Breaking News

ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းသာမက မြန်မာ့အရေးကိုပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့ SCO ညီလာခံ

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၂၅

ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းသာမက မြန်မာ့အရေးကိုပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့ SCO ညီလာခံ 

ခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှာ တီယန်ကျင်းမြို့ မှာကျင်းပနေတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ Shanghai Cooperation Organization အစည်းအဝေးက လက်ရှိ ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခ၊ ကုန်သွယ်ရေး စစ်ပွဲတွေ အပေါ် အခြေပြုပြီး အင်အားကြီးနိုင်ငံတွေအကြား စုစည်း ကျောချင်းကပ်တဲ့ အရွေ့တွေကို စတင်ဖန်တီးရာရောက်ရှိလာပြီး ကမ္ဘာ့ဝင်ရိုးစွန်း အင်အားချိန်ခွင်လျှာတွေကို ပြောင်းလဲစေမလား ဆိုတဲ့ မှန်းဆမှုတွေ ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင် SCO အစည်းအဝေးကို တက်ရောက်လာတဲ့ နိုင်ငံတွေထဲမှာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ ရုရှား၊ အိန္ဒိယ၊ အင်ဒိုနီးရှားလို စီးပွားရေး၊ စစ်ရေး၊ လူဦးရေပမာဏ၊ ပထဝီနိုင်ငံရေး စတဲ့ရှုထောင့်တခုခုအရ အရေးပါတဲ့နိုင်ငံတွေတက်ရောက်ကြတဲ့အချက်က အနောက်နိုင်ငံတွေကို စိတ်ဝင်တစားစောင့်ကြည့်စရာ အစည်းအဝေး၊ စုစည်းမှုတခု ဖြစ်စေပါတယ်။ အာရှတိုက်နဲ့ ဥရောပကိုဖြန့်ကျက်တည်ရှိတဲ့ ရုရှား၊ ကမ္ဘာမှာ စီးပွားရေးနဲ့ စစ်အင်အားမှာ အမေရိကန်ပြည် ထောင်စုပြီးနောက် ဒုတိယနေရာကိုယူလာတဲ့ တရုတ် နဲ့ စီးပွားရေးအင်အားနဲ့ လူဦးရေအရ အင်အားကြီးနိုင်ငံတခုအဆင့်ကိုတက်လှမ်းလာတဲ့အိန္ဒိယတို့ကို စုစည်းမှုဖြစ်စေတဲ့ အစည်းအဝေးတရပ်၊ ဒီအစည်းအဝေးမတိုင်ခင်မှာ ရုရှားဆီက ရေနံဝယ်ယူမှုနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံကို အမေရိကန်ပြည် ထောင်စုက ကုန်သွယ်ခွန် ၅၀ ရာနှုန်းကောက်ခံမယ်လို့ ကြေညာခဲ့တဲ့အဖြစ်က ကမ္ဘာ့လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံကို ရုရှား၊ တရုတ်နိုင်ငံတို့နဲ့ ပိုမိုနီးစပ်အောင် တွန်းပို့သလိုဖြစ်စေခဲ့ပါတယ်။ အမေရိကန်ရဲ့ကုန်သွယ်ခွန်စစ်ပွဲနဲ့တဖက်သတ်ဆုံးဖြတ်မှုတွေက နဂိုက နယ်စပ်အငြင်းပွားမှုရှိနေတဲ့ တရုတ်နဲ့အိန္ဒိယ ၂ နိုင်ငံကို နယ်စပ်ပြဿနာတွေကိုနောက်ထားပြီး ပိုမိုနီးစပ်တဲ့ဆက်ဆံရေး အမေရိကန်ပြည် ထောင်စုရဲ့စီးပွားရေးဗိုလ်ကျမှုကိုကျောချင်းကပ်ဖို့ ဖြစ်လာစေမယ့်လက္ခဏာတွေ တွေ့လာရပါတယ်။

SCO အစည်းအဝေးမှာ တက်ရောက်စုဝေးကြတဲ့ နိုင်ငံတွေအားလုံးကို အာဏာရှင်နိုင်ငံတွေလို့ သိမ်းကျုံးခေါ်ဆိုလို့ မရတဲ့ အနေအထား ဖြစ်ပါတယ်။ တရုတ်၊ ရုရှား လေ့လာသူအဖြစ် တက်ရောက်တဲ့ မြန်မာအာဏာသိမ်းစစ်အစိုးရလိုမျိုးတွေကို အာဏာရှင်လို့ဆိုနိုင်ပေမယ့် အိန္ဒိယ၊ အင်ဒိုနီးရှားလို နိုင်ငံတွေလည်း တက်ရောက်တာ ဖြစ်ပါတယ်။ 

ဒီအစည်းအဝေးက ခုနှစ်ပိုင်းမှာဖြစ်ပွားနေတဲ့ ကမ္ဘာ့နိုင်ငံတွေအကြား စီးပွားရေး၊ စစ်ရေး၊ ကာကွယ်ရေး အခင်းအကျင်းတွေ ပြောင်းလဲမှုတွေနဲ့လိုက်ဖက်တဲ့ မဟာမိတ်ဖွဲ့မှုအသစ်တွေကို ဖြစ်ပေါ်စေတယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ ယခင်က ဆယ်စုနှစ်ချီ စစ်ရေးစီးပွားရေးမှာ အမေရိကန်ပြည် ထောင်စုရဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့နိုင်ငံတွေအပေါ် ခု နှစ်ဆန်းမှာသမ္မတဖြစ်လာတဲ့ ထရန့်က နေတိုးအဖွဲ့မှာ ကာကွယ်ရေးအသုံးစရိတ် မိမိတို့ဘာသာကျခံကြဖို့ နဲ့မျှော်လင့်မထားတဲ့ ကုန်သွယ်ခွန် ရာနှုန်းတွေကိုချမှတ်လိုက်ခြင်းနဲ့ အခြားသော မူဝါဒပိုင်းဆိုင်ရာ ပြောင်းပြန်လှန်တဲ့ပြောင်းလဲမှုတွေက အခုလို အင်အားကြီးနိုင်ငံတွေအကြား စုစည်းမှုအသစ်တခုကို တွန်းပို့ရောက်ရှိစေတဲ့သဘောလို့ဆိုရမှာ ဖြစ်ပါတယ်။ ဒါတွေက ကမ္ဘာ့အခင်းအကျင်း အရွေ့၊ ဒိုင်မင်းရှင်း အပြောင်းအလဲတွေ ဖြစ်ပြီး ဒီအရွေ့မှာ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေးအရ အမြတ်ထုတ်ဖို့ အခွင့်အလမ်းအချို့ရစေတယ်လို့ ဆိုရင် မှားမယ် မထင်ပါ။ 

SCO ကိုတက်ရောက်ခွင့်ရခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ တရုတ်သမ္မတ၊ အိန္ဒိယဝန်ကြီးချုပ်၊ ရုရှားသမ္မတတို့နဲ့တွေ့ဆုံဖို့အခွင့်အလမ်းကနေ အာဏာသိမ်းအစိုးရနဲ့ လာမယ့် နှစ်ကုန်မှာကျင်းပမယ့်ရွေးကောက်ပွဲတို့ကို အသိအမှတ်ပြုမှုရရှိဖို့ ရည်မှန်းချက်ထား ကြိုးပမ်းခဲ့တာတွေ့ရပါတယ်။ အိန္ဒိယဝန်ကြီးချုပ်က ရွေးကောက်ပွဲကိုအသိအမှတ်ပြုမယ့်အကြောင်း ပြောဆိုတာတွေက အာဏာသိမ်းစစ်ခေါင်းဆောင်အဖို့ ဆုလဘ်တခုသဖွယ်ဖြစ်စေပြီး နဂိုကတည်းက ရွေးကောက်ပွဲ လမ်းကြောင်းကိုအားပေးခဲ့တဲ့ တရုတ်နိုင်ငံကလည်း ထပ်မံအတည်ပြုပြောဆိုတာတွေနဲ့ တရုတ်နယ် စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် ဆက်လက် ဖိအားပေးမယ့် အလားအလာတွေကို စစ်ခေါင်းဆောင် မြင်တွေ့ခဲ့ရပုံရပါတယ်။ ချုံ့ပြောရရင် တရုတ်နဲ့အိန္ဒိယ အင်အားကြီးနှစ်နိုင်ငံအကြားမှာရှိနေတဲ့ မြန်မာနိုင်ငံအဖို့ ပထဝီနိုင်ငံရေးအရ အရေးပါမှုနဲ့အတူ အိမ်နီးချင်းအင်အားကြီး ၂ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြုကာ ပိုပြီး အားပေးထောက်ခံသွားမယ့်အရိပ်အယောင်တွေ တွေ့မြင်လာရတယ်လို့ ဆိုနိုင်ပါတယ်။ 

တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီအခြေအနေအခင်းအကျင်းကို ပြန်လည်သုံးသပ်ကြဖို့ အရေး တကြီးလိုအပ်မှာလည်း ဖြစ်ပါတယ်။ အခုလို ကမ္ဘာ့ပထဝီနိုင်ငံရေး အရွေ့၊ မဟာဗျူဟာ အပြောင်းအလဲ၊ မဟာမိတ်စုဖွဲ့ မှုအပြောင်းအလဲတွေက သက်ရောက်လာမယ့်သက်ရောက်မှုတွေကို တွက်ချက်ပြီး နွေဦးတော်လှန်ရေးရဲ့ မဟာဗျူဟာ နည်းဗျူဟာတွေပြန်လည်ချမှတ်ကြဖို့ အရေးတကြီးလိုအပ်နေပြီလို့ ဆိုချင်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar