လေးလေး - ခုကာလ သောကပျောက်တဲ့စာအုပ်
လေးလေး - ခုကာလ သောကပျောက်တဲ့စာအုပ်
မိုးမခ ၊ စက်တင်ဘာ ၃ ၊ ၂၀၂၅
စာအုပ်မှာ အမှာစာရေးကြတဲ့ ဆရာနှစ်ယောက်ရဲ့ အညွှန်းနဲ့တင် ဖတ်ချင်စိတ် တဖွားဖွား ပေါ်လာတဲ့ စာအုပ်ပါ။ ဆရာချစ်ဦးညိုက “ဖတ်ကောင်းမယ့်စာအုပ်လို့ သူ အာမခံတယ်”လို့ဆိုထားပြီး၊ ဆရာ နေဝင်းမြင့်ကတော့ ကျနော်တို့အားလုံးရဲ့ လတ်တလော သောကတွေကို ကောင်းကောင်းချေဖျက်ပေးနိုင်မယ့်စာအုပ်”လို့ ညွှန်းဆိုထားကြတယ်။ စာအုပ်ဖတ်နေရင်းကလည်း ရယ်ရ ပြုံးရ၊ တခါတခါကျ ခွီးခနဲ ရယ်လိုက်ရ၊ တခါတခါကျ မပြုံးဘဲ ဝါးလုံးကွဲ ရယ်ချလိုက်ရတဲ့ စာအုပ်ပါ ခင်ဗျာ။
ကျနော်ဖြင့် စာအုပ်ဖတ်ပြီး မရယ်ရတာကြာလို့ ရေးပေးကြတဲ့ မန္တလေးလူရွှင်တော်ကြီးတွေ ဖြစ်တဲ့ ဦးထင်ပေါ် နဲ့ ဦးချစ်စရာတို့ကို ကျေးဇူးတွေ အထပ်ထပ်တင်နေမိတယ်။
စာအုပ်နာမည်က “ကိုးလောင်းကျော်ထင်ပေါ် ခြောက်ထောင်ပြန်ချစ်စရာ” ဖြစ်ရပ်မှန် ကိုယ်တွေ့အူသိမ့်တုန် စာစုများ”တဲ့။ မသိရင် ဆရာကြီးရွှေဥဒေါင်း ရေးတဲ့ စုံထောက်ဝတ္ထုလိုလို ဘာလိုလို၊ ရင်သိမ့်တုန် ဆိုတာ ကြားခဲ့ဖူးပေမယ့် အူသိမ့်တုန် ဆိုတာတော့ ခုမှ ကြားဖူး၊ ဖတ်ဖူး၊ ရယ်ရလွန်းလို့ အူတွေပါ နာတယ်လို့တော့ ကြားဖူး၊ ဖတ်ဖူးပါတယ်။
ချစ်စရာ ဆိုတဲ့ မန္တလေးလူရွှင်တော်ကြီး ရေးတဲ့စာတွေက ဖတ်ဖူးတာ ရှိတယ်၊ ဦးထင်ပေါ်တော့ မဖတ်ဖူး၊ သူကလည်း ဝန်ခံထားတယ်။ အသက် ၇၀ နားနီးမှ စာဖတ် စာရေးလုပ်တဲ့သူ။ သူကတဲ့ အငြိမ့်တွေ ကြည့်ထားဖူးတော့ သူ့အာစလျှာစ မသေးတာ သတိပြုမိပြီးသားပါ။ စာရေးတော့လည်း စင်ပေါ်မှာ ပြက်သလို ခွင်ကျဟန်ကျ ပန်ကျပါပဲ။ “ကိုးလောင်းကျော်ထင်ပေါ်” ဆိုတဲ့ စာစုက အဆန်း၊ သူ့မိဘလို နေတဲ့ အမေတယောက်က မှန်ဆိုင်ရောင်းမထွက်လို့ အစီအရင်တခု ယူလာပြီး သူ့ကို ခိုင်းတယ်။ ခိုင်းပုံက ရှေးတုန်းက ကျပ်ပြားတပြားပေါ်မှာ ပုဏ္ဏားရုပ် ကိုးရုပ်ထိုးထားတယ်။
အဲဒီကျပ်ပြားကို မောင်ထင်ပေါ်က ယူသွားပြီး သင်္ချိုင်းအဝင်ဝလမ်းမှာ မြေမြှုပ်ထား၊ ပြီးတော့ တနေရာက စောင့်ကြည့်နေ၊ ဒီကျပ်ပြားပေါ် အလောင်းကိုးလောင်း ဖြတ်သွားပြီးရင် ကျပ်ပြားကို ပြန်ဖော်ပြီး ပြန်ယူလာခဲ့။ ကျပ်ပြားပေါ် အလောင်းကိုးလောင်း ဖြတ်ဖို့ သူ လေးရက်လောက် သွားစောင့်လိုက်ရတယ်။
သိပ်မကြာဘူး၊ ကျပ်ငါးထောင်နဲ့ ရောင်းမထွက်တဲ့ မှန်ဆိုင်ဟာ ကျပ် ၇,၀၀၀ ပေးပြီး ဝယ်မယ့်သူ ပေါ်သွားတော့တယ်။ မင်းသိင်္ခ ဝတ္ထုတွေ အမှတ်ရစရာ။ ဦးထင်ပေါ် စာစုတွေထဲ အတွေးထောင့်ကောင်းကောင်းနဲ့ရေးထားတဲ့ စာစုက “ဦးဖက်ကြီးနဲ့ ဒေါ်ရေအေး”။
သူ့ခေတ် မဟုတ်တော့လို့ စင်ပေါ်တက် ပြက်လုံး မပြက်ဖို့ အတန်တန်တားတဲ့ကြားက စင်ပေါ် အတင်းတက်ပြီး ပြက်လုံး ပြက်တော့ ပရိသတ်က မရယ်၊ ယောက္ခမက တဆူဆူလုပ်၊ ဖတ်ကြည့်ပါ။ တခုခု တွေးစရာပါပါတယ်။
ချစ်စရာကတော့ နဂိုကတည်းက စာရေးကောင်းသူ၊ တခါက သဘင်မဂ္ဂဇင်းခေတ်မှာ ချစ်စရာ ကလောင် အမည်နဲ့ ဝတ္ထုတိုကောင်းတွေ အများကြီး ရေးခဲ့သူဖြစ်တော့ သူ့စာစုလေးတွေက ဝတ္ထုတိုဖတ်ရသလိုလို၊ အက်ဆေး ဖတ်ရသလိုလို၊ တူတာတခုကတော့ ထင်ပေါ်ရော ချစ်စရာ စာစုတွေအားလုံး တပြုံးပြုံးနဲ့ ဖတ်ရတာပါ။
“ညွန့်ပေါင်း…ညွန့်ပေါင်း ဆိုတာ” စာစုဆို သူ သယ်လာကတည်းက တခုခုတော့ ဖြုတ်ချတော့မယ် ဆိုတာ သိသိကြီးနဲ့ အဖြုတ်ကောင်းလွန်းလို့ ဘောစကားနဲ့ ပြောရရင် “ဟာခနဲ.. ဟင်ခနဲ” ဖြစ်ရပါတယ်။ ရှေးက မန္တလေးမြို့မှာ ညွန့်ပေါင်းအငြိမ့် ဆိုတာ ခေတ်စားခဲ့ဖူးကြောင်း၊ ညွန့်ပေါင်းအငြိမ့်မှာ တော်တန်ရုံ လူရွှင်တော် တက် မပြက်ရဲကြောင်း၊ ဘာလို့ဆို လူပြက်အချင်းချင်း နင်းပြက်တတ်ကြလို့ ဖြစ်ကြောင်း အစချီပြီး ဘယ်လူရွှင်တော်ဆို ဘယ်လို နင်းတတ်၊ ညွန့်ပေါင်းအငြိမ့် ဆိုတာရဲ့ သဘောသဘာဝတွေ ပြောပြ၊
“ချန်ကြီး(ချန်ပီယံဘလှိုင်)က လူညစ်ကွ၊ ဘယ်တော့မှ အငြိမ့်ကို စောစော မလာဘူး၊ တခြား လူရွှင်တော်တွေ ခွန်းထောက်ဆိုချိန်ကျမှ တောင်ရှည် တလွှားလွှားနဲ့ ပွဲခင်းထဲက ဖြတ်ဝင်လာတာ၊ အဲဒီမှာ ပရိသတ်က ချန်ပီယံကွ ဆိုပြီး လက်ခုပ်တွေ တီးကြရော။ အပေါ်က လူတွေရဲ့ ခွန်းထောက်လည်း ပျက်ကရော၊ အပေါ်ကလူတွေကလည်း မခံဘူး၊ “ဟာ..ဘောလုံးကွင်းထဲ ခွေးဝင်လာပြီဟေ့၊ မောင်းထုတ် မောင်းထုတ် ဆိုတာမျိုး၊ တုံ့ပြန်ကြတာပဲ။ အဲဒါ ညွန့်ပေါင်းပဲ”
ဒါမျိုးလေးတွေ ခင်းကျင်းယူလာပြီး စာစု ဆုံးတော့ ခုလို အနားသတ်တယ်။
“ကျနော်က စပ်စုတဲ့သူဆိုတော့ အဘဦးလိမ္မော်ကို မေးကြည့်တဲ့အခါ ခဲထားတဲ့ ဆေးတံကြီးဖြုတ်ပြီး အသံအောကြီးနဲ့ ပြောပြတာက
“ညွန့်ပေါင်း ဆိုတာ မိ မဆုံးမ၊ ဖ မဆုံးမတွေ စုပြီး၊ စည်းပျက်ကမ်းပျက် ထင်ရာလုပ်ကြတာကို ခေါ်တာ သားတော်မောင်ရဲ့”
ကျနော့်လက်ထဲ ရောက်နေတဲ့ “ကိုးလောင်းကျော်ထင်ပေါ် ခြောက်ထောင်ပြန်ချစ်စရာ”စာအုပ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှာ မန္တလေးမြို့က Read It စာပေတိုက်က ဒုတိယအကြိမ် ထုတ်ဝေပြီး၊ ရန်ကုန်၊ နှစ်ကာလများစာအုပ်တိုက်က ဖြန့်ချိတယ်။
ထင်ပေါ်က စာစုပေါင်း ၁၆ ပုဒ်၊ ချစ်စရာက ၁၄ ပုဒ်၊ အပုဒ် ၃၀ တိတိ ပါတယ်။
ဆရာနေဝင်းမြင့် ညွှန်းသလို ခုကာလ သောကတွေ ပြေပျောက်စေတဲ့ စာအုပ်ပါ။ အုပ်ရေ ၅၀၀ ထုတ်ဝေထားပြီး၊ စာအုပ်တန်ဖိုး ကျပ် ၉,၀၀၀။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar