ဖလော်ဒါဟန် - ပြည်သူများ အပ်နှင်းကြမယ့် စည်းကမ်းနဲ့ စနစ်
ဖလော်ဒါဟန် - ပြည်သူများ အပ်နှင်းကြမယ့် စည်းကမ်းနဲ့ စနစ်
မိုးမခ ၊ စက်တင်ဘာ ၁၉ ၊ ၂၀၂၅
ကျွန်မအတွက် ယနေ့အချိန်မှာ နိုင်ငံရေး၊ စစ်ရေးကို လက်လှမ်းမီသလောက် ဖတ်ဖြစ်ပါတယ်။ယခင်အချိန်မှ စစ်ရေးနဲ့ပတ်သက်တဲ့ လေ့လာသိမှတ်ဖွယ်များကိုလည်း မိမိကိုယ်တိုင် လိုက်နာနိုင်ဖို့ကြိုးစားပြီး နေထိုင်ရပါတယ်။
စည်းနဲ့ ကမ်း ဆိုသည်မှာ စည်းတားထားတော့ မကျူးရဲသလို ကမ်းရှိတော့ ရေမကျော်နိုင်သလိုဘေးကင်းသည်ပေါ့။
ဒါကြောင့် စည်းနဲ့ကမ်း ဆိုတာလေးနဲ့ လူတယောက်ရဲ့ ဘဝကို အမှားကိုလည်း မကျူး၊ အမှန်ကိုလည်း သိစေချင်သည့် တန်ဖိုးရှိသည့် အသုံးအနှုန်းလေး ဖြစ်ပါတယ်။
ယနေ့အချိန်မှာတော့ အမှားနယ်ပယ်တွေ ကျယ်ပြန့်လာသလို အမှန်တရားကို ဖုံးကွယ်ခြင်းဖြင့် လူတယောက်ရဲ့ ဘဝကို ဥပဒေဘောင်စည်းကနေ ဖျောက်ဖျက်သည်အထိ အတင့်ရဲလာကြပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကိုပဲ ကြည့်ပါ။
ပါးစပ်စည်းကို ကျော်လွန်နေကြသလို မင်းမဲ့စရိုက်ပမာ ပြည်သူကို အနိုင်ကျင့်သည်သာ မဟုတ်ရပါ။
တကယ့်တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးများကိုပါ ပရမ်းပတာ စကားလုံးပေါင်းများစွာဖြင့် စည်းမရှိကမ်းမရှိ အကျဉ်းကျသည်အထိ ပါးစပ်စည်းကို လက်လွတ်စပယ် အလွယ်လေး ပြောနေကြတာပါ။
လူတယောက်ရဲ့ အရည်အချင်းနှင့် လုပ်ဆောင်မှုသည် ပြည်သူက ပေးခဲ့သည့်အမှတ် မဟုတ်ပါ။
မိမိတို့က ပြည်သူအပေါ်မှာ ယုံကြည် အားကိုးမှု ဆိုသည့် စွမ်းဆောင်ရည်ကြောင့်သာ ပြည်သူ့ထောက်ခံမှုရခဲ့ခြင်းသာ ဖြစ်ပါတယ်။
ယခုလို စကမ ရှင်ထွက်များအဖို့ ပြည်သူကလည်း မသိ၊ ပြည်သူကို ချပြစရာဆိုလို့ မအလ ရဲ့အပြုအမူကိုသာကြည့် ဆိုသည့်အတိုင်းပါပဲ။
ဘောင်းဘီပဲ ချွတ်ချွတ်၊ ပုဆိုးပဲ ဝတ်ဝတ် မအလရဲ့ အစေခံပဲ ဖြစ်ပါလိမ့်မယ်။
စည်းကမ်းနဲ့ ဥပဒေဆိုတာ ပြည်သူအတွက် ချမှတ်သည်ထက် ပြည်သူကို ရှေးရှုသူများအတွက် ပိုအရေးကြီးပါတယ်။
ကျွန်မလို ပြည်သူထဲက ပြည်သူတယောက်အတွက် တိုင်းပြည် စည်ပင်ဝပြောဖို့ဆိုသည်ကို အများကြီး သိနေစရာ မလိုပါဘူး။
စည်းကမ်း ရှိရမယ်။
စနစ်ကောင်း ရှိရမယ်။
ဒါလောက်ပါပဲ။
ဥပဒေ ဆိုသည်ကိုတော့ အများကြီး မျှော်လင့်မထားပါဘူး။
အခုလည်း ပြည်သူက မအလ အစေအပါးများကို မသိကြပါ။
သမ္မတကြီးနှင့် လူထုခေါင်းဆောင်ကိုတော့ ယနေ့အချိန်အထိ မှတ်မှတ်ရရ ရှိနေဆဲ၊ တမ်းတနေကြဆဲ၊ မျှော်လင့်နေကြဆဲပါ။
လက်ရှိအနေအထားမှာ မအလသည် မဲဆန္ဒ ဆိုသည်ကို မည်သို့သောနည်းဖြင့် ပြည်သူကို အနိုင့်ကျင့်မလည်း ဆိုတာပါပဲ။
အကာအကွယ်မဲ့နေတဲ့ တိုင်းပြည်မှာ လူမသိသူမသိ အရေးအရာမရှိသူများအတွက် နေရာမရှိသလို၊ ယခင်အချိန်မှ ယခုအချိန်အထိ ပတ်ဝန်းကျင်အကျိုး ပြည်သူသူ့အကျိုး ချပြစရာကလည်း နတ္ထိ။
မအလ နဲ့ တအူထုံ့ဆင်း အဆင့်မျှသာပါ။
အသုံးတော်ခံအဆင့်လို့လည်း ထင်မိပါတယ်။
ကျွန်မတို့ပြည်သူတွေက မည်သူ့ကိုမှ ဘောင်းဘီကိုလည်း မချွတ်သလို ပုဆိုးကိုလည်း ဝတ်မပေးကြပါဘူး။
စည်းကမ်း ရှိကြပါတယ်။
စကမ ကတော့ ဘောင်းဘီဝတ်ကနေ ပုဆိုးဖြစ်လိုက်၊ ပုဆိုးဝတ်ကနေ ဘောင်းဘီပြောင်းဝတ်လိုက်နဲ့ စည်ကမ်းဟူသည်ကို အလေးအနက်မထား။ တိုင်းပြည်ကို အမှောင်ကနေ ပြည်သူတွေ ဘာမှမမြင်နိုင်တော့ ဘဝတွေဖြစ်ဖို့ အဝတ်အစား လဲလှယ်ဝတ်နေကြပါပြီ။
ဒါကြောင့် ကျွန်မတို့ ပြည်သူများမှ အပ်နှင်းခဲ့တဲ့ စနစ်နဲ့ စည်းကမ်းကသာ တိုင်းပြည်ရဲ့အနာဂတ်စည်ပင်ဝပြောမယ်လို့ထင်မိပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar