Breaking News

တကမ္ဘာလုံး အတိုင်းအတာနဲ့ အဆိုးဘက် ဦးတည်နေတဲ့ခေတ်

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၆ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၂၅

တကမ္ဘာလုံး အတိုင်းအတာနဲ့ အဆိုးဘက် ဦးတည်နေတဲ့ခေတ်

နောက်ထပ် ဖြစ်ပွားလာနိုင်တဲ့ ကမ္ဘာစစ်ပွဲကြီးတွေကို ရှောင်လွှဲနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒုတိယ ကမ္ဘာစစ်ပြီးပြီးချင်း လပိုင်းအတွင်းမှာ ကုလသမဂ္ဂ အဖွဲ့ကို ၁၉၄၅ ခုနှစ် ဇွန်လမှာ ဖွဲ့စည်းခဲ့ပါတယ်။ လူပေါင်း သန်း ၇၀ နီးပါး သေကြေခဲ့ရတဲ့ ဒုတိယကမ္ဘာစစ်ကြီးရဲ့ ဒဏ်ကို နယ်ချဲ့ကိုလိုနီနိုင်ငံကြီးတွေရော တက်သစ်စ နယ်ချဲ့ကိုလိုနီဖြစ်ဖို့ကြိုးပမ်းတဲ့ စစ်ပွဲကိုစတင်တိုက်ခိုက်ဖို့ စိတ်အားထက်သန်ခဲ့ကြတဲ့ စစ်အင်အားကြီးနိုင်ငံတွေသာမကပဲ နှစ်ရှည်ကြာ ကိုလိုနီအဖြစ်ကျရောက်ခဲ့ကြတဲ့ နိုင်ငံတွေပါ စစ်မြေပြင် စစ်တလင်းဖြစ်ပြီး လက်နက်ကိုင်တွေရော အရပ်သားတွေပါ မကျန် ကမ္ဘာစစ်ကြီးထဲမှာ အသက်ဆုံးရှုံးခဲ့ကြရတာ ဖြစ်ပါတယ်။ 

၁၉၃၉ ခုနှစ်က ၁၉၄၅ ခုနှစ်ထိ ၆ နှစ်ကျော်ကြာ တိုက်ခိုက်ခဲ့ကြတဲ့ ဒုတိယကမ္ဘာစစ်ကြီးက ရှိသမျှ စီးပွားရေးအင်အား လက်နက်အင်အား နည်းပညာ အကုန်အသုံးချပြီး တိုက်ခိုက်သတ်ဖြတ် ခဲ့ကြရာမှာ ဥရောပမှာ စစ်ပွဲပြီးဆုံးပြီးနောက် ၃ လကျော်အကြာ အရှေ့အာရှက ဂျပန်နိုင်ငံကို လူသိန်းနဲ့ချီ သေဆုံးစေတဲ့ အနုမြူဗုံး ၂ လုံးကြဲချပြီး စစ်ပွဲကို နောက်ဆုံးပိတ် အဆုံးသတ်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးနောက် ဒီလို စစ်ပွဲတွေ လာမယ့် ဆယ်စုနှစ်တွေအတွင်း သို့မဟုတ် ဆယ်စုနှစ် ၄/၅ ခုအတွင်း မဖြစ်ပွားလိုတော့တဲ့ ဆန္ဒတွေက ကုလသမဂ္ဂ ဖွဲ့စည်းဖို့ စေ့ဆော်စေခဲ့တာ ဖြစ်ပါတယ်။ စစ်ပွဲမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ အနိုင်ရခဲ့ကြတဲ့ ဗြိတိသျှ၊ အမေရိကန်ပြည်ထောင်စု နဲ့ ရုရှား နဲ့ အခြားသောနိုင်ငံတွေ အဖွဲ့ဝင်နိုင်ငံတွေ အဖြစ်ပါဝင် ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဖွဲ့စည်းစဥ်က ရည်ရွယ်ချက်က ကမ္ဘာစစ်ပွဲကြီးတွေ နောက်ထပ်မဖြစ်ပွားလာဖို့ ကာကွယ်တားဆီးဖို့ နိုင်ငံအချင်းချင်းအကြား ပြဿနာတွေကို ဆွေးနွေးခြင်း အဖြေရှာခြင်း နိုင်ငံတကာ သဘောတူညီချက်၊ နိုင်ငံတကာလိုက်နာရမယ့် ဥပဒေ သဘောတူညီမှုတွေ ချမှတ်ခြင်း လိုက်နာစေခြင်း လိုက်နာခြင်းမရှိခဲ့ရင် စစ်ရေး မဟုတ်တဲ့ အရေးယူဆောင်ရွက်မှု နည်းလမ်းတွေ စသဖြင့် ရေးဆွဲချမှတ် ခဲ့ကြပေမယ့် ယခု ၂၀၂၅ ခုနှစ် နှစ်ပေါင်း ၈၀ ကြာမြင့်ချိန်မှာ ကမ္ဘာကြီးဟာ စစ်ပွဲရဲ့ နှုတ်ခမ်းကို နီးကပ်လာနေသလို ကုလသမဂ္ဂ အဖွဲ့ကို လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့၊ ကမ္ဘာ့ဒုက္ခသည် ကူညီကယ်ဆယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အစီအစဥ်တွေ လုပ်ဆောင်တဲ့ အဖွဲ့အနေမျိုးမှာသာ မှတ်ယူလာကြတဲ့ အခြေ ဆိုက်ရောက်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေကိုယ်၌က ဒီအဖွဲ့ကြီးကို ရပ်ရွာထဲက ပရဟိတ အဖွဲ့သာသာ မှတ်ယူလာကြပြီး နိုင်ငံရေး တိုက်ခိုက်ဟောပြောရာ စင်မြင့်တခု အနေအထားမျိုးသာ သဘောထား လာကြတာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်း နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ နှစ်လည်ညီလာခံကို အကဲခတ်ကြည့်လိုက်ရင် အစ္စရေးလ်ရဲ့ ဟားမားစ်ရှင်းလင်း ချေမှုန်းရေး ခေါင်းစဥ်အောက်က စစ်ဆင်ရေး နှစ်နှစ်နီးပါးကာလအတွင်း ကလေးငယ်၊ အမျိုးသမီး သက်ကြီးရွယ်အို အပါအဝင် အရပ်သား  ၆ သောင်းကျော် သေဆုံးခဲ့ရတဲ့ ပါလစ္စတိုင်းက အစိုးရအဖွဲ့ဝင်ကို ကုလသမဂ္ဂ ညီလာခံလာရောက်ဖို့ ဗီဇာမပေးဖို့ အမေရိကန် သမ္မတက ဆုံးဖြတ်ခဲ့ပါတယ်။ ညီလာခံမှာ နိုင်ငံခေါင်းဆောင်တွေရဲ့ အလှည့်ကျ မိန့်ခွန်းပြောဆိုကြရာမှာလည်း သမ္မတ ထရန့်က ကုလသမဂ္ဂ အဖွဲ့ကို အပြစ်တင် ပြောဆိုခဲ့သလို၊ မဟာမိတ် အနောက်ဥရောပ နိုင်ငံတွေကိုလည်း ရွှေ့ပြောင်းဝင်ရောက်သူတွေကို လက်ခံနေခြင်း အပေါ် အပြစ်တင်ခဲ့ကာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု သတိပေး လှုံ့ဆော်မှုတွေကိုလည်း ပြစ်တင်ပြောဆိုခဲ့ကာ သူ့အနေနဲ့ ကမ္ဘာ့နိုင်ငံအချင်းချင်းအကြား စစ်ပွဲဖြစ်ပွားတဲ့ အခြေအနေကို ရပ်တန့်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း အရှက်ကင်းမဲ့စွာ ကိုယ်ရည်သွေး ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ အနေနဲ့ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ သုံးခွင့်ရှိတဲ့ အင်အားကြီးနိုင်ငံတချို့ရဲ့ နိုင်ငံတကာ ဥပဒေ၊ ကျင့်ဝတ်တွေကို ချိုးဖောက်ကာ ကျူးကျော်မှုတွေ လုပ်ဆောင်ခဲ့ကြရာက ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေ တိုက်တွန်းချက်တွေ အရေးမပါ အရာမရောက်တော့တာ ဆယ်စုနှစ် အတန်ကြာခဲ့ပြီ ဖြစ်ပါတယ်။ 

လတ်တလော ဂါဇာကမ်းမြောင်မှာ ဖြစ်ပွားနေတဲ့ အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံတချို့က လက်နက်၊ ခဲယမ်း၊ နည်းပညာ သတင်းအချက်အလက် အထောက်အပံ့ရရှိနေတဲ့ အစ္စရေးလ် စစ်တပ်ရဲ့  ဟားမားစ် ရှင်းလင်းချေမှုန်းရေး ခေါင်းစဥ်တပ်ထားတဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှု၊ အစာရေစာ ဖြတ်တောက်မှုတွေကို ကုလသမဂ္ဂက ရှုတ်ချသည့်တိုင် ဘယ်နိုင်ငံကမှ တားဆီးနိုင်ခြင်း မရှိပါဘူး။ ဂါဇာကမ်းမြောင်မှာ ပါလစ္စတိုင်း အရပ်သားတွေ သတ်ဖြတ်ခံနေရခြင်းဟာ ဟားမားစ် အဖွဲ့ကို ချေမှုန်းရေး မဟုတ်ပဲ အစ္စရေးလ်ရဲ့ နယ်မြေချဲ့ထွင်ရေး ပါလစ္စတိုင်း အရပ်သား ၂ သန်းကျော်ကို အိမ်နီးချင်းနိုင်ငံဖြစ်စေ ဒေသတွင်းနိုင်ငံတွေ ဆီကိုဖြစ်စေ ပြောင်းရွှေ့အခြေချအောင် ရည်ရွယ် လုပ်ဆောင်နေတာ ထင်သာမြင်သာတဲ့ အချက် ဖြစ်ပါတယ်။ ဒီလို လူမျိုးသုဥ်းသတ်ဖြတ်မှုတွေကို ကျူးလွန်နိုင်ခြင်းဟာ နယ်မြေ ချဲ့ထွင်နိုင်အောင် လက်နက်၊ ငွေကြေး၊ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အကြောင်းပြချက်တွေနဲ့ သံတမန်ရေး အရ အားပေးထောက်ခံနေတဲ့ အမေရိကန်ပြည်ထောင်စုလို နိုင်ငံကြီးတွေကြောင့် ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေမှာ ကုလသမဂ္ဂက မစွမ်းဆောင်နိုင်တော့တာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ကုလသမဂ္ဂ ဖွဲ့စည်းတည်ထောင်ပြီး နှစ် ၈၀ အကြာမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ အလယ်အလတ် အင်အားရှိတဲ့ နိုင်ငံ၊ အနုမြူလက်နက် လက်ဝယ်ရှိတဲ့နိုင်ငံ စတဲ့နိုင်ငံတွေ အနေနဲ့ ကုလသမဂ္ဂမှာ ပြဿနာကို အဖြေရှာကြဖို့ထက် စစ်ရေးမဟာမိတ် ဖွဲ့စည်းလာကြတာ တဖြည်းဖြည်း ပေါ်လွင်ထင်ရှားလာပါတယ်။ ရုရှားနဲ့ ရင်ဆိုင်ထားဖို့ နေတိုး စစ်ရေးမဟာမိတ် အဖွဲ့ကို နကိုက အမေရိကန်၊ ကနေဒါ နဲ့ အနောက်ဥရောပနိုင်ငံတွေသာ ပါဝင်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခု ၃ ခုအတွင်း ချဲ့ထွင်ခဲ့ကာ ဆိုဗီယက်ပြည်ထောင်စုကနေ လွတ်လပ်လာခဲ့ကြတဲ့ အရှေ့ဥရောပနိုင်ငံတချို့၊ စကင်ဒီနေဗီယန်းနိုင်ငံတချို့ ပါ ပါဝင်လာခဲ့ကြပြီး လက်ရှိယူကရိန်း-ရုရှား စစ်ပွဲဟာ နေတိုးအဖွဲ့ နယ်မြေချဲ့ထွင်ခြင်းက အကြောင်းခံတာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် အရှေ့အာရှ ပစိဖိတ်ဒေသမှာ QUAD လို စစ်ရေး မဟာမိတ် အဖွဲ့၊ သြစတေလျ၊ ဗြိတိန် နဲ့ အမေရိကန် ပါဝင်တဲ့ ANKUS နိုင်ငံသဘောတူညီမှု၊ သြစတေလျ၊ နယူးဇီလန်၊ အမေရိကန်တို့ ပါဝင်တဲ့ ANZUS သဘောတူညီမှု၊ အမေရိကန်နဲ့ ဂျပန်အကြား ၊ အမေရိကန်နဲ့ ဖိလစ်ပိုင်အကြား၊ အမေရိကန်နဲ့ တောင်ကိုးရီးယား နိုင်ငံအကြား လုံခြုံရေး သဘောတူညီမှုစာချုပ်တွေက လတ်တလော ထွက်ပေါ်လာတာ မဟုတ်သည့်တိုင် တည်ဆဲ မဟာမိတ်တွေ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် အုပ်စုမှာလည်း SCO လို့ ခေါ်တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့လိုမျိုး ရှိနေတာပါ။ မကြာသေးခင်က အရှေ့အလယ်ပိုင်းက အစ္စရေးလ်ရဲ့ ဗိုလ်ကျလာမှုတွေ ကို စိုးရိမ်လာတဲ့ ဆော်ဒီအာရေဗျနိုင်ငံက အနုမြူလက်နက်လက်ဝယ်ရှိတဲ့ ပါကစ္စတန်နဲ့ နှစ်နိုင်ငံ လုံခြုံရေးသဘောတူညီမှု တရပ် လက်မှတ်ထိုးခဲ့တာ အသစ် ဖြစ်ထွန်းမှုတခု ဖြစ်ပါတယ်။ 

ဒီအခင်းအကျင်း အခြေအနေတွေမှာ ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ၃ နှစ်ကျော်ကြာလာပြီဖြစ်တဲ့ သူ့နိုင်ငံရဲ့ စစ်ပွဲက ရတဲ့အတွေ့အကြုံပေါ် အခြေခံပြီး အားကောင်းတဲ့ မဟာမိတ်တွေ အင်အားကြီးနိုင်ငံတွေ မရှိရင် ကျန်တာတွေက ဘာမှ အလုပ်မဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဆိုလိုရင်းက အင်အားကြီး နိုင်ငံတွေနဲ့ စစ်ရေး မဟာမိတ်ဖွဲ့ မှုကသာလျင် ခေတ်သစ်ကမ္ဘာမှာ လုံခြုံရေးကို အာမခံနိုင်မယ့် အချက်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါကိုကြည့်ရင် ကမ္ဘာကြီးဟာ နိုင်ငံတကာ ဥပဒေ၊ သဘောစာချုပ်၊ လိုက်နာရမယ့် စည်းမျဥ်း ဥပဒေ တွေထက် စစ်ရေးအင်အားကသာ အဆုံးအဖြတ် ဖြစ်လာနေပြီဆိုတာကို ပြဆိုခဲ့တာ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar