Breaking News

မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ရိုးတလျှောက်က MDY-PDF ထိန်းချုပ်နယ်မြေတွေ

မြန်မာနွေဦးခရိုနီကယ် - မတ် ၂၄ မြင်ကွင်း

(မိုးမခ) မတ် ၂၅ ၊ ၂၀၂၆


မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ရိုးတလျှောက်က MDY-PDF ထိန်းချုပ်နယ်မြေတွေ 

မြန်မာနိုင်ငံ အလယ်ပိုင်းလို့ ဆိုရင် နိုင်ငံမြေပုံရဲ့ မြောက်ဘက်အဖျားကနေ သင်္ဘောဆိပ်ကမ်းမြို့ ဖြစ်တဲ့ ရန်ကုန်အကြား တောင်နဲ့ မြောက်ရဲ့ အလယ်က မန္တလေးမြို့လို့ ဆိုလို့ရပါတယ်။ အလားတူပဲ အရှေ့ဘက် ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ အနောက်ဘက် ရခိုင်နဲ့ချင်းပြည်နယ်အစပ်အကြားတို့ရဲ့ အလယ်လောက်မှာ မန္တလေးမြို့က တည်ရှိတာဖြစ်လို့ မြန်မာနိုင်ငံရဲ့ အလယ်တည့်တည့်နေရာလောက်မှာ တည်ရှိပြီး တောင်နဲ့ မြောက်ဖြတ်သန်းစီးဆင်းနေတဲ့ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက် တောင်တန်း၊ ကုန်းမြင့်တွေအကြား အလယ်လွင်ပြင်မှာ တည်ရှိတာဖြစ်ပါတယ်။ 

မန္တလေးမြို့ဟာ အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး နဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေး ၂ ခုလုံးရဲ့ လမ်းဆုံဖြစ်သလို မြန်မာနိုင်ငံ မြောက်ပိုင်း၊ အနောက်မြောက် နဲ့ အရှေ့မြောက်ဒေသတွေအားလုံးကို ဆက်သွယ်ရာ လမ်းဆုံမြို့ လူဦးရေဒုတိယအများဆုံး နေထိုင်တဲ့မြို့လည်း ဖြစ်ပါတယ်။ 

အဆိုပါဒေသတွေကို ဆက်သွယ်ထားတဲ့ အဓိက လမ်းဆုံနေရာမှာ တည်ရှိလို့ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ စစ်ရေး အရပါ အဓိကကျတဲ့ မြို့ဖြစ်တာကြောင့် ၁၀၂၇ စစ်ဆင်ရေးကာလတွေမှာ တော်လှန်ရေးအင်အားစုတွေ နောင်ချိုမြို့ကနေ ပြင်ဦးလွင်မြို့ အနီးအနားထိ ထိုးဖောက်ချဥ်းကပ်လာနိုင်ချိန်မှာ အာဏာသိမ်းစစ်တပ် အနေနဲ့ မန္တလေးမြို့ကို စိုးရိမ်ခဲ့ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီကာလတွေက တော်လှန်ရေးအင်အားစုတွေ အနေနဲ့ နောင်ချို၊ မတ္တရာ အထိ သိမ်းယူနိုင်ခဲ့ကြပြီး မန္တလေးမြို့နဲ့ မိုင်အနည်းငယ်သာဝေးတဲ့ ဆည်တော်ကြီး ရေလှောင်တမံ၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်းရှိရာနေရာတွေအထိ နေရာယူ ထိန်းချုပ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ အနေနဲ့ မန္တလေးမြို့ မြောက်ဘက်ကနေ တောင်ဘက်ကို တဖြည်းဖြည်း နယ်မြေသိမ်းယူလာဖို့ ကြိုးစားခဲ့ကြရာမှာ နောင်ချိုမြို့ကို သိမ်းယူပြီးနောက် တောင်းခမ်းကျေးရွာအနီးက တိုက်ပွဲတွေမှာ ၁ နှစ်ဝန်းကျင် တန့်နေခဲ့တာ ဖြစ်ပါတယ်။ တောင်းခမ်းကို သိမ်းယူနိုင်ခဲ့ရင် ရှမ်းမြောက်ကနေ ကျောက်ဆည်လွင်ပြင် အထိ လမ်းပွင့်သွားမယ့် အနေအထားဖြစ်ပြီး မန္တလေးမြို့ကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားမျိုးထိ ရောက်ရှိနိုင်မှာ ဖြစ်ပေမယ့် စစ်ရေးအနေအထားတွေက တောင်းခမ်းကို သိမ်းယူနိုင်ခြင်း မရှိခဲ့ပဲ TNLA နဲ့ အတူ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တို့က နှစ်ပေါက်အောင် ထိုးစစ်ရော ခံစစ်နှစ်မျိုးလုံးနဲ့ တိုက်ခိုက်ခဲ့ကြပြီးနောက် ၂၀၂၅ ခုနှစ်ထဲမှာ တောင်းခမ်းကနေ မြောက်ဘက်ကို ဆုတ်ခွာခဲ့ကြရတာ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်အကုန်ပိုင်းက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုအမြင့်ဆုံးကာလလို့ ဆိုနိုင်တဲ့ ၂၀၂၄ ခုနှစ်နှောင်းပိုင်း အထိ တော်လှန်ရေးအင်အားစုတွေရဲ့ စုစည်းမှု၊ လက်နက်ခဲယမ်းနဲ့ နည်းပညာ ရရှိမှု မဟာမိတ်အင်အားစုတွေ အကြား စုစည်းထိုးစစ်ဆင်နိုင်မှုတွေက အားသာချက်တွေ ဖြစ်ခဲ့ပါတယ်။ 

၂၀၂၅ ခုနှစ်အတွင်းမှာ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ အထက်ပိုင်းကို ဆက်သွယ်ထားတဲ့ ထောက်ပံ့ရေးလမ်းကြောင်းရဲ့ အချက်အချာ၊ စစ်ရေးအရ မဟာဗျူဟာကျတဲ့ နေရာတွေကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားကနေ နယ်မြေတွေကို တဖြည်းဖြည်း ပြန်လက်လွှတ်ခဲ့ရတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ ၂၀၂၅ 

နှစ်ဦးမှာ MNDAA နဲ့ စစ်ကောင်စီ အပစ်ရပ်စဲခဲ့ခြင်းက အာဏာသိမ်းစစ်တပ်အဖို့ စစ်မျက်နှာတချို့ကို လျှော့ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေ ပြန်လည်သိမ်းယူနိုင်ပြီးနောက် ယမန်နှစ် အောက်တိုဘာလမှာ TNLA နဲ့ အပစ်ရပ်ခဲ့ပြန်ပါတယ်။ မိုးကုတ်နဲ့ မိုးမိတ်ကို ပြန်လည်လွှဲအပ်ပေးဖို့ သဘောတူခဲ့တာကြောင့်  MDY- PDF တပ်ဖွဲ့အနေနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းကနေ မြောက်ဘက် အစပ်ထိ ဧရာဝတီမြစ် အရှေ့ခြမ်းက တောင်မြောက်တန်းပြီး တည်ရှိနေတဲ့ ဒေသတွေကို ထိန်းသိမ်းထားဖို့ တာဝန်ရှိလာတာ ဖြစ်ပါတယ်။ မတ္တရာ၊ သပိတ်ကျဥ်း၊ စဥ့်ကူး နဲ့ တကောင်း စတဲ့မြို့တွေကို ကာလတခုထိ ထိန်းချုပ်ထားခဲ့တဲ့ MDY-PDF တပ်ဖွဲ့အဖို့ ဒီဒေသတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လက်နက်၊ ခဲယမ်း၊ စစ်ရေးဦးဆောင်မှု နဲ့ ရံပုံငွေ အစရှိတဲ့ လိုအပ်ချက်တွေအားလုံး ပြည့်စုံဖို့အတွက် စိမ်ခေါ်မှုတွေ ရှိလာတာလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ MDY-PDF အဖွဲ့တွင်း အုပ်စုကွဲတဲ့ အဖြစ်ပေါ်ထွက်လာပြီး ခေါင်းဆောင်တွေထဲက ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အဖြစ်အပျက်က ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ မိုးကုတ်မြို့ ကို ပြန်လည်မလွှဲပြောင်းမီ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ မိုးကုတ်မြို့နဲ့ ဆက်သွယ်ထားတဲ့ ဖော့တောလမ်းဆုံ တိုက်ပွဲလိုမျိုးမှာ သဘောထားကွဲလွဲမှုတွေ စတင်ခဲ့ကြတယ်လို့ ပြောဆိုမှု တချို့ရှိခဲ့ပါတယ်။ 

TNLA က အပစ်ရပ်သွားချိန် မိုးကုတ်နဲ့ မိုးမိတ်တို့ကို ပြန်လည်လွှဲအပ်ပေးခဲ့ချိန်မှာ မန္တလေးတိုင်းရဲ့ အရေးပါတဲ့ ဧရာဝတီ မြစ်အရှေ့ဘက်ကမ်း တလျှောက်ကို ထိန်းချုပ်ထားတဲ့ MDY-PDF အဖို့ အဖွဲ့တွင်းသဘောထားကွဲလွဲမှု ပြဿနာကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ 

MDY-PDF က ထိန်းချုပ်ထားတဲ့ ဒေသတွေဟာ ရွှေတွင်းလုပ်ကွက်တွေ ရှိတဲ့ဒေသဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေအဖို့  ဘဏ္ဍာရေးအရင်းအမြစ်အတွက် အရေးကြီးတဲ့ ဒေသတွေဖြစ်သလို ရှမ်းမြောက်ဒေသနဲ့ ဧရာဝတီမြစ် နောက်ဘက်ခြမ်း စစ်ကိုင်းဒေသတို့အကြား ကြားခံဆက်သွယ်ရေးနယ်မြေ တခုလည်း ဖြစ်ပါတယ်။ 

Local PDF လို့ ခေါ်ဆိုတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ NUG လက်အောက်က PDF တပ်ရင်းတွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းကို အရှေ့မြောက်ဒေသနဲ့ မြောက်ဘက်က တော်လှန်ရေးအင်အားစုတွေနဲ့ အဆက်အစပ် ဖြတ်တောက်ဖို့ ဆိုရင် မန္တလေးတိုင်းထဲက မတ္တရာ၊ သပိတ်ကျဥ်း၊ စဥ့်ကူး၊ တကောင်းစတဲ့ ဒေသတွေက အရေးပါတဲ့ နယ်မြေတွေ ဖြစ်နေတာပါ။ 

ဒီအခင်းအကျင်းတွေက အာဏသိမ်းစစ်တပ်အဖို့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေ တို့ရဲ့ တခုနဲ့တခု ဆက်စပ်နေတဲ့ အနေအထားကို သီးခြားစီဖြစ်အောင် လုပ်နိုင်ဖို့ ရည်ရွယ်ချက် ရှိလိမ့်မယ်လို့ မှန်းဆရပါတယ်။ 

စစ်ကိုင်းတိုင်းမှာ ထိုးစစ်ကြီးကြီးမားမား မလုပ်နိုင်သေးချိန်မှာ ဗိုလ်နဂါးရဲ့ BNRA ကို NUG လက်အောက်က PDF တပ်တွေက ရှင်းလင်းဖို့ စတင်လိုက်တဲ့အခါ စစ်တပ်အနေနဲ့ ဗိုလ်နဂါးကို စည်းရုံးပြီး လက်နက်ချစေတဲ့ အခွင့်အရေးတခုကို ရရှိခဲ့ပြန်ပါတယ်။ ဗိုလ်နဂါးလက်နက်ချပြီးနောက် ရရှိတဲ့ သတင်းအချက်အလက်နဲ့ ပုလဲနဲ့ ယင်းမာပင် နယ်မြေထဲမှာ တော်လှန်ရေး လက်နက်ကိုင် အင်အားအခြေပျက်သွားချိန် အခွင့်အရေးကို လက်လွှတ်မခံဘဲ ထိုးစစ်ဆင်နေခဲ့တာ အခုထိ တိုင်ဖြစ်ပါတယ်။ 

ပြန်ချုပ်ပြီး ပြောရရင် MDY-PDF ထိန်းချုပ်ခဲ့တဲ့ ဒေသတွေဟာ သယံဇာတက ရတဲ့ ဝင်ငွေအရရော နယ်မြေအနေအထားအရပါ အချက်အချာကျတဲ့နေရာ ဖြစ်သလို မြောက်နဲ့ တောင် ဆက်သွယ်ထားတဲ့ မန္တလေး-မိုးကုတ်ကားလမ်း တလျှောက် ဒေသဖြစ်ပြီး ဒီနယ်မြေတွေကနေ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ ယခုထက် ပိုပြီး လက်လွှတ်မဆုံးရှုံးဖို့ တော်လှန်ရေး လက်နက်ကိုင် အင်အားစုအားလုံးမှာ တာဝန်ရှိနေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။

စစ်အုပ်စုအနေနဲ့ကတော့ စစ်ရေးအရ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ၏ ဆက်ကြောင်းတွေကို ဖြတ်တောက်တာအပြင် စိုးမိုးနယ်မြေတွေကိုပါ ပြန်လည် သိမ်းပိုက်ဖို့ ထိန်းချုပ်ဖို့ တဆင့်ပြီးတဆင့် တိုးမြှင့်လာချိန်မှာ နိုင်ငံရေးအရလည်း ရွေးကောက်ပွဲနဲ့ လွှတ်တော်ကို အတင်းအဓမ္မဖော်ဆောင်နိုင်ခဲ့တာမို့ စစ်မပြေးရတဲ့ နယ်တွေ မြို့တွေက ပြည်သူတွေကို တော်လှန်ရေးလှုပ်ရှားမှုအာရုံကနေ ကန့်သတ်ထားတာမျိုး လုပ်ဆောင်ဖို့ ကြိုးစားနေတာလို့ ဆိုနိုင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar