Breaking News

တာပလု - အမှောင်ထဲမှာ လှော်ခတ်နေကြသူတွေ

Art - SKB

အမှောင်ထဲမှာ လှော်ခတ်နေကြသူတွေ
တာပလု
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၅


"သားကြီးနဲ့သွားတာ သက်သာတယ်၊ သားလေးက လှေမလှော်တတ်ဘူး။ သားလေးနဲ့သွားရင် ပင်ပန်းတယ်"

အဖေနဲ့ အမေ ညမအိပ်ခင် စကားတွေပြောနေတာကို ဖိုးပြူးကြားနေရတယ်။ အဖေက ဖိုးပြူးနဲ့ ရေလမ်းခရီးကို ခရီးသွားတဲ့အခါ လှေရဲ့ပဲ့ပိုင်းကနေ တက်မလေးကို ထိန်းလိုက်ရုံပဲ။ ဒါကြောင့် သားကြီးဖိုးပြူးနဲ့ လှေလှော်တဲ့အခါ သက်သာတယ်လို့ပြောတာ။

မနက်‌ ၄ နာရီဆိုတာ တောရွာလေးတရွာမှာ အိပ်ကောင်းတဲ့အချိန်ကြီး။ အထူးသဖြင့် ဖိုးပြူးတို့လို ကလေးတွေအတွက် ပိုလို့တောင် အိပ်လို့ကောင်းတဲ့အချိန် ဖြစ်နေတာ။

"သားကြီးထထ၊ သွားကြမယ်"

အဖေကဖိုးပြူးကိုနှိုးတော့ ချက်ချင်းဆိုသလို အိပ်‌နေရာကနေ ထလိုက်တယ်။ မနေ့တည်းက အဖေနဲ့ ခရီးတခုကို သွားရမယ်ဆိုတာ ကြိုသိထားလို့ပဲ။

ဖိုးပြူးအိပ်ယာကထတယ်။ မျက်နှာသစ်တယ်။ သွားတိုက်တယ်။ အဖေက ပုံးကြီးပုံးငယ်တွေ၊ လှေလှော်တက်တွေ အဆင်သင့်ထားတဲ့နေရာမှာ သွားယူတယ်။ ကိစ္စဝိစ္စတွေပြီးတော့ သားအဖနှစ်ယောက် လှေရှိတဲ့နေရာကို လာကြတယ်။

ကောင်းကင်ကြီးက မနက်ခင်းရဲ့ အလင်းကိုတောင် အစပြုလင်းလာတာမျိုးမဟုတ်သေးဘူး။ ညတညရဲ့ ပုံဖော်ချက်ကို တခန်းရပ်ဖို့ အစပျိုးနေတာမျိုးလဲ မတွေ့ရသေးဘူး။

ကောင်းကင်ပေါ်က ကြယ်တွေရယ်၊ တခြမ်းပဲ့ လခြမ်းကလေးရယ်။ မြေပြင်က တိတ်ဆိတ်ခြင်းရယ် ပေါင်းမိကြတော့ ဒါတညတာရဲ့ အချိန်ကာလကို အစမသတ်သေးတာပဲဆိုတာ သိနိုင်ပါတယ်။

ဖိုးပြူးတို့ သားအဖနှစ်ယောက်ရဲ့ ခြေသံတွေပဲ ထင်ထင်ရှားရှား ကြားနေရတယ်။

"ဖြေးဖြေးလျှောက်ကွ"
"ဟုတ်ကဲ့"

ခြေသံကျယ်လို့ အဖကပြောတော့ ဖိုးပြူးပြန်ပြော‌တဲ့ ဟုတ်ကဲ့ဆိုတဲ့အသံက ပိုလို့တောင် ကျယ်နေသေးတယ်။ ခြေသံထက် ဖိုးပြူးစကားသံ ပိုကျယ်နေတာကိုသိတော့ အဖေဖြစ်တဲ့သူက နောက်ထပ်ဘာစကားမှမပြောဘဲ လှေရှိတဲ့နေရာကို ဆက်ပြီးလျှောက်လာကြတယ်။

ဒီလိုမနက်ခင်းမျိုးမှာ စကားပြောသံ၊ လမ်းလျှောက်သံ ကျယ်ကျယ် ထွက်ပေါ်လာတော့ရော ဘာဖြစ်မှာမို့လို့လဲ။ ဖိုးပြူးတို့က ခြေသံလုံမှရမှာမို့ပါ။ မှောင်ခိုလုပ်ငန်းအတွက် ခြေသံလုံလေ ကောင်းလေပေါ့။

လှေထားတဲ့နေရာနဲ့ နီးလာတယ်။ မနေ့က အဖေကသူ့မိတ်ဆွေ နီတိုးဆီက လှေကိုသွားငှားထားတာ။ လှေဘယ်နေရာထားသလဲ ဆိုတာလဲ ဖိုးပြူး ကြိုမသိပါဘူး။

အဖေက ‌ရှေ့ကသွား၊ ဖိုးပြူးက နောက်ကလိုက်ပေါ့။ ဖိုးပြူးက စကားနည်းတယ်။ တခုခုဆို စပ်စပ်စုစု မမေးတတ်ဘူး။ မိဘတွေက ဒါခိုင်း၊ ဒါလုပ်ဆို လုပ်လိုက်တာပဲ။ အလုပ်အတွက် ငြီးတွားတာ၊ မလုပ်နိုင်တဲ့အကြောင်း ပြန်ပြောတာမရှိဘူး။

လှေထားတဲ့နေရာ မရောက်ခင်မှာ ဦးကျော်သင်းကုန်းကို ရောက်လာတယ်ဆိုတာ ဖိုးပြူးသိတယ်။ ဦးကျော်သင်းကုန်းဆိုတာ ဖိုးပြူးအဖေက အဖိုးအိုတယောက်ဆီကနေ မြေကွက်တကွက်ကို ဝယ်လိုက်တယ်။ အဲ့ဒီမြေကွက်ကို ဝယ်ယူလိုက်တဲ့နောက်ပိုင်း အရင်မူလပိုင်ရှင် ဦးကျော်သင်းကို အစွဲပြုပြီး ဦးကျော်သင်းကုန်းလို့ခေါ်တယ်။တရွာလုံးကလဲ လိုက်ခေါ်ကြတာ။ အဲ့ဒီနေရာက ဦးကျော်သင်းကုန်းဆိုပြီး ဖြစ်သွားတာပဲ။

ဦးကျော်သင်းကုန်းမှာ မောင်ဆန်းငွေတယောက် ပိုးထိပြီး သေသွားတာ။မောင်ဆန်းငွေ မြွေကိုက်ခံရတဲ့ညက ဖိုးပြူးတို့သားအမိတွေပဲ အိမ်မှာရှိနေကြတာ။ မောင်ဆန်းငွေတယောက် ကိုနိုင်ကိုပဲ အော်ခေါ်နေတာ ဖိုးပြူးတို့သားအမိကြားတာပေါ့။

ဦးကျော်သင်းကုန်းနဲ့ ဖိုးပြူးတို့အိမ်က ဘယ်လောက်မှမဝေးပါဘူး။ တိတ်ဆိတ်နေချိန်မျိုးမှာ အော်ခေါ်စရာမလိုဘဲ ပုံမှန်အသံနဲ့ လှမ်းခေါ်ရင်တောင် ကြားနိုင်ပါတယ်။

မောင်ဆန်းငွေ ခေါ်နေတဲ့အသံကို ဖိုးပြူးတို့သားအမိကြားတာက "ကိုနိုင်ရေ......ကိုနိုင်ရေ.......ကိုနိုင်.......ကိုနိင်ရေ"

ရွာမှာကိုနိုင်က နှစ်ယောက်ရှိတာ။ တယောက်က ဖင်ကော့ကိုနိုင်။ နောက်တယောက်က အရပ်ရှည်ရှည်နဲ့ ကိုနိုင်ပါ။ မနက်မိုးလင်းတော့ မောင်ဆန်းငွေတယောက် ဆုံးပြီးဆိုတာ သိကြတာ။ ညကကိုနိုင်ရေလို့ မောင်ဆန်းငွေတယောက်ခေါ်တာ ကိုနိုင်ကိုခေါ်တာမဟုတ်ဘဲ ဖိုးပြူးတို့အဖေကိုခေါ်တာတဲ့။

အပမှီသွားတာနေမှာပေါ့။ မောင်ဆန်းငွေတယောက် မသေခင်ပြော‌သွားသေးတယ်တဲ့။ ဦးကျော်အောင်ကိုခေါ်တာ သူ့ကို ပြန်မထူးဘူးတဲ့။ ဒါဆိုကိုနိုင်ရေလို့ တကြော်ကြော်ခေါ်နေတာ ဖိုးပြူးတို့အဖေကို ခေါ်တာပေါ့လို့ မောင်ဆန်းငွေသေတော့မှပဲ သိကြတော့တယ်။

ဦးကျော်သင်းကုန်းဘေးက ရိုးချောင်းလေးတခုရှိတယ်။  မိုးရာသီမှာ ဆင်သေရိုးကို အဲ့ဒီနေရာ ရေလမ်းကနေ အဝင်အထွက်လုပ်လို့ရတယ်။

ဖိုးပြူးတို့ သားအဖ လှေနားရောက်လာတော့ လှေက ညကထားတဲ့အတိုင်းပဲ ရှိနေပါတယ်။ လှေဝမ်းထဲ ရေတွေမရှိတော့ ပက်ထုတ်စရာတောင် မလိုပါဘူး။ သားအဖနှစ်ယောက်ရဲ့ မှောင်ခိုခရီးကို အဲ့ဒီနေရာကပဲ အစပြုလိုက်ပါတော့တယ်။

"လှော်လှော် လှေကိုလှော် မြစ်ကိုဆန်တက်မည်၊ လှော်ကြလှော်ကြ လှော်ကြ မြစ်ကိုဆန်တက်မည်"

သီးချင်း‌လေးအတိုင်းပါပဲ ဖိုးပြူးတို့ သားအဖ ချောင်းရိုးအတိုင်း ရေဆန်ကို ဆန်တက်နေကြပါတယ်။ ဖိုးပြူးက လှေလှော်ရင် လှော်တက်ပြားကို ရေနက်နက်ထဲ စိုက်လှော်တာ။ တက်ပြားကို ရေနက်နက်ထဲ စိုက်လှော်တော့ လှေကပိုသွားတာပေါ့။ ဒီလိုရေနက်ထဲ တက်ပြားစိုက်လှော်ဖို့က ပိုအားစိုက်လှော်ခတ်ရတာပါ။

လှေရဲ့ ပဲ့ပိုင်းမှာ ပဲ့ထိန်းပြီး လှော်ခတ်နေတဲ့ အဖေဖြစ်သူကတော့ သက်သာတာပေါ့။ လှေပဲ့ကလေး ထိန်းလိုက်လာလို့တောင်ရတယ်။ အဖေဖြစ်သူကလဲ မခိုကပါဘူး။ ပဲ့ပိုင်းကနေ လှော်ခတ်နေပါတယ်။ သွားရပြန်ရမယ့်နေရာ မြန်မြန်ရောက်လေ ပိုကောင်းလေပေါ့။

"အရှေ့ကိုကြည့်သားရေ၊ အနောက်ကနေဘာမှမမြင်ရဘူး"

အဖေကအနောက်ကနေ လှမ်းပြောပေမယ့် ဖိုးပြူးကဘာမှပြန်မပြောဘူး။ အမှောင်နက်ထဲ လှေလှော်ရတာ အရှေ့ကိုကြိုမြင်ဖို့က ခက်တယ်။

လှေဦးမှာထိုင်လှော်ခတ်နေတဲ့ ဖိုးပြူးလဲ လှေကိုလှော်ရင်း အရှေ့ကိုလဲ ရနိုင်သလောက်ကြည့်ရင်း လှော်ခတ်လာလိုက်တာ ကြံတောတံတားကို ရောက်လာတယ်။

"ပင်လယ်ကူးကနေမဖြတ်ဘူး၊ ကမ်းနားကပ်ပြီး ဖြတ်သွားမယ်နော်"

အဖေကတံတားအောက်က ဘယ်လိုဖြတ်မလဲဆိုတာ လှမ်းပြောပါတယ်။ ပင်လယ်ကူးဆိုတာ တံတားရဲ့အလယ်တည့်တည့်ပါ။ တံတားအလယ်တည့်တည့်က အမိုးပါတဲ့မော်တော်တွေ ဖြတ်ကြတာပါ။ ရေလယ်ဆိုတော့ ရေစီးလဲသန်တာပေါ့။

ကမ်းနားကပ်ပြီးဖြတ်ရင် ရေစီးလဲမသန်သလို၊ အားစိုက်ပြီးလှေကို လှော်စရာမလိုပဲ ပုံမှန်အတိုင်းပဲ လှော်သွားလို့ရပါတယ်။

တံတားအောက်ကဖြတ်ဖြတ်ချင်းပဲ ဖိုးပြူးအသံထွက်လာတယ်။

"ဟ........ဟ.....သွားပါပြီ။ သွားပါပြီ။ကုန်ပြီ။ ကုန်ပြီ"

ဖိုးပြူးဆီက အသံထွက်ရုံရှိသေးတယ်။ ဖိုးပြူးတို့‌လှေ တံတား‌အောက်က‌နေ ဖြတ်ကျော်ဦးတည်လာ‌ချိန်မှာ လှေတစီးက ကန့်လန့်ဖြတ်ပြီး ရပ်နေတာ။

ဖိုးပြူးဆီက ပထမဆုံးထွက်လာတဲ့ ဟ ဆိုတဲ့ အသံထွက်လာချိန်မှာပဲ ဖိုးပြူးတို့လှေ ကန့်လန့်ဖြတ် ရပ်ထားတဲ့လှေကို တိုက်မိသွားပါပြီ။

ရေဆန်ကိုလှော်ခတ်လာတဲ့ လှေအရှိန်ကနည်းနေလို့ တဖက်လှေ ဘာမှဖြစ်မသွားလို့ တော်သေးတာပေါ့။

"အရှေ့ကိုကြည့်ပါဆိုနေမှကွာ"လို့ အဖေကဖိုးပြူးကို အနောက်ကနေ လှမ်းအော်တယ်။

တဖက်လှေက လူကတော့ ဖိုးပြူးကို မနက်အစောကြီး မျက်ထောင့်နီနဲ့ လှမ်းကြည့်တယ်။ တဖက်လှေပေါ်က မီးရောင်နဲ့ အဲ့ဒီလူရဲ့ မျက်နှာကို ဖိုးပြူးကောင်းကောင်းမြင်လိုက်တယ်။ မှောင်ကြီးမဲမဲထဲ အရှေ့ကိုလှမ်းမြင်ရဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။

ချောင်းရိုးတလျှောက် မနက်မိုးမလင်းခင် ပိုက်တန်းချတဲ့သူတွေ၊ မြုံးဖော်ကြတဲ့သူတွေရှိတာကို ထည့်မတွက်မိလိုက်ကြတာလဲပါတယ်။ ဖိုးပြူးတို့ တိုက်မိတဲ့လှေက ပိုက်တန်းချထားလို့ ငါးဖော်နေတဲ့ လှေပါ။ အဖေကတော့ တဖက်လှေကို တောင်းပန်ပါတယ်။ ဖိုးပြူးကို မျက်ထောင့်နီနဲ့ လှမ်းကြည့်တဲ့ လူကတော့ ဘာမှပြန်မပြောပါဘူး။

ဖိုးပြူးတို့သားအဖ လှေကို အနောက်ကိုနည်းနည်း ပြန်ဆုတ်ပြီး အရှေ့ကိုခရီးဆက်ကြပါတယ်။ ဒီတခါ ဖိုးပြူးအဖေက အပင်ပန်းခံပြီး ရေလယ်ကနေပဲ လှေကိုလှော်ခတ်ပါတော့တယ်။

ရေလယ်ကနေ လှော်သွားချိန် ကမ်းနံဘေးမှာ တံငါလှေတွေကို တချက်တချက် တွေ့ရပါတယ်။ တချို့တံငါလှေတွေက မီးအုပ်ကလေးတွေနဲ့ပါ။ ကမ်းကပ်ပြီး လှေကို လှော်သွားရင် တံငါလှေတွေ တစီးပြီးတစီး ဝင်တိုက်မိမှာ သေချာပါတယ်။

ရွာသုံးရွာလောက် ဖြတ်လာချိန်မှာတော့ မနက်ခင်းရဲ့အလင်းကို ကောင်းကောင်းရနေပါပြီ။ အလင်းရောင် ကောင်းကောင်းရချိန်မှာတော့ ကွင်းပြင်ကြီးတခုကို ဖြတ်ကျော်နေပါတယ်။ ကွင်းပြင်ကြီးထဲက ကုန်းမြင့်မြင်နေရာတွေမှာ ကျွဲအုပ်တွေ နေကြတယ်။ ကမ်းမမြင်လမ်းမမြင်ရတဲ့ နေရာမျိုးမှာ ဘယ်ကကျွဲအုပ်က မျက်စိလည် လမ်းမှားလာသလဲဆိုတာ ဖိုးပြူးကတွေးနေမိတယ်။

နေ့တဝက်ကျိုးတော့ ဖိုးပြူးတို့သားအဖ ရေဆန်ကို ဆန်တက်လာကြတာ လိုရာခရီးကို ရောက်လို့လာကြတယ်။ ဖိုးပြူးက ရေဆိတ်မှာ လှေနဲ့အတူကျန်ခဲ့တယ်။ အဖေက သူဝယ်ရမယ့် အရက်ဆီတွေကို တက်ဝယ်ပါတယ်။

"လူမြင်ခံလို့မရဘူး။ အရက်ခိုးသယ်တဲ့အလုပ်က ရဲမိရင် ထောင်ကျသွားနိုင်တယ်"ဆိုတာ အဖေပြောတာ ဖိုးပြူးကြားဖူးပါတယ်။

ဖိုးပြူး‌အဖေက အရက်ပုံးတွေကို လှေဝမ်းထဲ တန်းစီပြီးနေရာချတယ်။ အရက်ဆီဝယ်တဲ့နေရာနဲ့ မနီးမဝေးမှာ ဆန်စက်တခုရှိတယ်။ ဆန်စက်ရောက်တော့ ပါလာတဲ့အိပ်တွေထဲ စပါးခွံတွေ ဆင်းထည့်ကြတယ်။

စပါးခွံအိပ်တွေကို အရက်ဆီ ပုံးတွေပေါ်ထပ်တင်လိုက်တယ်။ လှေဝမ်းထဲက အရက်ဆီပုံးတွေကို ဘယ်သူကမှ မမြင်ရတော့ပါဘူး။ အဖေဖြစ်သူရဲ့ စိတ်ထဲမှာတော့ အရက်မှောင်ခို သယ်ရတဲ့ စိတ်ဖိစီးချက်တော့ ရှိမှာပါပဲ။ ဖိုးပြူးတယောက်ကတော့ ဘာအပူအပင်မှ မရှိသလို၊ လှေကိုမြန်မြန်အားစိုက် လှော်ရမယ်ဆိုတာပဲ သိပါတယ်။

လှေကို မြန်မြန်လှော်ရမယ်။ မြန်မြန်လှော်မှ အိမ်မြန်မြန်ရောက်မယ် ဆိုတာလောက်ပဲ ဖိုးပြူးစိတ်ထဲမှာ တွေးပါတယ်။

ရွာမှာ အရက်ခိုးသယ်လို့ဆိုပြီး ထောင်ကျသွားတဲ့ ဦးလေးဖြစ်သူရဲ့ အဖြစ်အပျက်ကို ဖိုးပြူးပြန်တွေးမိလာတယ်။

အရက်ဆီဆိုတာ တမြို့နယ်က အရက်ဆီကို တခြားမြို့နယ်ကို နယ်ကျော်ရောင်းလို့မရဘူး။ ကိုယ့်မြို့နယ်က လိုင်စင်ရ အရက်ဆီ အရောင်းဆိုင်ကနေပဲ ဝယ်ယူပြီး ရောင်းရမယ်။ နယ်ကျော်ရောင်းတာ၊ တနိုင်တပိုင် ဆန်အရက်ချက်ပြီး ရောင်းတာဆို တရားမဝင် သတ်မှတ်ခံရပြီး ပုဒ်မအမျိုးမျိုး အတပ်ခံရမယ်။ ဒီထက်ဆိုးတာက ထောင်ဒဏ်အပြစ် ခံရနိုင်လို့ပဲဖြစ်ပါတယ်။

အာဏရှင်ကြီးစိုးရာနေရာတွေမှာ ဒီလိုအဖြစ်အပျက်တွေ ရှိနေတာ မဆန်းပါဘူး။ လူတစုကပဲ လက်ဝါးကြီးအုပ် ထိန်းချုပ်လုပ်ကိုင်ခွင့် ရှိရမယ်ဆိုတာ အာဏာကို အသုံးချပြီး ထိန်းချုပ်ဖို့လုပ်ကြ‌တဲ့သူတွေရဲ့ ကြီးစိုးခြင်းပဲ ဖြစ်တယ်ဆိုတာ ဖိုးပြူးတယောက်မသိပါဘူး။

ဦးလေးဖြစ်သူက ဆန်အရက်တွေကို မြေကြီးထဲမြှုပ်ပြီး ခွက်ပုန်းရောင်းနေတာပါ။ ဒီလိုခွက်ပုန်းရောင်းချိန် သတင်းပေါက်ပြီး ရဲတွေဝိုင်းလာတော့ တရားမဝင်အရက်တွေ ထားသို၊ ရောင်းချလို့ဆိုပြီး ဖမ်းဆီးခေါ်သွားကြတယ်။

ဖိုးပြူးရှေ့မှာပဲ ရဲက ဦးလေးကို လက်ထိတ်ခတ်ပြီး ခေါ်သွားတယ်။ ရွာကမိန်းမကြီးတွေက နောက်ကနေ ငိုယိုကြတာ။ Video ဇာတ်ကားတွေထဲက ရဲကလူဆိုးကိုဖမ်းတော့ မိသားစုဝင်တွေ အနောက်မှာ ငိုကျန်ခဲ့ကြတဲ့ ဇာတ်ဝင်ခန်းတခုကို ရိုက်ကူးနေသလိုပါပဲ။

တောရွာလေးတရွာမှာ ဆန်အရက်တွေ တနိုင်တပိုင် ချက်ရောင်းနေတာကို တရားမဝင်ဆိုပြီးလုပ်တယ်။ တမြို့နယ်က အရက်ဆီကိုလဲ တခြားမြို့နယ်ကို နယ်ကျော်လို့မရဘူး။ မြို့နယ်အတွင်းက အရက်ဆီကို ယူရောင်းပြန်တော့လဲ ပင်ရင်းမှာထဲက ရေရောထားတဲ့ အရက်ဆီတွေ ဖြစ်ပြန်တယ်။

ဒီလိုကြောင့်ပဲ ဖိုးပြူးတို့သားအဖ မြို့နယ်ကျော်ပြီး အရက်ဆီမှောင်ခိုသယ် ယူရောင်းတဲ့အလုပ်ကို တွင်တွင်လုပ်နေပါတော့တယ်။ ဒါလဲ မိုးကာလ တရာသီထဲပါပဲ။ နွေရာသီဆို ကုန်းလမ်းကနေပဲ လမ်းပေါက်တာဆိုတော့ အရက်ခိုးသယ်ဖို့က အခြေအနေကို အတော်‌လေးကြည့်ပြီး သယ်ရတာပါ။

နွေရာသီဆို အဖေဖြစ်သူက ဖိုးပြူးကိုမခေါ်တော့ပါဘူး။ သူတယောက်ထဲ စက်ဘီးတစီးနဲ့ အရက်မှောင်ခို သယ်နေကျပါပဲ။ သယ်တဲ့အခေါက်တိုင်း မိတယ်လို့မရှိပါဘူး။

အဖေက စက်ဘီးနောက်ခုံပေါ်မှာ ပန်းတွေကိုအပြည့်တင်သွားတယ်။ သွားတဲ့လမ်းတလျှောက်မှာ ဘုရားပန်းပါတယ်၊ ဘုရားပန်းပါတယ်လို့လည်း မဟစ်ပါဘူး။ တယောက်ယောက်က ပန်းတွေများလှချည်လားလို့မေးရင် ပန်းဖောက်သည်သွားပို့တာလို့ပဲ ပြောတယ်။

ဖိုးပြူးတို့အိမ်က မူလအလုပ်က လယ်အလုပ်ပါ။ လယ်အလုပ်က မိသားစုဝမ်းရေးဖြည့်ဖို့တောင် အနိုင်နိုင်ဖြစ်လာတော့ ခွက်ပုန်းအရက်ဆိုင်ထောင်ပြီး ရောင်းကြတော့တာပဲ။ ဖိုးပြူးလဲ လယ်သမားတယောက်အနေနဲ့ လယ်ထဲဆင်းလိုက်၊ အရက်မှောင်ခိုသယ်လိုက် ကျောင်းတက်ရမယ့်နေ့တွေဆို ကျောင်းတက်လိုက်ပေါ့။

လှေတစီးပေါ်မှာ စပါးခွံအိပ်တွေတင်ပြီး ဖိုးပြူးက လှေဦးက၊ အဖေဖြစ်သူက လှေပဲ့ကနေ လှော်ခတ်နေကြပါတယ်။ မနက်က ဖြတ်သွားခဲ့တဲ့ ကွင်းပြောင်ကြီးကို ပြန်ရောက်လာကြတော့ နေတောင်အတော်လေး စောင်းနေပါပြီ။ မကြာခင်မိုးချုပ်တော့မှာပါ။

သားအဖနှစ်ယောက် လှေကို ပုံမှန်ပဲလှော်ခတ်လာတယ်ထင်ရပေမယ့် ဖိုးပြူးကတော့ အသွားတုန်းကနှုန်းအတိုင်းကို လှော်ခတ်နေတာပါ။ တက်ပြားကို ရေနက်နက်ထဲ စိုက်ချပြီး အားသွန်ခွန်စိုက်ကို လှော်နေတာ။

တနေရာကနေကြည့်ရင် သားအဖနှစ်ယောက် စပါးအိပ်တွေကို တင်ပြီးလှော်ခတ်နေကြတာလို့ ထင်နိုင်ပါတယ်။ သူတို့တင်လာတဲ့ စပါးခွံအိပ်တွေအောက်မှာ အရက်ဆီတွေ ရှိနေတာကိုတော့ ဘယ်သူကသိနိုင်မှာလဲ။

"ဖြေးဖြေးလှော်ပါကွာ၊ အိမ်ပြန်ရောက်ဖို့လည်း ခရီးတဝက်တောင်‌ကျော်လာပါပြီ"လို့ အဖေဖြစ်သူက ဖိုးပြူးကို လေသံအေးအေးနဲ့ လှမ်းပြောပါတယ်။

ဒီနေ့အဖို့လုပ်ငန်းဆောင်တာ အောင်မြင်တဲ့အသွင်မျိုးနဲ့ ဖိုးပြူးကို စိတ်ချလက်ချ သဘောထားလိုက်ပါကွာဆိုတဲ့ ပုံမျိုးနဲ့လှမ်းပြောတာဖြစ်ပါတယ်။

ဖိုးပြူးကတော့ သူလှော်ခတ်နေကြပုံစံအတိုင်းကို တပြားသားမှမလျှော့ဘဲ ဆက်ပြီးတော့သာ လှေကိုလှော်နေတာဖြစ်ပါတယ်။ အိမ်ပြန်ရောက်ဖို့ ရွာနှစ်ရွာဖြတ်ရဦးမှာပါ။

အဖေက လှေကို ချောင်းနံဘေး တောအုပ်တခုထဲ ကွေ့ဝိုက်ချလိုက်တယ်။ ဘာမပြောညမပြော ပဲ့ထိန်းက လှေကိုကွေ့ဝိုက်ချလိုက်ချိန်မှာ ဖိုးပြူး အနောက်ကိုပြန်ပြီးလှည့်ကြည့်လိုက်တယ်။

အဖေကတော့ သူ့ကိုဘာမှမပြောသေးဘူး။ လှေတစီးလုံးညတောကွယ်လေးထဲရောက်သွားချိန်မှာတော့ ဘာလို့အခုလို လုပ်ရလဲဆိုတာကို ပြောပါတော့တယ်။

"နည်းနည်းမိုးချုပ်ခံမှရမယ်။ နောက်မဟုတ်ရင် တို့ကိုလူတွေ ရိပ်မိသွားနိုင်တယ်"

ဒီတောကွယ်လေးကနေ မိုးချုပ်တဲ့အထိနေရမယ်။ မိုးချုပ်တာနဲ့ အိမ်ကိုပြန်မယ်ပေါ့။ ညနေက တရက်တာရဲ့ အချိန်ကာလတခုကို အစသတ်ဖို့ ဟန်ပြင်နေပါပြီ။ အမှောင်ထု ကန့်လန့်ကာကလဲ တစပြီးတစကျလာတယ်။ ဒီနေ့တရက်တာ အလင်းရောင်ပေးခဲ့တာကို ပြန်ရုတ်သိမ်းနေပါတယ်။

အမှောင်ထုပမာဏ ဘယ်လောက်ကျလာမလဲဆိုတာ သားအဖနှစ်ယောက် ထိုင်ပြီးစောင့်နေကြပါတယ်။ သူတို့တွေက အမှောင်ထုကို အားကိုးပြီး လုပ်ငန်းတခုပြီးမြောက် အောင်မြင်တော့မှာလည်း ဖြစ်ပါတယ်။

ဒီအမှောင်လောက်ဆို ရပြီဆိုတဲ့သဘောနဲ့ အဖေက လှေကို တောအုပ်လေးထဲကနေ နောက်ဆုတ်ပြီး ထွက်လိုက်ပါတယ်။ တောအုပ်လေးထဲကအထွက်မှာ အမှောင်ထုက တိတိပပကို ‌ကျရောက်နေတာဖြစ်ပါတယ်။

လှေက ဦးကျော်သင်းကုန်းနားကို ပြန်ရောက်လာပါတယ်။ ပါလာတဲ့ ပစ္စည်းတွေကို အဖေဖြစ်တဲ့သူကများများ ဖိုးပြူးကနည်းနည်း ထမ်းသယ်ပါတော့တယ်။ အမှောင်နဲ့စပြီး အမှောင်နဲ့ အဆုံးသတ်တဲ့ တနေတာကို သားအဖနှစ်ယောက် အောင်မြင်စွာနဲ့ လက်စသတ်လိုက်ကြပါတယ်။

အလင်းဆိုတာ လူသားတွေအတွက် အမှန်တကယ်လိုအပ်တဲ့အရာပါ။ အမှောင်ထုကြီးစိုးနေချိန်မှာ အလင်းကို ဆာလောင်မွတ်သိပ်နေကြမှာ။

အလင်းရှိတဲ့အရပ်မှာ ဘာမဆို လုပ်နိုင်ကိုင်နိုင်၊ အောင်မြင်နိုင်၊ ထွန်းပေါက်နိုင်မှာ သေချာပါတယ်။ အလင်းလိုအပ်လို့ကို အလင်းကို မရမက ရှာကြံခဲ့ကြရတာပဲမဟုတ်လား။

ဖိုးပြူးတို့သားအဖနှစ်ယောက်ကတော့ လှေတစီးနဲ့ အမှောင်ထုကို အားကိုးတကြီးနဲ့ ရေဆန်ကို လှော်ခတ်သွားလိုက်၊ တဖန်ပြန်ပြီး ရေစုန်ပြန်လှော်ခတ်လာလိုက်နဲ့ မိသားစုစားဝတ်နေရေး ဆိုတာကြီးကို ဖြည့်ဆည်းနေကြတာပဲ ဖြစ်ပါတယ်။ 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar