Breaking News

ကမ္ဘာ့အရေးရဲ့ ဂယက်နဲ့ ပြည်တွင်းစစ်ဒဏ်ခံ မြန်မာနိုင်ငံ

မြန်မာနွေဦးခရိုနီကယ် - မတ် ၂၂ မြင်ကွင်း

(မိုးမခ) မတ် ၂၃ ၊ ၂၀၂၆


ကမ္ဘာ့အရေးရဲ့ ဂယက်နဲ့ ပြည်တွင်းစစ်ဒဏ်ခံ မြန်မာနိုင်ငံ

အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေက ကမ္ဘာအဝှမ်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ပြတ်လပ်နေပြီး အီရန်၊ အစ္စရေးလ်၊ လက်ဘနွန်နဲ့ အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့နိုင်ငံအချို့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ တိုက်ခိုက်မှုတွေက အခြားသော နိုင်ငံတွေကိုပါ ကူးစက်လာမလား ဆိုတဲ့ စိုးရိမ်မှုတွေ စစ်ရိပ်စစ်ငွေ့ သန်းနေချိန် မြန်မာနိုင်ငံက ပြည်တွင်းစစ်ပွဲနဲ့ ကိုယ့်ဘာသာကိုယ် ဒုက္ခပင်လယ်ဝေနှင့်ပြီး ဖြစ်ပါတယ်။ 

အရှေ့အလယ်ပိုင်းမှာ စစ်မဖြစ်ခင်ကတည်းက ပြည်ပကတင်သွင်းတဲ့ လောင်စာဆီတွေကို နိုင်ငံရဲ့ နေရာဒေသအလိုက် မညီမျှတဲ့ စျေးနှုန်းတွေနဲ့ ဝယ်ယူသုံးစွဲနေရတဲ့ အခြေအနေမျိုးမှာ အခုလို ကမ္ဘာ့လောင်စာဆီ အကျပ်အတည်းက ထပ်ဆင့်လိုက်တဲ့ အခါ အိမ်နီးချင်းနိုင်ငံက ဝယ်ယူသုံးစွဲနေရတဲ့ နယ်စပ်ဒေသတွေနဲ့ နဂိုကတည်းက အဆင့်ဆင့်သော အခွန်အကောက်နဲ့ ကန့်သတ်ပိတ်ဆို့ခံထားရတဲ့ နယ်တွေ ဒေသတွေမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီ တလီတာကို ကျပ် သောင်းဂဏန်းနဲ့ ပေးဝယ်နေကြရတဲ့ သတင်းတွေ ပေါ်ထွက်လာနေပါတယ်။ ရခိုင်၊ ချင်းပြည်၊ ကချင် နဲ့ ကရင်တို့လို ဒေသတွေမှာ လောင်စာဆီ ဈေးနှုန်း အဆမတန်မြင့်တက်တဲ့ သတင်းတွေ ခုရက်ပိုင်းတွေမှာ ပေါ်ထွက်လာနေပါတယ်။ နယ်စွန်နယ်ဖျားတင်မကပဲ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီးတို့လို မြို့တွေမှာလည်း လောင်စာဆီ ဝယ်ယူခွင့်ကို နေ့ရက်အလိုက် နဲ့ ပမာဏ အကန့်အသတ်တွေ လုပ်လိုက်တဲ့နောက် ခုလို အရှေ့အလယ်ပိုင်းစစ်ပွဲ မဖြစ်ခင်က လောင်စာဆီအတွက်နဲ့ ဒုက္ခမခံစားခဲ့ကြရတဲ့ မြို့နေလူထုလည်း လုပ်ငန်းသုံး၊ ကျောင်းသုံး၊ နာရေးဖျားရေးသုံးမဲ့ ယာဥ်တွေအတွက် လောင်စာဆီ တန်းစီကြရတဲ့ ဒုက္ခတွေ အပြည့်နဲ့ ဖြစ်လာခဲ့ပါတယ်။ လူမှုကွန်ရက်မှာ မြင်တွေ့နေကြရတဲ့ နေ့စဥ်ကြုံတွေ့နေကြရတဲ့ ဒုက္ခတွေအနက် လောင်စာဆီ တန်းစီရတဲ့ ဒုက္ခက အပေါ်ဆုံးမှာလို့ ဆိုနိုင်ပါတယ်။ အလုပ်အကိုင် ရှားပါးတဲ့ မြန်မာနိုင်ငံမှာ လောင်စာဆီ တန်းစီပြီး အပိုအလျှံကိုရောင်းချတာ၊ လောင်စာဆီ တင်သွင်းဖြန့်ချိတဲ့ ကုမ္ပဏီတွေကိုယ်၌က မှောင်ခိုဈေးနဲ့ ထုတ်ရောင်းတဲ့ မှောင်ခိုဈေးကွက်လည်း ပေါ်ထွက်လာခဲ့ပါတယ်။ 

လောင်စာဆီ တန်းစီရတဲ့ အချိန်၊ ပူပြင်းတဲ့နွေရာသီမှာ ညသန်းခေါင်က တန်းစီရင် နံနက်ပိုင်းရ နံနက်ပိုင်းစီရင် နေ့လယ်လောက်မှ ဝယ်ခွင့်ရတဲ့ အဖြစ်တွေက မြို့တွေမှာ နေထိုင်ကြသူတွေရဲ့ နေ့စဥ်ဘဝလို ဖြစ်လာပါတယ်။ 

လောင်စာဆီ ပြဿနာက နဂိုက အတော်လေးပျက်စီးနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ထပ်ပြီးထိုးနှက်လိုက်သလို ဖြစ်မယ့် လက္ခဏာတွေ တွေ့မြင်လာနေရပါပြီ။ ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း စတာတွေကို တိုက်ရိုက် ထိခိုက်စေမှာ အသေအချာဖြစ်ပါတယ်။ စိုက်ပျိုးရေး အတွက် လောင်စာဆီ ဖြန့်ဝေဖို့ အစီအစဥ်တွေက ဘယ်လိုရှိသလဲ၊ ရေလုပ်ငန်းနဲ့ အခြားသော တနိုင်တပိုင် လုပ်ငန်းတွေအတွက် လောင်စာဆီ ရောင်းချပေးမယ့် အစီအစဥ်က ဘယ်လိုရှိသလဲ။ ပဋိပက္ခဖြစ်နေတဲ့ နယ်မြေဒေသနဲ့ တစိတ်တပိုင်းအားဖြင့် ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်စပ်ဒေသတွေက ဘယ်လို ဝယ်ယူသုံးစွဲကြရမလဲ ဆိုတာတွေက ပြည်တွင်းစစ်ဖြစ်နေတဲ့ အခြေအနေမှာ ဘယ်အဖွဲ့အစည်းကမှ တာဝန်ခံမှု မရှိကြတဲ့ အနေအထားဖြစ်ပါတယ်။ 

မြို့တွေပေါ်က လောင်စာဆီ ဒုက္ခတွေ၊ အခက်အခဲတွေ ဖြစ်ပွားနေကြချိန်မှာ မြန်မာနိုင်ငံရဲ့ အချို့နေရာတွေမှာ လေကြောင်းက ဗုံးကြဲမှုကြောင့် အရပ်သားတွေ ဒါဇင်နဲ့ချီ သေဆုံးနေကြရဆဲ ဖြစ်ပါတယ်။ ကသာမြို့မှာ၊ ကနီမြို့နယ်မှာ၊ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရော အရပ်သား၊ ရဟန်းသံဃာတွေပါ ထိခိုက်သေဆုံးနေကြရတာ ဖြစ်ပါတယ်။ 

ကမ္ဘာ့လောင်စာဆီ အကြပ်အတည်းက မြန်မာစစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မရပ်တန့်နိုင်သေးတဲ့ အခြေအနေက မြန်မာနိုင်ငံကံကြမ္မာရဲ့ သရော်ချက် တရပ်လို့ ဆိုရမလား မသိနိုင်ပါဘူး။ 

အခုလို အနေအထားမှာ စစ်အာဏာရှင်ကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေ အကြား ပဋိပက္ခတွေကလည်း ထွက်ပေါ်လာနေတာတွေ့ရမှာပါ။ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့က တအာင်းလက်နက်ကိုင် တပ်ဖွဲ့ကို ယခုလလယ်မှာ စတင်တိုက်ခိုက်ပြီး ရက်အနည်းငယ်အကြာမှာ အပစ်ရပ်ရေး စေ့စပ်ဆွေးနွေးကြပြီး ကွတ်ခိုင်မြို့နဲ့ နယ်မြေအချို့ကို သိမ်းယူထိန်းချုပ်မှုရပြီးနောက်မှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ကြပါတယ်။ 

မဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း အကြား ဘာကြောင့်လက်နက်နဲ့ တိုက်ခိုက်ကြတဲ့ အဖြစ်ထိရောက်လာသလဲ ဆိုတာ မေးခွန်းထုတ်နေကြ၊ သုံးသပ်နေကြဆဲ ဖြစ်ပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ စေခိုင်းမှုကြောင့် အကျိုးစီးပွားကြောင့်လို့ အလွယ်တကူ ကောက်ချက်ချတာတွေ ရှိနေပေမယ့် အဖြစ်မှန်က အဲဒီလောက် ရိုးရှင်းမနေတဲ့ သဘောပါ။ ပြည်သူလူထု အဖို့တော့ ဘယ်လက်နက်ကိုင် အဖွဲ့က အုပ်ချုပ်သည် ဖြစ်စေ စစ်သားစုဆောင်းခံရတာ၊ အခွန်အကောက်တွေ အတွက် ရှာဖွေပေးဆောင်ရတာ၊ တဖွဲ့နဲ့တဖွဲ့ တိုက်ခိုက်ကြတဲ့အခါ မိမိတို့ရဲ့ နေအိမ် အသုံးအဆောင်တွေ စိုက်ပျိုးသီးနှံတွေပါ ထားရစ်ခဲ့ပြီး အသက်အန္တရာယ် ဘေးလွတ်တဲ့နေရာကို ဖြစ်သလို တိမ်းရှောင်ကြရတဲ့ အခြေအနေသာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်းသာ စစ်ရေးနည်းနဲ့ တိုက်ခိုက်နေကြတာမဟုတ်ဘဲ ဗမာလူမျိုး လက်နက်ကိုင် အဖွဲ့တွေအကြားမှာလည်း တိုက်ခိုက်မှုတွေ ဖမ်းဆီးမှုတွေ အလစ်အငိုက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာတွေ့ရ မှာ ဖြစ်ပါတယ်။ BNRA လို့ အမည်ပေးထားတဲ့ ယင်းမာပင် ခရိုင် ပုလဲမြို့နယ်က ဒေသန္တရ လက်နက်ကိုင် တပ်ဖွဲ့ကို NUG လက်အောက်က PDF တပ်တွေက စတင်တိုက်ခိုက်ပြီးနောက်တရက်မှာပဲ BNRA ခေါင်းဆောင်ဖြစ်သူက စစ်ကောင်စီတပ်ထံ လက်နက်ချပြီး ၄ နှစ်ကျော် ၅ နှစ်နီးပါး စုဖွဲ့လာတဲ့ BNRA တပ်က ပြိုကွဲသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက် တခုတင်မကသေးပဲ ခုရက်ပိုင်းအတွင်း ယောနယ်မှာ Yaw Defense Force နဲ့ ယခင်အဲဒီတပ်ဖွဲ့ကနေ သဘောထားကွဲလွဲပြီး အသစ်ဖွဲ့စည်းခဲ့ကြတဲ့ ယော စစ်ဒေသရုံး အဖွဲ့က ခေါင်းဆောင်သူ ရွာမှာ သားရှင်ပြု အလှူလုပ်တဲ့အချိန် YDF က ဝင်ရောက်တိုက်ခိုက်ပြီး ခွဲထွက်ဖွဲ့စည်းထားတဲ့ ယောစစ်ဒေသရုံးလက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူနဲ့ နောက်တဦး သေဆုံးကာ အချို့ဒဏ်ရာရခဲ့ကြပါတယ်။ 

အခုလို လက်နက်ကိုင်အဖွဲ့တွေအချင်းချင်း အကြားက ပဋိပက္ခတွေ၊ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေအကြားက တိုက်ပွဲတွေ ဖြစ်နေချိန်မှာ နေပြည်တော်မှာတော့ မကြာသေးတဲ့ လအနည်းငယ်အတွင်းက ကျင်းပတဲ့ ရွေးကောက်ပွဲ ရလဒ်ကို အခြေပြုတဲ့ လွှတ်တော်ကျင်းပကာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နဲ့ အခြားသော ကော်မတီတွေ ဖွဲ့စည်းပြီး မကြာခင်ရက်ပိုင်းအတွင်း သမ္မတ ရွေးချယ်ဖို့လည်း ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ နိုင်ငံမှာ ဒုက္ခတွေ ပင်လယ်ဝေနေချိန် ပြည်သူလူထုရဲ့ နေ့စဥ်ဘဝမှာ အသက်ဘေးလွတ်ဖို့ သို့မဟုတ် အသက်မသေဖို့ အလျဉ်မီအောင် စားသောက်နိုင်ရေး အသည်းအသန် ကြိုးပမ်းနေကြရချိန်မှာ တသက်တာလုံးမက်ခဲ့တဲ့ အိပ်မက်ဖြစ်တဲ့ သမ္မတအိပ်မက်ကို အကောင်အထည်ဖော်နေတဲ့ စစ်ခေါင်းဆောင်တွေလည်း ရှိနေတာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar