မြန်မာနိုင်ငံက ပြည်သူတွေကို ထိုးနှက်လိုက်တဲ့ လောင်စာဆီပြဿနာ
မြန်မာနွေဦးခရိုနီကယ် - မတ် ၂၅ မြင်ကွင်း
(မိုးမခ) မတ် ၂၆ ၊ ၂၀၂၆
မြန်မာနိုင်ငံက ပြည်သူတွေကို ထိုးနှက်လိုက်တဲ့ လောင်စာဆီပြဿနာ
နေ့စဥ် သတင်းတွေထဲမှာ ကားရှိသူ၊ ဆိုင်ကယ်ရှိသူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ အသက်မွေးနေသူတွေ အားလုံး ညအိပ်ရာမဝင်ခင်ကနေ မနက်မိုးစင်စင် မလင်းခင် ခေါင်းထဲရောက်လာတဲ့ အရာက လောင်စာဆီ တန်းစီဖို့၊ ရရှိဖို့ ဖြစ်နေပါတယ်။ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေရဲ့ သက်ရောက်မှုက သီတင်း ၃ ပတ်ကို ကျော်လာချိန် တဖြည်းဖြည်း အပူချိန်မြင့်တက်လာတဲ့ နွေရာသီနဲ့အတူ လောင်စာဆီ ရှားပါးမှုကလည်း တရစ်ပြီးတရစ် မြင့်တက်လာခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှာ ရန်ဖက်နိုင်ငံတွေကို ဖြိုချပြီး ခုထက် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံ နယ်နိမိတ် ချဲ့ထွင်ဖို့ ရည်မှန်းထားတဲ့ အစ္စရေးလ်နဲ့ အီရန်နိုင်ငံရဲ့ ရေနံသယံဇာတတွေကို တူးဖော်လုပ်ကိုင်ခွင့်မရတာ၊ ရေနံကို ဒေါ်လာငွေနဲ့ ရောင်းချတဲ့ စနစ်ကို အန်တုလာတာတွေကြောင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ နဲ့ တင်းတင်းကျပ်ကျပ် အုပ်ချုပ်တဲ့ အစိုးရကို ဖြုတ်ချဖို့ အကြံအစည်ရှိတဲ့ အမေရိကန်တို့ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့ မှာ စတင်တိုက်ခိုက်ခဲ့ရာက အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့နိုင်ငံတွေ၊ အီရန်၊ အစ္စရေးလ်နဲ့ လက်ဘနွန်တို့အထိ စစ်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းက တကမ္ဘာလုံးကို သက်ရောက်တဲ့ ရေနံ အကျပ်အတည်း ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ရေနံ အကျပ်အတည်းမှာ ဈေးနှုန်းကြီးမြင့်တဲ့ ဒဏ်ပဲခံစားရပြီး ရေနံထွက်လောင်စာဆီနဲ့ ဓာတ်ငွေ့ပြတ်လပ်မှုဒဏ် မခံစားရတဲ့ နိုင်ငံအချို့ ဒေသအချို့ရှိပေမယ့် သယံဇာတ ရောင်းချမှုမဟုတ်ဘဲ ကုန်ထုတ်လုပ်မှုနဲ့ နိုင်ငံရဲ့ စီးပွားရေးကို လည်ပတ်နေကြတဲ့ အရှေ့အာရှနိုင်ငံတွေက ရေနံလောင်စာဆီ ပြတ်တောက်မှုရဲ့ အကျိုးဆက်ကို ထိပ်ဆုံးက ခံကြရတာ ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံတွေအနက် ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ တရုတ် နဲ့ တောင်ကိုးရီးယားတို့လို နိုင်ငံတွေက အရန်လောင်စာဆီ အတိုင်းအတာတခုထိ သိုလှောင်ထားနိုင်ကြတာကြောင့် အခုအချိန်ထိ အနည်းငယ် ဣန္ဒြေရနေကြသေးပေမယ့် အဲလိုမဟုတ်တဲ့ နိုင်ငံတွေအဖို့တော့ လောင်စာဆီ ချွေတာရေးနဲ့ လူနေမှု ဘဝတခုလုံး ရပ်တန့်သွားနိုင်တဲ့ အကျပ်အတည်းအခြေအနေမျိုး မရောက်အောင် နည်းလမ်းအမျိုးမျိုးနဲ့ စီမံခန့်ခွဲနေကြတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား တို့လို အာဆီယံနိုင်ငံတွေမှာလည်း အစိုးရတွေ အနေနဲ့ ချွေတာရေး အစီအမံ၊ အိမ်နီးချင်း အရန်လောင်စာဆီ သိုလှောင်ထားတဲ့ နိုင်ငံကြီးတွေကို အကူအညီတောင်းတာမျိုးတွေ လုပ်ဆောင်နေကြတာ ကြားသိနေရပါတယ်။
ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအဖို့ကတော့ ဒီဒေသတွင်းက ရေနံအကျပ်အတည်း ရင်ဆိုင်နေကြရတဲ့ နိုင်ငံတွေထက်ကို ပိုမိုဆိုးရွားတဲ့ သက်ရောက်မှုတွေ ခံစားရမယ့် အရိပ်လက္ခဏာတွေ တွေ့မြင်နေရတာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်ကြောင့် ကုန်စည် ကူးသန်းရောင်းဝယ်မှုတွေ ချောမွေ့ခြင်း မရှိတဲ့ အနေအထား၊ အတားအဆီး အကန့်အသတ်ပိတ်ဆို့မှုတွေက နိုင်ငံတွင်းမှာ ရှိနေတဲ့ အခြေအနေမျိုးမှာ လောင်စာဆီ ပြတ်လပ်မှုရဲ့ သက်ရောက်မှုက ပိုဝေးကွာတဲ့ ဒေသ၊ ပဋိပက္ခပိုပြင်းထန်တဲ့ ဒေသ၊ သွားလာရေး ပိုခက်ခဲတဲ့ဒေသတွေကို ပိုပြီး သက်ရောက်မှု ကြီးမားစေပါတယ်။ ထိုင်းနိုင်ငံထက် တနေ့ လုပ်ခဝင်ငွေပိုနိမ့်တဲ့ မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ ထိုင်းနိုင်ငံမှာ မြင့်တက်လာတဲ့ လောင်စာဆီ ဈေးနှုန်းထက် ၂ ဆကနေ ၃ ဆအထိနှုန်းထားနဲ့ ပေးဝယ်နေရတာကို တွေ့မြင်နေရပါတယ်။ ဥပမာအားဖြင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ယခင်နယ်စပ်ဖြတ်ကျော်ပြီး တင်သွင်းနေခဲ့ပေမဲ့ အခုလက်ရှိ အိမ်နီးချင်းနိုင်ငံတွေက နယ်စပ်ဖြတ်ကျော် သယ်ယူခွင့်မပေးတော့တဲ့ ရှမ်းမြောက်တို့လို ဒေသတွေမှာ ဓာတ်ဆီ တလီတာကို ကျပ် ၁ သောင်းကနေ ၁ သောင်းခွဲကြား ဝယ်ယူသုံးစွဲနေကြရတဲ့ အနေအထား ဖြစ်ပါတယ်။
ဒီဈေးနှုန်းနဲ့ စိုက်ပျိုးရေး ထွက်ကုန်ပို့ဆောင် ရောင်းဝယ်ဖို့၊ အခြားဒေသက ထွက်ရှိတဲ့ ကုန်ပစ္စည်းဝယ်ယူဖို့ ဖလှယ်ရောင်းချဖို့ ပိုမိုခက်ခဲကျပ်တည်းလာတဲ့အခြေအနေ ဖြစ်ပါတယ်။ ကျန်းမာရေး မကောင်းလို့ ဆေးဝါးကုသဖို့ တမြို့ တရွာ သွားလာဖို့လည်း လောင်စာဆီ ဈေးနှုန်းကြီးမြင့်မှုကြောင့် ပိုပြီးခက်ခဲလာနေပါတယ်။
မြို့တွေမှာ လောင်စာဆီ တန်းစီကြတဲ့ မြင်ကွင်းတွေက နေ့စဥ် သတင်းတွေနဲ့ လူမှုကွန်ရက်မီဒီယာတွေမှာ ပြည့်လျှံနေတာ တွေ့ကြရပါတယ်။ မိသားစု သုံးဖို့ဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်း သုံးဖို့ဖြစ်ဖြစ် လောင်စာဆီ တခါထည့်နိုင်ဖို့အတွက် ၂ နာရီကနေ ၃ နာရီ အချိန်ပေးပြီး တန်းစီဝယ်ယူနေကြရတာ ဖြစ်ပါတယ်။ နွေရာသီရဲ့ အပူဒဏ်အောက်မှာ လောင်စာဆီတန်းစီရင်း မူးလဲတာ၊ ကျန်းမာရေးပြဿနာဖြစ်တဲ့အထိ ထိခိုက်မှုတွေလည်း ရှိနေတဲ့ သတင်းတွေ တွေ့နေကြရတာ ဖြစ်ပါတယ်။
စုံရက်၊ မ ရက် ခွဲပြီး ကိုယ်ပိုင်ယာဥ် သုံးစွဲခွင့် သတ်မှတ်တာ၊ ကားလိုင်စင် အထောက်အထားနဲ့ စကင်ဖတ်ပြီး ဝယ်ခွင့်ပေးတာတွေအထိ အမျိုးမျိုးသော စမ်းသပ်လုပ်ဆောင်မှုတွေနဲ့ လူတွေရဲ့ ဘဝတွေ ခက်ခဲကျပ်တည်းနေကြရတာ ဖြစ်ပါတယ်။
သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်မီဒီယာတွေမှာ အများစု တွေ့နေကြရတာက သယ်ယူပို့ဆောင်ရေးယာဥ်တွေ လောင်စာဆီဝယ်ယူရတဲ့ ဒုက္ခတွေဖြစ်ပါတယ်။ စိုက်ပျိုးရေး နဲ့ ကုန်ထုတ်လုပ်မှု၊ အခြားအသေးစား အိမ်တွင်းစီးပွားရေး လုပ်ငန်းသုံးဖို့ လောင်စာဆီရောင်းချပေးတဲ့ စီမံမှုတွေ အကြောင်း နဲ့ အခက်အခဲတွေအကြောင်း သိပ်မတွေ့ကြရပါဘူး။ လောင်စာဆီ အခက်အခဲကြောင့် စိုက်ပျိုးရေးထွက်ကုန် ဟင်းသီးဟင်းရွက်တွေ ဈေးကွက်ကို မြန်မြန်ဆန်ဆန် မတင်ပို့နိုင်တာ၊ သယ်ပို့ခ ဈေးမြင့်တက်သွားတာကြောင့် ကုန်ဈေးနှုန်းမြင့်တက်တဲ့ အကြောင်းအရာတွေက ဟိုတကွက် သည်တကွက်သာ တွေ့နေကြရတာ ဖြစ်ပါတယ်။
စပါးစိုက်ပျိုးရေး အနေနဲ့ အခုရာသီဟာ နွေစပါး ရိတ်သိမ်းရာသီဖြစ်ပြီး လောင်စာဆီ ဘယ်လို ဝယ်ယူနေကြရသလဲ ကုန်ကျစရိတ်တွေ မြင့်တက်ပြီး ဆန်စပါးစျေးအပေါ် ဘယ်လို သက်ရောက်မလဲ ဆိုတာ အသေးစိတ် အချက်အလက်တွေတော့ မသိကြရပေမယ့် ကုန်ချောဈေးကွက် ဖြစ်တဲ့ ဆန်စျေးတွေ တပြည်ကို ထောင်ဂဏန်းနဲ့ ချီမြင့်တက်နေတဲ့ သတင်းတချို့တော့ ကြားသိနေရပါတယ်။ ပေါ်ဆန်းမွှေး တပြည်ကို လောင်စာဆီအကျပ်အတည်း မဖြစ်ခင်က ၇ ထောင်ကျပ်ကနေ အခုအခါ တသောင်းကျော် ရောက်ရှိလာပြီလို့လည်း ရေးသားထားတာတွေ့ရပါတယ်။
စားရေး သွားရေးတင်မကပဲ သေရေးမှာလည်း လောင်စာဆီ ဂယက်က ရိုက်ခိုက်လာနေတာ တွေ့ရပါတယ်။ စည်ပင်သာယာရေးက တာဝန်ယူထားတဲ့ မီးသင်္ဂြိုဟ်စက်တွေမှာ ဒီဇယ်ဆီ အခက်အခဲနဲ့ ချွေတာနေရတာကြောင့် ရုပ်အလောင်း မီးသင်္ဂြိုဟ်ရာမှာ အခက်အခဲရှိနေတဲ့ သတင်းတွေလည်း တွေ့နေကြရပါတယ်။ မြန်မာနိုင်ငံလို ပြဿနာပေါင်းစုံနဲ့ ပတ်ချာလည်နေတဲ့ နိုင်ငံသာမက ထိုင်းနိုင်ငံမှာပင်လျှင် အချို့သောဒေသတွေမှာ ဒီဇယ်ဆီ ဝယ်ရ ခက်ခဲတာကြောင့် နာရေး မီးသင်္ဂြိုဟ်ရာမှာ ထင်းနဲ့ မီးသွေးတွေ သုံးနေကြရတဲ့ သတင်း၊ နာရေးရှင်ကို ဒီဇယ်ရှာဖွေ ယူဆောင်လာဖို့ နှိုးဆော်တဲ့ သတင်းတွေလည်း ဖတ်ရှုနေကြရတာ ဖြစ်ပါတယ်။
အခုလို လောင်စာဆီ ရှားပါးမှု၊ လေယာဥ်ဆီ မလုံလောက်မှုတွေ ဖြစ်ပေါ်နေသည့်တိုင် အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ရပ်နားသွားခြင်း မရှိသေးပါဘူး။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်၊ ကချင်ပြည်နယ်၊ မြန်မာနိုင်ငံတောင်ပိုင်းတို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ အခုရက်တွေအထိ နေ့စဥ် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ကမ္ဘာနိုင်ငံအသီးသီးမှာ လောင်စာဆီ အကျပ်အတည်း ရင်ဆိုင်နေရသလို မြန်မာပြည်သူလူထုလည်း လောင်စာဆီ အကျပ်အတည်း ရင်ဆိုင်နေရချိန် အာဏာသိမ်းစစ်တပ် အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်ဆိုင်းခြင်း မရှိတဲ့အဖြစ်က အတော်လေး ရုပ်ဆိုးတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေက သမိုင်းမှာ မှတ်တမ်းတင်ထားရမဲ့ အဖြစ်အပျက်တွေ တနိုင်ငံလုံး ဒုက္ခရောက်နေသည့်တိုင် စစ်ရေးအရ တိုက်ခိုက်ဖို့ လေကြောင်းက တိုက်ခိုက်ဖို့ကိုသာ အခြားသောအရေးကိစ္စအားလုံးထက် ဦးစားပေးတဲ့ အဖြစ်က အဆိုးဆုံး သမိုင်းစာမျက်နှာတွေကို ရေးသားမှတ်တမ်းတင် နေတာလို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar