ကိုသန်းလွင် - ပါကင်ဆန်ရောဂါနှင့် ဓာတုပစ္စည်းများ
ကိုသန်းလွင် - ပါကင်ဆန်ရောဂါနှင့် ဓာတုပစ္စည်းများ
မိုးမခ ၊ စက်တင်ဘာ ၂၆ ၊ ၂၀၂၅
(၁)
၁၉၅၈ ခုနှစ်က ဓာတုဗေဒကုမ္ပဏီ တစ်ခုသည် ပေါင်းပင်သတ်ဆေးရည်သည် လူနှင့် မတည့်ကြောင်း၊ လူ့အတွက် (toxin) ဖြစ်ကြောင်း သိရှိခဲ့သည်။ အဓိကအားဖြင့် ဗဟိုနာဗ်ကြောကို ထိခိုက်စေခြင်း ဖြစ်ပါသည်။ ကုမ္ပဏီ၏ သိပ္ပံရေးရာတာဝန်ရှိသူများက သူတို့ တွေ့ရှိချက်ကို မှတ်တမ်းတင်ထားရှိခဲ့သည်။
ထိုကုမ္ပဏီက သူတို့ တွေ့ရှိချက်ကို မည်သူကိုမှ မပြောခဲ့ပါ။ ထို့နောက် သုတေသနပြုချက်များအရထိုဆေးသည် ကြွက်များတွင်လည်း တုန်ခါမှု (tremo) များဖြစ်စေခဲ့ကြောင်း သိခဲ့ရပြန်သည်။ ထိုအတောအတွင်း ထိုပေါင်းပင်သတ်သောဆေး ပါရာကွက် (paraquat) သည် ဆယ်နှစ်ကျော် ကာလအတွင်း အထူးရောင်းကောင်းခဲ့ပြီး ကုမ္ပဏီကို အမြတ်အစွန်း ရစေခဲ့သည်။ ၂၀၁၈ ခုနှစ် တစ်နှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် အလေးချိန် ပေါင် ၁၇ သန်းမျှ သုံးစွဲခဲ့ကြသည်။ လွန်ခဲ့သော ၆ နှစ်ကထက် သုံးစွဲခြင်း ၂ ဆမျှ တိုးလာခဲ့ခြင်း ဖြစ်သည်။
(၂)
စစ်ပြီးချိန်တွင် ထိုပိုးသတ်ဆေး သုံးစွဲမှုသည် တဟုန်ထိုး တိုးတက်ခဲ့ပြီး ထိုနည်းတူစွာ ပါကင်ဆန် ရောဂါ ဖြစ်ပွားသူများမှာလည်း ဦးရေတိုးပွားခဲ့သည်။ ၁၈၁၇ ခုနှစ်က ဒေါက်တာပါကင်ဆန် (Dr. James Parkinson) သည် လန်ဒန်မြို့တွင် အသက်ကြီးရင့်သူများ လက်တုန်ယင်သည့် (shaking Palsy) ရောဂါဟု ခေါ်ခဲ့သည်။ ညစ်ညမ်းမှုများဖြင့် ပြည့်နေသည့် လန်ဒန်မြို့တော်တွင် ပတ်ဝန်းကျင် မသန့်ရှင်းမှုကြောင့် ရောဂါဖြစ်ပွားရခြင်းကို ထိုစဉ်က သတိထားမိခဲ့ကြသည်။
ယနေ့ အမေရိကန်နိုင်ငံတွင် ပါကင်ဆန်ရောဂါ ဖြစ်ပွားသူ ဦးရေမှာ တစ်နှစ်လျှင် ၉၀,ဝ၀ဝ ခန့် ရှိနေပါသည်။ ပျမ်းမျှ ၆ မိနစ်တွင် တစ်ဦး ရောဂါဖြစ်နေသည့်သဘော ဖြစ်ပါသည်။ ၄င်းသည် တဖြည်းဖြည်း ဆိုးရွားလာနေသော နာ့ဗ်ကြောဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်သည်။ တုန်ခါမှု၊ တုန်ယင်မှုနှင့် မိမိကိုယ်ကိုယ် ဟန်ချက်ညီအောင် မထိန်းသိမ်နိုင်သော ရောဂါ ဖြစ်သည်။ လူကို သေစေသော ရောဂါများတွင် ၁၃ ခုမြောက်ရောဂါ ဖြစ်နေပါသည်။ တဖြည်းဖြည်း သိလာရသည်မှာ ပိုးသတ်ဆေးများ၊ စက်ရုံသုံး ဓာတုပစ္စည်းများ အထူးသဖြင့် ပါရာကွတ် (paraquat) နှင့် အခြောက် သန့်ရှင်းခြင်း (Dry clearing) လုပ်ရာတွင်သုံးသော ဓာတုဗေဒပစ္စည်းများကြောင့် ထိုရောဂါဖြစ်ပွားရသည်ဟု ယုံကြည်ကြသည်။
ထိုဓာတုပစ္စည်းများမှာ လူကလုပ်သော ပစ္စည်းများဖြစ်ပြီး စားသော အစားအစာ၊ သောက်သုံးသောရေနှင့် လေထုအတွင်းမှာ ပျံ့နှံ့နေကြပါသည်။ ဒေါက်တာဒေါ်စီ (Dr. Ray Dorsey) နှင့် ဒေါက်တာအိုကင် (Dr.Michael Okun) တို့ ရေးသော “ The Parkinson’s Plan “ စာအုပ်တွင် ထိုဓါတုပစ္စည်းများမှာလူတို့ပါတ်ဝန်းကျင်တွင်ရှိနေ ရန်မလိုအပ်ပါဟုဆိုထားသည်။ သူတို့သည် စာတမ်းပေါင်း ၁၀ဝ၀ ကျော် ရေးခဲ့ပြီး လူ ၁၀,ဝ၀ဝ ကျော်ကို ကုသပေးခဲ့ရာ ထိုရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သောရောဂါ မဟုတ်ဘဲ ကျွန်တော်တို့ အစာထဲတွင်ပါသော ပိုးသတ်ဆေးများ၊ ရေထဲတွင် ပါသော ဓာတုပစ္စည်းများနှင့် လေထုတွင် တွေ့ရသည့် ညစ်ညမ်းပစ္စည်းများကြောင့် ဖြစ်ရသည်ဟု ဆို ၏။ ၄င်းသည် ပင်ဒဲမစ် သဖွယ် ပျံ့နှံနေသည်။
ရုပ်ရှင်မင်းသား မိုက်ကယ် ဖောက် (Michael Fox) သည် ဤရောဂါစွဲကပ်ခံရပြီး ဖောင်ဒေးရှင်းတစ်ခုကို ထူထောင်ခဲ့ရာ ၄င်းက ဤရောဂါဖြစ်ပွားရပုံကို ဖော်ထုတ်လျက်ရှိပါသည်။ ဓာတုဗေဒပစ္စည်း တစ်မျိုးမျိုးနှင့် သူ့ကိုယ်ခန္ဓာကို ထိတွေ့ခဲ့ရသောကြောင့်ဟု ဆိုပါသည်။ သို့သော် ထိုသို့ တွေ့ထိမှု ရှိပုံကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ဖြစ်ပွားပုံကိုလည်း တိတိကျကျ နားမလည်သေးပါ။ ကျွန်တော်တို့တွင် ‘ဂျင်း’ (genetic) မှာလည်း ရာနှုန်းအနည်းငယ် ပါဝင်ပတ်သက်လျက်ရှိပြီး ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုက ပိုမိုဆိုးရွားစေပါသည်။ ပါရာကွက်ကို ဒါဇင်ပေါင်းများစွာသော နိုင်ငံများတွင် အသုံးပြုခွင့် ပိတ်ပင်ထားပြီး အမေရိကန်နိုင်ငံတွင်မူ မပိတ်ပင်ထားပါ။
ဖိလစ် (Steve Philips) သည် ခေါင်းဆောင်မှုအကြောင်း ပြောပြနေသူတစ်ဦး ဖြစ်ပြီး သူ ၅၃ နှစ်အရွယ်တွင် ဘယ်ဘက်ခြေထောက်ကို ကောင်းကောင်းမထိန်းချုပ်နိုင်တော့ကြောင်း သတိထားမိခဲ့သည်။ တခါတရံ ဘယ်ဘက်ခြေထောက်မှာ ဘာမှလုပ်မရတော့ဘဲ အသေလို ဖြစ်နေခဲ့သည်။ သည်လိုနှင့်သူသည် ပါကင်ဆန် ရောဂါစွဲကပ်နေပြီဖြစ်ကြောင်း သိခဲ့ရသည်။ ယခုအခါ အသက် ၇၃ နှစ်ရှိပြီဖြစ်သော မစ္စတာ ဖိလစ်သည် သူ ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ်က လယ်ကွင်းတစ်ခုကို ပါရာကွက် ဖျန်းခဲ့ကြောင်း သတိရမိပါသည်။ သူသည် နေကာမျက်မှန်နှင့် ခေါင်းစည်းကို အကာအကွယ်ယူခါ ပိုးသတ်ဆေးကို ပက်ဖျန်းခဲ့ခြင်း ဖြစ်ပါသည်။
NBA ဘတ်စကက်ဘောသမား ဂရန့် (Brian Grant) မှာ သူ ရောဂါဖြစ်မှ သူ ၂ နှစ်နှင့် ၃ နှစ်သားတွင် စစ်တပ် စခန်းတစ်ခုအနီးမှ ဆေးဖျန်းထားသော ကွင်းကြီးအနီးတွင် နေခဲ့ဖူးကြောင်း အမှတ်ရခဲ့သည်။
မစ္စတာဖိလစ်နှင့် လူပေါင်း ၆၀ဝ၀ ကျော်တို့ ပူးပေါင်းကာ ပါရာကွက်ကုမ္ပဏီ (Syngenta) ကို တရားစွဲဆိုခဲ့ကြသည်။ ၄င်းသည် ၁၉၅၈ ခုနှစ်က ပါရာကွက်၏ အကျိုးသက်ရောက်မှုကို လူမသိအောင် ဖုံးဖိထားခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ဂါးဒီယမ်သတင်းစာတွင် ပါလာမှ သူတို့တိုင်းပြည်သို့ မပြောခဲ့ကြသည်များမှာ ပေါ်ပေါက်လာခဲ့သည်။ ၁၉၇၅ ခုနှစ်ခန့်ကစ၍ ပါရာကွက်သည် ကြောက်စရာ ဓာတုပစ္စည်း ဖြစ်ကြောင်း ကုမ္ပဏီက သိရှိခဲ့ပါသည်။ ၂၀ဝ၃ ခုနှစ်တွင် ကုမ္ပဏီက ရောင်းချ၍ အကောင်းဆုံးပစ္စည်း ဖြစ်ခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်မှာမူ ပါရာကွက်သည် ပါကင်ဆန်ရောဂါနှင့် တိုက်ရိုက်ပတ်သက်ပါသည်ဟူသော သက်သေပြချက်ကို မတွေ့ ခဲ့ပါဟုဆိုသည်။
ယမန်နှစ်က ကာလီဖိုးနီးယားမှ ပိုးသတ်ဆေးများကို စောင့်ကြည့်ရသော အေဂျင်စီက ထုတ်ပြန်သော စာတွင်မူကား ပါရာကွက်သည် ပါကင်ဆန်ရောဂါ ဖြစ်ရမှုတွင် အဓိက ပါဝင်နေသည်ဟူ၍ ဖြစ်သည်။ သို့ရာတွင် အခြားသော အကြောင်းအရာများကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ဂျင်းနှင့် ဦးခေါင်းတွင် ဒဏ်ရာရရှိသူ တို့အများတွင် ဖြစ်နိုင်ခြေနှင့် အခြား ပိုးသတ်ဆေးများနှင့် တွေ့ထိရမှုတို့ ပေါင်းစပ်ရမည် ဖြစ်သည်။ သို့သော် နိဂုံးချုပ်အဖြေမှာ ပါရာကွတ်ပိုးသတ်ဆေးကို မသုံးရဟု ပိတ်ပင်ရန် အကြောင်းပြချက် မလုံလောက်ပါဟူ၍ ဖြစ်၏။ ၂၀၂၁ သြဂုတ်လတွင်မူဂေါက်ကွင်းများ၊ အများပြည်သူတို့၏ ဥယျာဉ် ကစားကွင်းများတွင် အသုံးချခွင့်ပိတ်ပင်ခဲ့သည်။
ပါရာကွက်တွင် တာဝန်ရှိပါသည်ဟု သက်သေပြရန်မှာ ကလေးတစ်ဦးကို ၄င်းဆေးနှင့် ထိတွေ့စေမည်။ ထို့နောက် ထိုကလေးကို အနှစ် ၅၀ ခန့် အခန်းထဲတွင် ပိတ်လှောင်ပြီး အခြားအရာများနှင့် မထိ မတွေ့မိရအောင် ဆောင်ရွက်ရမည်။ လက်တွေ့တွင် ဤကဲ့သို့ မလုပ်နိုင်ပါ။ လူတို့ စမ်းသပ်နိုင်သည်မှာ ဓာတ်ခွဲခန်းမှ ကြွက်များကို ပါရာကွက် ပိုးသတ်ဆေးနှင့် ထိတွေ့စေခြင်းကိုသာတတ်နိုင်သည်။ ပါရာကွက်နှင့် ဆက်စပ်နေသော အခြားဓာတု ဗေဒပစ္စည်းများမှာ Dry Cleaning သုံး TLE- trichloroethyleneနှင့် PCE- Perochloroethylene တို့ ဖြစ်သည်။
အမေရိကန်တွင် ရောင်းချသော ပါရာကွက်ကို ဗြိတိန်နှင့် တရုတ်နိုင်ငံတို့တွင် ထုတ်လုပ်သည်။ ထိုနိုင်ငံများတွင် ၄င်းကို အသုံးပြုခွင့်မရှိပေ။ အခြားဥရောပနိုင်ငံများ ဘရာဇီးနိုင်ငံတို့တွင်လည်း အသုံးပြုခြင်းကို ပိတ်ပငထားသည်။
(၃)
၁၉၆၀ ပြည့်နှစ်တွင် ဒေါက်တာကယ်စီ (Dr. Frances Kelsey) သည် အမေရိကန်နိုင်ငံတွင် သဲလီဒိုမိုက် (Thalidomide) သုံးစွဲခြင်းကို တားမြစ်နိုင်ရန် ကြိုးစားခဲ့သည်။ ကနေဒါနှင့် ဥရောပနိုင်ငံများတွင် ထိုဆေးသုံးစွဲခြင်းကို ခွင့်ပြုထားသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အိပ်ဆေးအဖြစ် ဤပစ္စည်းကို အသုံးပြုသည်။ ဤနည်းဖြင့် အမေရိကန်နိုင်ငံတွင် အခြားနိုင်ငံများကဲ့သို့ကလေးများကို မွေးရာပါ ချို့ယွင်းချက် (Birth defect) ဖြင့် မွေးဖွားခြင်းများကို ကာကွယ်နိုင်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်တွင် သမ္မတကနေဒီက သူ၏ (exceptional Judgement) အတွက် ဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည်။
စီးကရက်၊ ခဲပါသော သုတ်ဆေး၊ အက်ဘက်စတော့ (asbestos)၊ Pain Killer စသည်တို့မှာ အမေရိကန်ပြည်တွင် လော်ဘီများ၊ သိပ္ပံပညာတတ်များ၊ ပီအိတ်ချ်ဒီများကို ငှားရမ်းကာ အသုံးပြုခွင့်ရအောင် အမျိုးမျိုး ကြိုးပမ်းကြရာ ယမန်နှစ် တနှစ်တည်းတွင် ဒေါ်လာ ၇၇ သန်း ကုန်ကျခဲ့ကြသည်။
ဤနည်းတူ DDT-dichlorodiphenyl trichloroethene သုံးစွဲခွင့်ကို အမေရိကန်နိုင်ငံတွင် ပိတ်ပင်ခဲ့ရာ ၄င်းဆေးသည် ငှက်ဖျားတိုက်ဖျက်ရေးတွင် ကမ္ဘာတဝန်း အသုံးပြုခဲ့သည်။ ၂၀ဝ၄ ခုနှစ်က ငှက်ဖျားရောဂါဖြင့် လူ ၉၁၇,ဝ၀ဝ သေခဲ့ရာမှ ၁၉၈၀ ပြည့်နှစ် ဒေတာများအရ သေဆုံးသူဦးရေမှာ ၆၃၈,ဝ၀ဝ သာရှိပါတော့သည်။ ယခုအခါ ၄င်းဆေးကို ငှက်ဖျားထူထပ်သော နေရာများတွင် တင်းကျပ်သော စည်းမျဉ်းများဖြင့် အသုံးပြုခွင့်ပြုထားသည်။
ပါကင်ဆန်ရောဂါ မဖြစ်ပွားရအောင် ကာကွယ်နည်းများကို ပါကင်ဆန်ရောဂါ၏ ရှေ့ရေးစာအုပ်တွင် ဖော်ပြထားပါသည်။ စားသောက်စရာ အသီးအရွက်များကို မသုံးဆောင်မီ ရေနှင့် စင်ကြယ်အောင် ဆေးရမည်။ ပိုးသတ်ဆေးများနှင့် မတွေ့ မထိစေရ။ Dry clearing ကို သုံးစွဲရာတွင်လည်း အဝတ်ကို ပလတ်စတစ်နှင့် ထုပ်ထားခြင်းကို အသုံးမပြုမီ လေသလပ်ထားရန် လိုပါသည်။
ပတ်ဝန်းကျင်ကို ပြုပြင်ရန် လွန်စွာခက်ခဲပါသည်။ မပြည့်စုံသော ဗဟုသုတနှင့်လည်း ကောင်းမွန်သော ဆုံးဖြတ်ချက်များကို မချနိုင်ပါ။ လုပ်ငန်းများစွာတို့က လေထုအတွင်းသို့ ညစ်ညမ်းစေသော ပစ္စည်းများကို စွန့်ထုတ်ကြရာတွင် ၄င်းတို့ကို ကာကွယ်ရန်မှာ ပို၍ခက်ခဲပါသည်။ အစိုးရများက ကုမ္ပဏီများ အကျိုးစီးပွားထက် မိသားစုများ၏ ကျန်းမာရေးကို ပိုမိုအရေးရန်လိုပါသည်။
ကိုသန်းလွင်
Ref: The Clue to unlocking Parkinson’s disease, By Nicholas Kristof, NY Times Sept 11, 2025
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar