Breaking News

တီမောလက်စ်တေရဲ့ အာဆီယံဝင်ရောက်ခွင့် နဲ့ မြန်မာစစ်အာဏာရှင် အစိုးရနဲ့ ဆက်ဆံရေး

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၈ မြင်ကွင်း

မိုးမခ ၊ စက်တင်ဘာ ၁၉၊ ၂၀၂၅

တီမောလက်စ်တေရဲ့ အာဆီယံဝင်ရောက်ခွင့် နဲ့ မြန်မာစစ်အာဏာရှင် အစိုးရနဲ့ ဆက်ဆံရေး 

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့ကို နိုင်ငံရဲ့ သမ္မတ၊ ဝန်ကြီးချုပ်တို့က တရားဝင်ဧည့်ခံတွေ့ဆုံခဲ့တဲ့ တီမောလက်စ်တေနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် အဖြစ်ဝင်ရောက်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာစစ်အာဏာရှင် အစိုးရနဲ့ လိုက်လျောဆက်ဆံလာရတဲ့ အထောက်အထားတွေ တွေ့ရှိလာရပါတယ်။ 

တီမောလက်စ်တေနိုင်ငံရဲ့ နိုင်ငံခြားရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဖြစ်သူ မြန်မာနိုင်ငံကို တရားဝင် ခရီးစဥ်အဖြစ် စက်တင်ဘာ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ လာရောက်ပြီး နှစ်နိုင်ငံဆက်ဆံရေး ကိစ္စတွေဆွေးနွေးကြတယ်လို့ စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်နေ့နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ကြေညာချက်မှာ အဓိကအသားပေးဖေါ်ပြထားတဲ့ အချက်ကတော့ တီမောလက်စ်တေ အနေနဲ့ မြန်မာအစိုးရ (စစ်အစိုးရကို ဆိုလို) ကိုဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကို ရုံးခန်းဖွင့်ခွင့်ပေးတာ တရားမဝင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခွင့်မပြုဖို့ သဘောတူခဲ့တဲ့အကြောင်း နဲ့ မြန်မာစစ်ကော်မရှင် အစိုးရ အနေနဲ့ တီမောလက်စ်တေနိုင်ငံရဲ့ မြို့တော် ဒီလီမှာ သံရုံးလာရောက်ဖွင့်လှစ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ 

တီမောလက်စ်တေအနေနဲ့ အာဆီယံအဖွဲ့ကို ဝင်ရောက်ဖို့ လေ့လာနေခဲ့တာ နှစ်အနည်းငယ်ကြာကတည်းက ဖြစ်ကာ ယခုနှစ်ထဲမှာ ဝင်ရောက်ဖို့ တရားဝင်ဆွေးနွေးကြရာမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာစစ်ကောင်စီ အစိုးရက အာဆီယံရဲ့ အဖွဲ့ဝင်နိုင်ငံတွေ လိုက်နာရမယ့်မူဖြစ်တဲ့ တနိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားတနိုင်ငံက ဝင်ရောက်မစွက်ဖက်ရေးကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကန့်ကွက်ခဲ့ပါတယ်။ 

တီမောလက်စ်တေ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ထောက်ခံခြင်းမပြုတဲ့အပြင် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးနဲ့ အခြားအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို တရားဝင် အစိုးရတရပ်သဖွယ် ဖိတ်ကြားဧည့်ခံတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖိတ်ကြားမှုတွေကို အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်ခဲ့ပေမယ့် ကိုလိုနီနိုင်ငံအဖြစ်ကနေ လွတ်မြောက်ရေးကြိုးပမ်းမှု သမိုင်းနဲ့ လာခဲ့ကြတဲ့ တီမောလက်စ်တေနိုင်ငံခေါင်းဆောင်တွေ အနေနဲ့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ၄င်းတို့ လွတ်လပ်ရေးကြိုးပမ်းမှု အတွေ့အကြုံနဲ့ နှိုင်းယှဥ်ကာ အပြည့်အဝထောက်ခံ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရအတွက် တီမောလက်စ်တေ နိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာထဲက နိုင်ငံသေး တနိုင်ငံဖြစ်လင့်ကစား သံတမန်ရေးအရ အမြင့်ဆုံးထောက်ခံအားမှုပေးတဲ့ နိုင်ငံ အဖြစ်နဲ့ မှတ်ယူထားတာ ဖြစ်ပါတယ်။ 

သို့ပေမယ့် တီမောလက်စ်တေအနေနဲ့ အာဆီယံအဖွဲ့ဝင် ဖြစ်ဖို့ရာအတားအဆီးဖြစ်နေတဲ့ မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်မှုကို ကျော်လွှားနိုင်ဖို့ အတွက် NUG အစိုးရနဲ့ လက်ရှိဆက်ဆံရေးကို အဆင့်လျော့ချရတော့မယ့် အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်က ဒေသတွင်း အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ တရုတ်နိုင်ငံအပြင် အိန္ဒိယနဲ့ပါ လတ်တလော ဆက်ဆံရေး တိုးမြင့်လာနေတာ၊ တရုတ်နိုင်ငံ တီယန်ကျင်းမြို့က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အစည်းအဝေး လေ့လာသူအဖြစ် တက်ရောက်ခဲ့တာ၊ ပီကင်းမြို့က ဖက်ဆစ်ကျူးကျော်သူ အောင်နိုင်မှု နှစ် ၈၀ မြောက်စစ်ရေး ပြပွဲတွေကို တက်ရောက်ခွင့်ရခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရအတွက် ထပ်ပြီး အမှတ်ရစေ၊ အသာစီးရစေတဲ့ ဖြစ်ရပ်တခု ဖြစ်လာပါတယ်။ 

ခုရက်ပိုင်းအတွင်း အိန္ဒိယ စစ်တပ်နဲ့ မြန်မာစစ်တပ်တို့အကြား လူအရေအတွက် ၁၀၀ ကျော်ရှိတဲ့ အပြန်အလှန် လေ့လာရေး ခရီးစဥ်တွေ လုပ်ဆောင်နေကြတာကို အကဲခတ်ကြည့်ရင် အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေးက ပိုမိုနီးကပ်လာနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ယခင်မဟာမိတ်တွေအပေါ် ကုန်သွယ်ခွန် တိုးကောက်တဲ့ ဆုံးဖြတ်ချက်တွေက  တရုတ်နဲ့ အိန္ဒိယအကြား ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးကို ဖြစ်ပေါ်လာစေပြီး အဆိုပါ ၂ နိုင်ငံအကြား ကြားခံနယ်မြေ မြန်မာနိုင်ငံကို ဖြတ်ပြီး ကားလမ်းဖောက်ဖို့ သဘောတူညီချက် တရပ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လတ်တလော တရုတ်ပြည်ခရီးစဥ် အတွင်း လက်မှတ်ထိုးခဲ့တာက အထက်က ဒေသတွင်း ပထဝီနိုင်ငံရေး အနေအထားတွေကို ဖေါ်ပြနေတာ ဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်ကြီး ဖြစ်ပွားချိန် နောက်ပိုင်း ဒေသတွင်းနိုင်ငံတွေ၊ အိန္ဒိယ၊ တရုတ်၊ ရုရှား တို့နဲ့ တွေ့ဆုံဖို့ အခွင့်အလမ်းတွေ တကြိမ်မက ရရှိခဲ့သလို အဆိုပါနိုင်ငံတွေထဲက အချို့က လာမယ့်ရွေးကောက်ပွဲကို တစိတ်တပိုင်းအားဖြင့် အားပေးတဲ့ အနေအထား တွေ့လာနေရပါတယ်။ အာဆီယံနိုင်ငံတွေက အတိအလင်းမထောက်ခံသည့်တိုင် တရုတ်နဲ့ အိန္ဒိယတို့က ရွေးကောက်ပွဲကို ထောက်ခံတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ 

အခုလို အနေအထားတွေကို ခြုံငုံ သုံးသပ်ကြည့်ရင် တီမောလက်စ်တေ ဖြစ်ရပ်ဟာ NUG အစိုးရ အနေနဲ့ သံတမန်ရေး မျက်နှာစာမှာ ဆုံးရှုံးသွားတဲ့ စစ်မျက်နှာတခုလို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။ ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်း ကိုယ်စားပြုခွင့်ရနေတဲ့ အချက်က NUG အစိုးရအနေနဲ့ အောင်မြင်မှုလို့ ဆိုနိုင်ပြီး ဒေသတွင်း နိုင်ငံတွေရဲ့ အာဏာသိမ်းစစ်အစိုးရ အပေါ် ပြောင်းလဲလာတဲ့ သဘောထား ဆက်ဆံပုံတွေကို သတိပြစောင့်ကြည့်ပြီး သံတမန်ရေးအရ လိမ္မာပါးနပ်စွာ လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ အခြေအနေလို့ ကောက်ချက်ချမိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar