တွင်းသံယာဇာတပစ္စည်းများကိုဖောဖောသီသီ လိုက်လံရောင်းချနေသည့် အနေအထားအဆင့်မျှသာ ဖြစ်သည်။
ဒါထက်ဆိုးသည်က သန်း ၅၀ ကျော်သော ပြည်သူတို့ရဲ့ ဆန္ဒနဲ့ လိုအပ်ချက်ကို ဘယ်သောအခါမျှဦးစားမပေးခဲ့ခြင်းပါပဲ။
စစ်ခေါင်းဆောင်ကိုယ်တိုင်မှာလည်း ၅ နှစ်တာကာလ ပြည်သူရဲ့ထောက်ခံမှု မရသလို ပြည်သူတွေရဲ့ဘဝကို ဖျက်ဆီးခဲ့သည့်နှစ်များလို့ပင် ပြော၍ရနိုင်သည့် အခြေအနေပါ။
တလောက ပတ်ဝန်းကျင်နိုင်ငံကို မပြောအပ်သည့် အပြောမျိုးဖြင့် နှုတ်ဝစီ မစောင့်မထိန်း ပြောကြားခဲ့သေးသည်။
မိမိကိုယ်တိုင်မှာ တိုင်းပြည်အေးချမ်းဖို့ ဆိုသည်ထက် အာဏာမြဲဖို့ ရပ်တည်နေသူ ဖြစ်သည်ကိုပင်မေ့လျောထားဟန်ပါပဲ။
အနီးပတ်ဝန်းကျင်နိုင်ငံများ ဖြစ်သည့် သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ နီပေါ၊ ဖိလစ်ပိုင်တို့ရဲ့ ၅ ရက်တာ ပြည်သူ့အသံများသည် တိုင်းပြည်ခေါင်းဆောင်များရဲ့ အသိနဲ့ပညာကို လှုံ့ဆော်ခဲ့ကြသလို တာဝန်ရှိသူများမှလည်း အသီးသီးနုတ်ထွက်ခြင်းဖြင့် ပြည်သူကို လေးစားသည့်သဘောဆောင်သည့် လုပ်ရပ်များလုပ်ဆောင်ခဲ့ကြသူတွေပါ။
မိမိတို့နိုင်ငံသားအတွက် အချိန်နဲ့ လူ့တန်ဖိုးကို ဖြတ်ကျော်ခွင့်ပေးခဲ့သူများလို့ ဆိုနိုင်ပါတယ်။
ယနေ့အချိန်အထိ မအလ ဆိုသည်မှာကား လူမဟုတ်လူယုတ်ဘဝမှာ ပြည်သူကို အချိန်မပေး တန်ဖိုးမထား၊ ငါတကောနဲ့ အတ္တတောမှာ တိုင်းပြည်ရဲ့ အရင်းအမြစ်ဟူသမျှ ပျက်စီးဆုံးရှုံးခြင်း ဖြစ်သာ ခရီးဆက်နေဆဲပါ။
အခုလည်း နျူးကလီးယားဖိုရမ် ဆိုသည့်အင်အားကြီးနိုင်ငံများအလယ်မှာ ဘာတွေများ ပြောပြီး ဘာတွေ အာမခံချက်ပေးအုံးမယ် မသိပါ။
တိုင်းပြည်ကို မြေမြှုပ်သတ်နေခြင်းပါ။
ပြည်သူတယောက်အနေနဲ့ မိမိတိုင်းပြည်ကို အားမနာတမ်း ဝေဖန်ပြစ်တင်ပြောနေသည် မဟုတ်ပါ။
တကယ်လက်ရှိ အရှိတရားကို မျက်ကွယ်မပြုကြဖို့ပါပဲ။ ကျွန်မတို့ ပြည်သူတွေမှာ လေးစားအားကျစရာတွေလည်း အများကြီးပါ။
တိုင်းပြည်က စုတ်ပြတ်သတ်နေပေမဲ့ ပြည်သူက မိမိတို့ဘဝကို မိမိတို့ ကယ်တင်ရင်း ရုန်းကန်နိုင်တဲ့အနေအထားပါ။
ဒီအနေအထားမှာ ပြည်သူကို မျက်နှာပြောင်တိုက် လေယာဉ်ပေါ်တက် ပြုံးပျော်လက်ပြ နှုတ်ဆက်ရဲတဲ့ ဒီလိုလင်မယားမျိုး ကမ္ဘာမှာ ရှိမယ် မထင်ပါ။
မြန်မာပြည်ကြီးမှာတော့ အရှက်နဲ့သိက္ခာ ဆိုတာ စစ်ခေါင်းဆောင်တွေအတွက် မဟုတ်ဘဲ ပြည်သူများအတွက်လို့ ပြောရမှာပါ
စလွယ်ဝင်အိုးနဲ့တောင် မေတ္တာတရားမပေးနိုင်တဲ့တိုင်းပြည်မှာ မအလ နဲ့ စစ်ကျွန်တစု ပေးတဲ့ဒုက္ခအိုးကြီးက ဘယ်အချိန်အထိ ပြည်သူတွေ ခရီးဆက်နေကြရအုံးမယ်ဆိုတာ မသိနိုင်ပေမဲ့ တနေ့တော့ ရောင်နီပေါ်လာမယ်လို့တော့ ထင်မိပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar