Breaking News

လေခဏီ - ခွေးရူးတွေ လမ်းသလားနေတဲ့ အရပ်

လေခဏီ - ခွေးရူးတွေ လမ်းသလားနေတဲ့ အရပ်

မိုးမခ ၊ စက်တင်ဘာ ၃ ၊ ၂၀၂၅


ကမ္ဘာမြေ တုန်ဟည်းတယ် ဆိုတဲ့ လက်နက်ကြီးသံတွေက ကလေးတွေနဲ့ ဘယ်လို ဆက်စပ်သလဲ။ ပေါင်ငါးရာဗုံးတွေကကော ဗိုက်ကြီးသည်ကို ဘာကိစ္စ လာပတ်သက်ရတာလဲ။ သူတို့ရွာကို စစ်ကြောင်းထိုးတဲ့ စစ်တပ်ရေ၊ သူတို့အိမ်ကို မီးတိုက်လိုက်တဲ့ ရည်ရွယ်ချက်က ဘာလဲ။ 

တကယ်က သူတို့က မင်းတို့ကို မသိသလို မင်းတို့ကလည်း သူတို့ကို မသိပါဘူး။ သူတို့အသက်ဟာ မင်းလက်ထဲမှာ၊ မင်းသတ်လိုသတ် မင်းသတ်ချင်သလို သတ်ရတာ မင်းအတွက် ဘဝလား၊ နိစ္စဓူဝကိစ္စလား။ သူတို့ရဲ့ သေခြင်း၊ သူတို့ရဲ့ငိုကြွေးမှု၊ သူတို့ရဲ့နာကြည်းမှုဟာ မင်းတာဝန်လား။ မင်းဟာ လူတွေရဲ့အသက်ကို စီရင်ခွင့်ရှိလား၊ မင်းက ဘာလဲ။ ခွေးရူးတကောင်လား။ 

လူအုပ်စုတစုက လူမျိုးစုတစုရဲ့ ကံကြမ္မာကို ဖန်တီးခွင့်ရှိလား။ လူမျိုးစုတစုက အခြားလူမျိုးစုတွေ‌အပေါ်  ဘယ်လိုနေ ဘယ်လိုသေ လုပ်ဖို့ ဘယ်လို သက်ဆိုင်သလဲ။ ကိုယ့်လူမျိုးစုတွေအပေါ်မှာရော ဘယ်လိုနေ ဘယ်လိုသေ လုပ်ဖို့ ဘာကျိုးကြောင်းဆီလျော်မှုရှိလဲ။ ဘယ်သူတယောက်က ဘယ်သူ တယောက်အပေါ် ဘာစီရင်ခွင့်၊ ထိန်းချုပ်ခွင့်ရှိလဲ။ သတ်ဖြတ်ခွင့်ရှိလဲ။ ငြိမ်ခံခွင့်ရောရှိလား။ လည်စင်းခံရမယ်ဆိုတဲ့ ဗျာဒိတ်တော် ရှိလား။ မတုံ့ပြန် မတိုက်ခိုက်ရတဲ့ နိယာမ ရှိလား။ ပြန်မသတ်ရတဲ့ ဥပဒေသ ရှိလား။ မင်းကလေးတွေမှ ကလေးလေးလား။ မင်းကလေးတွေမှ အသွေးအသား ပါသလား၊ ဆာလောင်မွတ်သိပ်တတ်သလား။ ကျောင်းနေရမလား။ ဆေးကုရမလား။ ငိုယိုမြည်တမ်းတတ်သလား။ အဖေ အမေ တ တတ်သလား။ အစ်ကို အစ်မ တ တတ်သလား။ အဘိုး အဘွား တ တတ်သလား။ မင်းအိမ်တံခါးရော လာခေါက်လို့မရဘူးလား။ မင်းက လုံခြုံရေးအထပ်ထပ်ချ လူ့အဖွဲ့အစည်းနဲ့ စည်းခြား ကိုယ့်ထောင်ထဲကိုယ် ထည့်ထားမလား။ မင်းမိသားစုတွေရော လူ့အဖွဲ့အစည်းတခုလုံးက စောင့်ကြည့်စီရင်တာ ခံမလား။

မင်းကို ဘယ်သူက ပစ်သတ်ခိုင်းနေသလဲ။ ဘယ်သူတွေကို ပစ်သတ်ခိုင်းနေသလဲ။ မင်းက ဘယ်သူတွေကို  ပစ်သတ်နေသလဲ။ သူ့ဘာသာ နေနေတဲ့လူတွေကို စစ်တပ်က သတ်နေဖို့ဆိုရင် စစ်တပ်က ဘာလဲ။ သေနတ်ရှိတိုင်း တပ်ရှိတိုင်း သတ်ဖြတ်အုပ်ချုပ် မင်းမူခွင့်ရှိရင် အားလုံး လက်နက်ကိုင်ကြပြီပေါ့။ မင်း အမြဲရင်ဆိုင်နေမလား။ မင်း အမြဲ ယှဉ်ပြိုင်တိုက်ခိုက်နေမလား။ မင်းအသက် ဖက်နဲ့ထုပ်ထားလို့ရလား။ မင်းက မသေသူလား။ သတ်မရသူလား။ မင်းဟာ အနှေးနဲ့အမြန်သေရမယ်။ ရန်ပတ်လည်ဝိုင်းနေတယ်။ မင်း အားနည်းချက်တခု ဖြစ်ချိန်ဟာ မင်း သေမယ့်အချိန်ပဲ။  သူများလက်ကို ချုပ်ထားဖို့ မင်းလက်လည်း ဆုပ်ထားရမယ်။ စစ်တပ်ရဲ့အလုပ်က တိုင်းပြည်ကို ကာကွယ်ဖို့။ ခုက စစ်တပ်အတွက် တိုင်းပြည်ကို ဖဲ့ပေးနေတယ်။ စစ်သားရဲ့အလုပ်က ပြည်သူကို ကာကွယ်ဖို့။ ခုတော့ စစ်သားက အသက်ခုနစ်ဆယ်ကျော် အဘွားအိုတွေကိုတောင် မုဒိမ်းကျင့်ပြီး သတ်ဖြတ်တယ်။ ကလေးငယ်လေးတွေကို ရက်ရက်စက်စက် ဗုံးကြဲ ပစ်ခတ် သတ်ဖြတ်တယ်။ လူငယ်လူရွယ်တွေကို ကိုယ့်မိသားစု ကိုယ့်ဆွေမျိုး ကိုယ့်သူငယ်ချင်းတွေကို ပြန်သတ်ဖို့ ဇွတ်အဓမ္မသေနတ်ကိုင်ခိုင်းတယ်။ 

စစ်တပ်ဟာ ကချင်ကို အုပ်ချုပ်ခွင့် ဘယ်လိုရှိတာလဲ။ ကရင်ကို ဘာလို့ အုပ်ချုပ်ချင်တာလဲ။ ချင်းနဲ့ရော ဘာဆိုင်သလဲ။ ဘယ်တိုင်းရင်းသား ဘာသာစကားကိုရော ပြောတတ်လဲ။ ဘယ်တိုင်းရင်းသားဓလေ့ကိုရော အကျွမ်းဝင်သလဲ။ မဆီတဲ့မဆိုင် ပိုင်စရာလဲ ဘာအကြောင်းမှမရှိ၊ ထိစရာလဲမလို ကိုယ်နဲ့ပတ်သက်တာ ဘာမှမတွေ့။ ခု ပြည်ထောင်စုကို တကယ်ထိမ်းသိမ်းစောင့်ရှောက်ကာကွယ်မယ့်တပ် ပေါ်လာပြီ။ မြန်မာဒေသလည်း အဲဒီလိုပဲ။ ပြည်သူကို မီးရှို့သတ်ဖြတ်နေတဲ့တပ်အဖို့ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် တာဝန်လည်း အလိုအလျောက် ပျက်ပျောက်သွားပြီ။ ပြည်သူ့ဆန္ဒကလဲ မြင်တောင် မမြင်ချင်တော့။ စီရင်ဖို့ဘဲ လုံးပန်းနေကြပြီ။ စစ်တပ်သည် အားလုံးရဲ့ရန်သူ။ အားလုံးက လက်မခံ။ အုပ်ချုပ်ရန် ဘာထိုက်တန်မှုမှ မရှိ။ နိုင်ငံရေးအရဆို ပိုဝေးရော။ 

လက်နက်နဲ့ရေးတဲ့ နိုင်ငံရေးစနစ် ဇာတ်သိမ်းခန်းရောက်ပြီ။ စစ်အုပ်စု လူဝါးဝတာ မျိုးဆက်လိုက်နေ့စဉ် ခံနေရတဲ့ဒုက္ခက စစ်တပ်ရဲ့ အခန်းကဏ္ဍကို သင်းသတ်ပစ်လိုက်ပြီ။ စီးပွားရေးဖျက်တာလဲစစ်အုပ်စု၊ ပညာရေးနှိမ့်ကျစေတာလဲ စစ်အုပ်စု၊ နိုင်ငံခြားရေး အောက်တန်းနောက်တန်းကျစေတာလဲ စစ်အုပ်စု၊ စိုက်ပျိုးရေး မတိုးတက်တာလဲ စစ်အုပ်စု၊ ကျန်းမာရေးစနစ် ဖျက်ဆီးပစ်တာလဲ စစ်အုပ်စု၊ ယဉ်ကျေးမှု ဖျက်တာလဲ စစ်အုပ်စု၊ တတိုင်းပြည်လုံးက လူငယ်ခြေတက်တွေ နိုင်ငံတကာထွက် ကျွန်ခံစေတာလဲ စစ်အုပ်စု၊ ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်ဆွေကိုယ့်မျိုး ကိုယ့်ကိုးကွယ်ရာ ပစ်ပြေးရစေတာလဲ စစ်အုပ်စု၊ အဲဒီစစ်အုပ်စုကို ဘယ်သူ ကြည်ဖြူနိုင်မလဲ။ တိုင်းပြည်ကို တံကျင်လျှိုမီးမြှိုက်နေတဲ့ စစ်တပ်ကို အမြစ်မဖြတ်ရင် အရိုးနဲ့ ပြာပဲ ကျန်တော့မှာပေါ့။ အဲဒီစစ်တပ်က အဲဒီလိုလုပ်ခွင့်ရနေတာဟာ လက်နက်ရှိလို့။ စစ်မှုထမ်းရနေလို့။ တိုင်းပြည်ဘဏ္ဍာ ထိန်းချုပ်ခွင့်ရနေလို့။ သယံဇာတ‌တွေ လက်ဝါးကြီးအုပ်ထားနိုင်လို့။ 

ခု အဲဒီလက်ဆုပ်တွေ ပြေနေပြီ။ သယံဇာတလဲ မထိန်းချုပ်နိုင်တော့။ အခွန်ရနယ်မြေတွေ လျော့လာပြီ။ သူ့လိုပဲ စင်ပြိုင် လက်နက်ကိုင်ထားကြပြီ။ စစ်မှုထမ်းလဲ တရားမဝင် အတင်းအဓမ္မစုဆောင်းနေရပြီ။ ပုန်းလျှိုးကွယ်လျှိုး နေနေရပြီ။ စစ်သား ဆိုတာနဲ့ လက်နက်ချမလား၊ တိုက်ရမလား ဖြစ်နေပြီ။ စစ်ကား ဆိုတာနဲ့ မိုင်းဆွဲမလား၊ စောင့်ပစ်မလား အခြေအနေ။ စစ်အရာရှိမှန်သမျှ ပစ်မှတ်။ စစ်တပ်သည် အမြစ်ဖြတ်ရမယ့် ပြည့်ကင်ဆာ။ စစ်သားဟာ မကောင်းဆိုးဝါး။ စစ်သားဟာ ခွေးရူး။ ခွေးရူးက လူမြင်သမျှကိုက် ခွေးရူးပျံပိုးကူးစက် သွေးပျက်စရာ သေဆုံးမှုဖြစ်စေလို့ မသတ်လို့ မရ၊ ခွေးရူးဆို သတ်ကိုသတ်ရသည်။ 

တပ်မတော်သည် ခွေးသရမ်းအဆင့်တောင် မဟုတ်တော့၊ ခွေးရူးအဆင့်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar