စစ်ခေါင်းဆောင် ရဲ့ ရုရှားခရီးစဥ်
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၅ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၂၅
စစ်ခေါင်းဆောင် ရဲ့ ရုရှားခရီးစဥ်
ရုရှားနိုင်ငံ မော်စကိုမြို့မှာကျင်းပတဲ့ ကမ္ဘာ့အဏုမြူဖိုရမ် - ၂၀၂၅ ကို တက်ရောက်ဖို့ မြန်မာအာဏာ သိမ်းစစ်ခေါင်းဆောင်ဟာ စက်တင်ဘာ ၂၄ ရက်နေ့က မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့ပါတယ်။ အနောက် ဥရောပမှာ ပူတင် ဦးဆောင်တဲ့ ရုရှားနိုင်ငံရဲ့ လူမဲ့ဒရုန်းတွေ နိုင်ငံအချို့ရဲ့ လေပိုင်နက်တွေထဲကို ကျူးကျော်ဝင်ရောက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ဆက်တိုက်ပေါ်ထွက်နေစဥ် ရုရှားဖက်ဒရေးရှင်းက ကမ္ဘာ့အဏုမြူဖိုရမ် -၂၀၂၅ ကို ကျင်းပနေတာ ဖြစ်ပါတယ်။
မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်အနေနဲ့ အဏုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံငယ် တခုကို တည်ဆောက်ဖို့ ကြိုးပမ်းနေချိန်မှာ အခုလို ရုရှားနိုင်ငံရဲ့ ဖိတ်ကြားမှုကို ဝမ်းမြောက်စွာ လက်ခံပြီး သွားရောက်ခဲ့တဲ့ သဘောလို့ ကောက်ချက်ချရင် မှားမယ် မထင်ပါဘူး။ နိုင်ငံရေးအရရော စီးပွားရေးအရပါ ကျဆင်းနေပြီး ပြည်တွင်းစစ်နွံထဲ နစ်နေတဲ့ မြန်မာနိုင်ငံမှာ အနုမြူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ စိတ်ဆန္ဒပြင်းပြနေတဲ့ အဖြစ်ကို အများက နားလည်ရခက်ခဲကောင်း ခက်ခဲပါလိမ့်မယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းစစ်ပိုမိုကျယ်ပြန့်လာတဲ့ အခြေ အနေမျိုးမှာ လုံခြုံရေးအရ ကောင်းမွန်ပြီး တည်ငြိမ်တဲ့ အနေအထားမျိုး ရှိဖို့လိုတဲ့ အနုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ရည်ရွယ် လုပ်ဆောင်နေခြင်းဟာ အာဏာသိမ်း စစ်အစိုးရရဲ့ ဝါဒဖြန့်ဖို့ အဓိက ရည်ရွယ်တဲ့ စီမံကိန်းတခုလို့သာ ကောက်ချက်ချ ရမယ့် သဘောလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ် ထိန်းချုပ်နယ်မြေ အကန့်အသတ်ရှိလာနေတဲ့အခြေအနေမျိုးမှာ အခုလို အဏုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ အိပ်မက် မက်နေတဲ့အနေအထား ဖြစ်ပါတယ်။ အိမ်နီးချင်း အရှေ့ တောင်အာရှနိုင်ငံတွေအနက် မြန်မာနိုင်ငံလို ပြည်တွင်းစစ် ဖြစ်ပွားခြင်းလည်းမရှိသလို စီးပွားရေးအရလည်း တိုးတက်မှုရှိနေတဲ့နိုင်ငံတွေတောင်မှ အဏုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက် ရုံမျိုးတည်ဆောက်ဖို့ မလုပ်ကြပေမယ့် မြန်မာနိုင်ငံက အဏုမြူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့လုပ်ဆောင်ခြင်းဟာ ရုရှားနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကို ပိုမိုခိုင်မာစေလိုတဲ့ ရည်ရွယ် ချက်၊ အိမ်နီးချင်းနိုင်ငံတွေအကြား ကြွားဝါလိုတဲ့ရည်ရွယ်ချက်အပြင် အခြားမရှိနိုင်တဲ့သဘောလို့ ကောက်ချက်ချရမှာပါ။
မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြည့်ဆည်းဖို့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်လို၊ ရေအားလျှပ်စစ်စက်ရုံနဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံလိုမျိုးကို ပိုမိုလုပ်ဆောင်သင့်တာမှန်ပေမယ့် အာဏာသိမ်းစစ်တပ်အနေနဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့မှု၊ သတိကြီးကြီးနဲ့ ဆက်ဆံမှုတွေအပြင် လက်ရှိ လက်နက်ကိုင်ပဋိပက္ခတွေက လျှပ်စစ်ဓာတ်အားပေး စနစ်ကိုပျက်စီးစေကာ ဓာတ်အားပေးနိုင်စွမ်း သိသာစွာ ကျဆင်းလာနေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်အနေနဲ့ ယခု ၂၀၂၅ ခုနှစ်အတွင်းမှာ သံတမန်ရေးအရ ဝင်ဆန့်လာအောင် ပြည်ပနိုင်ငံတွေက ဖိတ်ကြားတဲ့အခွင့်အရေးကိုဆုပ်ကိုင်ကာ ခရီးစဥ်တွေ ခပ်စိပ်စိပ် သွား ရောက်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။
ယခုနှစ်ထဲမှာ ရုရှားနိုင်ငံကို တကြိမ်မကသွားရောက်ခဲ့သလို ရုရှားသမ္မတပူတင်နဲ့လည်း တွေ့ဆုံခွင့် ရခဲ့တာပါ။ ဒါ့အပြင် မကြာသေးတဲ့သီတင်းပတ်ကကျင်းပခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းအဝေး၊ တရုတ်နိုင်ငံရဲ့ဖက်ဆစ်တော်လှန်ရေးအောင်ပွဲ နှစ် ၈၀ ပြည့် စစ်ရေးပြပွဲတွေကိုလည်းတက်ရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ်၊ တရုတ်သမ္မတတို့နဲ့ တွေ့ဆုံခွင့်ရခဲ့တာတွေက အာဏာ သိမ်းစစ်ခေါင်းဆောင်အဖို့ သံတမန်ရေးအရ ဝင့်ကြွားစရာအဖြစ် မှတ်ယူခဲ့တာတွေ့ရမှာပါ။
တဖက်မှာလည်း ရုရှား၊ တရုတ်နိုင်ငံတို့နဲ့တွေ့ဆုံဆွေးနွေးချိန်မှာ လက်နက်ခဲယမ်းဝယ်ယူတာ အပြန် အလှန်ဖလှယ်တာတွေလုပ်ဆောင်ဖို့ အာဏာသိမ်းစစ်တပ်အတွက် အခွင့်အရေးတရပ် ဖြစ်နေပါတယ်။ ဒရုန်းနဲ့ ၄င်းဆက်စပ်တဲ့နည်းပညာ၊ လက်နက်ခဲယမ်းတွေ ရုရှားနဲ့ တရုတ်နိုင်ငံဆီက ဝယ်ယူရရှိနိုင်သလို အိန္ဒိယနိုင်ငံကလည်း အချို့သော စစ်ရေးနဲ့ပတ်သက်တဲ့ နည်းပညာ၊ ပစ္စည်းအစိတ် အပိုင်းတွေဝယ်ယူရရှိနိုင်တာ ဖြစ်ပါတယ်။ ဘီဘီစီမြန်မာပိုင်းက ဖော်ပြတဲ့သတင်းတပုဒ်မှာတော့ ရုရှားနဲ့ မြန်မာအကြား သဘောတူညီမှုတရပ်မှာ ရုရှားဘက်က အဏုမြူဓာတ်အားပေးစက်ရုံ တည် ဆောက်ပေးရာမှာ အကူအညီပေးဖို့နဲ့ မြန်မာဘက်က လက်နက်စက်ရုံထုတ်တဲ့ ခဲယမ်းတွေ ရုရှားကို ပို့ဆောင်ပေးဖို့ မကြာသေးခင် လပိုင်း ခရီးစဥ်အတွင်း သဘောတူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ယူကရိန်းစစ်ပွဲအတွက် လိုအပ်တဲ့အမြောက်ဆန်လို ခဲယမ်းတွေက ရုရှားအနေနဲ့ အလုံအ လောက်ရရှိဖို့ ကြိုးစားထုတ်လုပ်နေရတာဖြစ်လို့ မြန်မာနိုင်ငံက ထုတ်လုပ်နိုင်သမျှထုတ်လုပ်ပြီး ရုရှားကိုပေးပို့ လဲလှယ်ဖို့ဆိုလိုတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ကိုတော့ ဒရုန်း၊ ဒရုန်းနည်းပညာ၊ လှိုင်းတွေကြားဖြတ်တာ ဖျက်တဲ့နည်းပညာတွေ ဝယ်ယူဖို့ ရည်မှန်းချက် ထားပုံရပါတယ်။ အာဏာ သိမ်းစစ်တပ်အနေနဲ့ ၂၀၂၃ နဲ့ ၂၀၂၄ အစပိုင်းတွေမှာ အလူးအလဲခံခဲ့ရတဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို သင်ခန်းစာယူပြီး ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းက စပြီး ဒရုန်းနဲ့ပတ်သက်တဲ့ ပစ္စည်း၊ နည်းပညာ လေ့ကျင့်မှု၊ ခဲယမ်း စတာတွေ ကြိုးစား ဖြည့်တင်းလုပ်ဆောင်နေခဲ့တာပါ။ ယခုနှစ်ထဲမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေ ထိုးစစ်တွေမှာ အာဏာသိမ်းစစ်တပ်ဘက်က ဒရုန်းတိုက်ခိုက်မှုတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ပြီး အဆိုပါလက်နက်နဲ့ နည်းပညာတွေက တိုက်ပွဲရဲ့ အရှုံးအနိုင်ကို အတိုင်းအတာတခုထိ သက်ရောက်စေခဲ့တာ တွေ့ရပါတယ်။
ဒီအနေအထားတွေကိုခြုံငုံသုံးသပ်ကြည့်ရင် အာဏာသိမ်း စ်ခေါင်းဆောင်ရဲ့ သံတမန်ရေး ခရီးစဥ်တွေက သံတမန်ရေးထောက်ခံမှုသက်သက်သာမက ဖြစ်ပွားနေတဲ့စစ်ပွဲတွေအတွက် လိုအပ်တဲ့ နည်းပညာ၊ လက်နက်ခဲယမ်းတွေကို ရရှိဖို့ ရည်ရွယ်ချက်ပါပါဝင်နေတာ ထင်ထင်ရှားရှား တွေ့ရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar