မောင်လူမွှေး - ဝေဘူလတောင်ပေါ်က ကလေးလေး
မောင်လူမွှေး - ဝေဘူလတောင်ပေါ်က ကလေးလေး
မိုးမခ ၊ စက်တင်ဘာ ၁၉ ၊ ၂၀၂၅
ပြီးခဲ့တဲ့နှစ်က မိုးဦးရာသီမှာ မောင်လူမွှေးဟာ ချင်းတောင်တန်းတွေကို ဖြတ်ပြီး ခရီးသွားခဲ့ရတယ်။ ချင်းတောင်တန်းပေါ်ဖြတ်သန်းရင်း ဝေဘူလမြို့ကို ရောက်တော့ ရာသီဥတုဟာ ပိုအေးလာတယ်။ ဘေးပတ်ဝန်းကျင်က တိမ်တွေကို မြင်နေရတယ်။ လေက အေးမြလတ်ဆတ်နေတယ်။ လှလိုက်တာကွာလို့ ကားသမားတစ်ယောက်က မနေနိုင်မထိုင်နိုင် အသံထွက်ပြီး ပြောတယ်။
ဒီလို လှပတဲ့ ပတ်ဝန်းကျင်တွေ၊ ဝိုင်းရံထားတဲ့ ဝေဘူလမြို့လေးရဲ့ ကားလမ်းကြီးပေါ်မှာ သုံးနှစ်အရွယ်လောက် မိန်းကလေးငယ်လေးဟာ ဖိနပ်မပါပဲ လမ်းပေါ်က ရေဗွက်အိုင်ထဲမှာ ဆော့နေတယ်။ သူဟာ သူ့မွှေးရပ်မြေမှာပျော်လို့နေတယ်။ သူ့မွေးရပ်မြေဟာ သူ့ကမ္ဘာဖြစ်နေတာပေါ့။
ဝေဘူလတောင် ကားလမ်းပေါ်မှာ ပေပေရေရေဆော့နေတဲ့ မိန်းကလေးဟာ ဖိနပ်လည်းမပါဘူး။ ဒီလောက်အေးတဲ့ တောင်ပေါ်မှာ သူဟာ နေသားကျနေတဲ့သဘောပဲ။ သူဟာ သူ့အသက်အရွယ်အရ ဘာမှမသိရှာသေးဘူး။ တိုင်းပြည်မှာ စစ်အာဏာရှင်ကို တော်လှန်တဲ့စစ် ဖြစ်နေတယ် ဆိုတာကို သူသိကောင်းမှ သိလိမ့်မယ်။
ဝေဘူလတောင်က ကလေးလေးလိုပဲ အပူအပင်ကင်းကင်းနဲ့ ကစားနေ၊ သွားလာနေတဲ့ ကလေးပေါင်းများစွာကို မောင်လူမွှေး နေ့စဥ်နဲ့အမျှ တွေ့မြင်နေရပါတယ်။ စစ်ရှောင်စခန်းက ချောက်ကြားထဲမှာ ကစားနေကြတဲ့ ကလေးတွေ၊ အမေနွားကျောင်းတဲ့နောက်ကို တကောက်ကောက် လိုက်နေတဲ့ ကလေးတွေ၊ တောထဲက ယာခင်းမှာပဲ မိဘတွေနဲ့ အတူနေကြရတဲ့ ကလေးတွေကို တွေ့ရတယ်။ သူတို့လေးတွေဟာလည်း ကြည့်လိုက်ရင် သောကအရိပ်အယောင်ကို မတွေ့ကြရတာများပါတယ်။
ဝေဘူလတောင်ပေါ်က ကလေးလေး အပါအဝင် သူနှင့်ရွယ်တူကလေးတွေဟာ လာမယ့်ငါးနှစ်အတွင်း အသိတွေ ပိုလာပြီး ဒုက္ခတွေကို စတင်ခံစားလာတတ်ကြတော့မှာ ဖြစ်ပါတယ်။ သူတို့အတွက် မောင်လူမွှေးတို့ ဘာတွေ ကြိုတင်ပြင်ဆင်ထားနိုင်ပါသလဲ။ အမှန်အတိုင်း ဝန်ခံရရင် ဘာမှကြိုတင်ပြင်ဆင်ထားနိုင်ခြင်းမရှိသေးပါဘူး ခင်ဗျာ။
သူတို့လေးတွေအတွက် အနီးဆုံး ပြင်ဆင်ပေးသင့်တာက သူတို့တွေ KG အတန်းကို ပျော်ပျော်ရွှင်ရွှင် သင်ကြားနိုင်ဖို့ ဖြစ်တယ်။ အဲဒီအတွက် KG ဆရာ၊ ဆရာမ တွေကို ဘယ်လောက်သင်တန်းပေးပြင်ဆင်ထားပြီးပြီလဲ။ လက်ရှိအချိန်မှာတော့ သင့်တော်မယ်ထင်တဲ့၊ တချို့နေရာတွေမှာလည်း ကြုံရာ၊ ဆရာမနဲ့ KG တန်းကို သင်ကြားနေကြရတာကို တွေ့ရတယ်။
KG တန်းဆိုတာ အင်မတန်နုနယ်တဲ့ ကလေးအရွယ်။ ပညာရေးလမ်းကို လျှောက်ဖို့ ခြေထောက်သန်အောင်သာ လေ့ကျင့်ပေးရတဲ့ အရွယ်။ စာတွေ ရေးခိုင်းပြီး လာပြခိုင်း။ စာတွေ ကျက်ခိုင်းနဲ့ ဟာတွေကို တွေ့ရ မြင်ရရင် မောင်လူမွှေး အကြီးအကျယ် စိတ်ဆင်းရဲရပါတယ်။ KG တန်းကို တာဝန်တစ်ခုအနေနဲ့ စာရေးခိုင်း၊ ကျက်ခိုင်းတာတွေ မလုပ်ရဘူးဆိုတာ ပညာရေးဆိုတာကိုကြားဖူးနားဝလောက် ရှိရင်တောင် သဘောပေါက်သင့်တဲ့ ကိစ္စပါ။
ဝေဘူလတောင်က ကလေးလေး အပါအဝင် ကလေးတွေဟာ လာမယ့်နှစ်နှစ်လောက်အတွင်း ဘဝဆင်းရဲဒုက္ခကြားက သင်ကြားမှုနည်းလမ်းမကျတာတွေနဲ့ ထပ်ဖိမယ့်ဒုက္ခကို ရင်ဆိုင်ကြရဖို့ များနေတယ်။ ဘယ်လိုတွေ ဖြေရှင်းကြမလဲ။ သူတို့လေးတွေအတွက် အလေးအနက် စဥ်းစားပေးကြဖို့လိုအပ်မယ်။ ဝေဘူလတောင်ပေါ်က ကလေးလေး အပါအဝင် ကလေးတွေကို မောင်လူမွှေး ကရုဏာဖြစ်မိနေပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar