မောင်လူမွှေး - လေးစားတယ် သူငယ်ချင်း
မောင်လူမွှေး - လေးစားတယ် သူငယ်ချင်း
မိုးမခ ၊ အောက်တိုဘာ ၁ ၊ ၂၀၂၅
မြေပြင်မှာ အနှောင့်အယှက်၊ အခက်အခဲတွေ ကြုံရတဲ့အခါ ထောင်ထဲ ရောက်နေတဲ့ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်ကို သတိရတတ်ပါတယ်။ မောင်လူမွှေး ခင်မင်ပေါင်းသင်းခဲ့ရတဲ့ သူငယ်ချင်းတွေထဲမှာ အဲဒီသူငယ်ချင်းဟာ သူ့ဘဝကိုပြောင်းလဲတိုးတက် အောင်ကြိုးစားရုန်းကန်နိုင်တဲ့ သူငယ် ချင်းဖြစ်လို့ မှတ်မှတ်ရရရှိသလို စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး CDM ဝင်၊ တော်လှန်ရေးမှာ ပါဝင်ပြီး ဖမ်းဆီးထောင်ချခံရတဲ့သူမို့ လေးစားရတဲ့ သူငယ်ချင်းလည်း ဖြစ်နေပြန်ပါတယ်။
အဲဒီသူငယ်ချင်းကို မောင်လူမွှေး ဆယ်တန်းနှစ်မှာ တွေ့ဆုံခင်မင်ခဲ့ရတယ်။ တွေ့ဆုံတဲ့အချိန်မှာ မောင်လူမွှေးက ဆယ်တန်း fresher ကျောင်းသားဖြစ်ပြီး သူက Repeater ကျောင်းသားတစ်ယောက်ဖြစ်တယ်။ သူဟာ အများနဲ့မတူတဲ့ ပြုမှုနေထိုင်ပြောဆိုပုံတွေကြောင့် သူနဲ့အကြောမတည့်တဲ့သူတွေများပြီး သတိထားမိတဲ့သူတွေလည်းများပါတယ်။
မောင်လူမွှေးတို့ ဆယ်တန်းကျူရှင် တက်နေတုန်း ပြီးခဲ့တဲ့နှစ်က ဆယ်တန်းဖြေထားသူတွေ အောင်စာရင်းထွက်ပါတယ်။ အောင်စာရင်းထွက်တဲ့နေ့မနက်မှာပဲ ဆယ်တန်းကျတဲ့ကျောင်းသားနှစ်ယောက် မောင်လူမွှေးတို့တက်နေတဲ့ကျူရှင်ကို လွယ်အိတ်ကိုယ်စီနဲ့ ရောက်လာပါတယ်။ အဲဒီကျောင်းသားနှစ်ယောက်ဟာ မောင်လူမွှေးတို့တက်နေတဲ့ ကျူရှင်က ကျောင်းသားဟောင်းတွေပါ။ လွယ်အိတ်ကိုယ်စီနဲ့ရောက်လာတဲ့ ကျောင်းသားနှစ်ယောက်ထဲက ကျောင်းသားတစ်ယောက်ဟာ ကျူရှင်ရဲ့ ရှေ့ ဆုံးခုံကိုသွားပြီး ထိုင်လိုက်ပါတယ်။ နောက်တစ်ယောက်ကတော့ နောက်ဆုံးခုံမှာ ဝင်ထိုင်ပါတယ်။
"မင်းကလည်းကွာ အလို့မှ ကျပါတယ်ဆို။ နောက်ဆုံးခုံ သွားထိုင်ပြန်ပြီ။ လာရှေ့ကို" ဆိုပြီး ရှေ့ဆုံးခုံသွားထိုင်တဲ့ ကျောင်းသားက နောက်ဆုံးခုံမှာ ထိုင်နေတဲ့ ကျောင်းသားကို လှမ်းပြီး အသံကျယ်ကျယ်နဲ့ပြောတော့ တစ်တန်းလုံးရယ်ကြရပါတယ်။ ဒီတစ်ကြိမ်နဲ့တင် သူ့ကို ကျနော်တို့ မှတ်မိသွားကြတာပါ။ နောက်ဆုံးခုံမှာထိုင်တဲ့ကျောင်းသားက သူ ခေါ်တာကိုမသွားပါဘူး။ ကျောင်းလည်းဆုံးအောင် မတက်ဘဲထွက်သွားပါတယ်။ သူကတော့ မောင်လူမွှေးတို့နဲ့အတူ တစ်တန်းတည်းအတူသင်ပြီး ဆယ်တန်း စာမေးပွဲကိုလည်း အတူအောင်ခဲ့ကြပါတယ်။
"မင်းလက်ရေးကလည်း ငှက်ကလေးတွေ ပျံနေသလိုပဲနော်" တဲ့။ သူ့လက်ရေးနဲ့ပတ်သက်ပြီး ဆရာတစ်ယောက်က မှတ်ချက်ချပါတယ်။ လက်ရေးညံ့ပြီး ဉာဏ်ရည်က အကောင်းကြီးမဟုတ်ပေမယ့် သူဟာ စာသိပ်ကြိုးစားတယ်။ "ငါတောင် သူ့လို မလုပ်ချင်ဘူး" တဲ့။ " ဆယ်တန်းကို ဘယ်နှနှစ် ဖြေရဖြေရ အောင်အောင်ကြိုးစားမှာ" တဲ့။ သူ ပြောခဲ့တဲ့စကားတွေကို မောင်လူမွှေး အမှတ်ရမိပါတယ်။ သူ့ရဲ့ စွဲမြဲတဲ့ရည်မှန်းချက်နဲ့ ကြိုးစားမှုကြောင့် ဆယ်တန်းကို ဂုဏ်ထူး တစ်ဘာသာနဲ့ အောင်မြင်ပါတယ်။
ဆယ်တန်းအောင်တော့ တက္ကသိုလ်ဆက်တက်။ စာအုပ်တွေလည်း သူ ဖတ်ပါတယ်။ ကျောင်းပြီးတော့လည်း လူမူရေးလုပ်ငန်းတွေလည်း တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်ပါတယ်။ ဒီလိုလုပ်ဆောင်တော့လည်း ဆယ်တန်းတုန်းက အအခြေအနေအတိုင်းပါပဲ။ အတူလုပ်နေကြတဲ့ လူငယ်အများစုက သူ့ကို အကြောသိပ်မတည့်ကြပါဘူး။ ဒါပေမဲ့ မောင်လူမွှေးရဲ့သူငယ်ချင်းဟာ စွဲမြဲတဲ့ရည်မှန်းချက်ရှိတယ်။ အလုပ်ကို ကြိုးစားလုပ်တယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ သူဟာ ရွာလူငယ်အဖွဲ့မှာ အဓိကနေရာကစွမ်းဆောင်နေသူတွေထဲက တစ်ယောက်ဖြစ်လာသလို သူရည်မှန်းထားတဲ့အတိုင်း အစိုးရရုံးတစ်ရုံးမှာ စာရေးအလုပ်ကို ရရှိခဲ့ပါတယ်။ အများက မျက်နှာကြောမတည့်တဲ့သူအဖြစ်ကနေ လူငယ်တွေကိုဦးဆောင်တဲ့သူအဖြစ်၊ သူ့ရည်မှန်းချက်အတိုင်း ရုံးတစ်ရုံးမှာ စာရွက် စာတမ်းနဲ့လုပ်ရကိုင်ရတဲ့ဘဝကိုရရှိဖို့ ကြိုးစားခဲ့တဲ့သူငယ်ချင်းကို မောင်လူမွှေး နှလုံးသားထဲကနေ ချီးမွမ်းနေမိခဲ့တာပါ။
ရုံးမှာ စာရေးအဖြစ် လုပ်ကိုင်ရင်း ရွာက လူငယ်တွေကို ဦးဆောင်နေပြီး အိမ်ခြေတစ်ထောင်ဝန်းကျင်ရှိတဲ့ရွာရဲ့ လေးစားမှုကို သူ ရရှိနေတဲ့အချိန်မှာ စစ်တပ်က အာဏာသိမ်းပါတယ်။ စာဖတ်အား ထိုက်သင့်သလောက် ကောင်းတဲ့သူဟာ တရားမှု၊ မတရားမှုကိုချက်ချင်းသဘောပေါက်ပြီး CDM ဝင်ပါတယ်။ ရွာလူငယ်တွေကိုဦးဆောင်ပြီး သပိတ်မှောက်ပါတယ်။ စစ်ကြောင်းလာရင် သူကိုယ်တိုင်လည်းပြေးရင်း စစ်ရှောင်တွေကို ကူညီပါတယ်။ တောထဲ ခဏခဏ ပြေးကြရတာမို့ လမ်းတွေကို ကောင်းအောင် သူ ဦးဆောင်ပြီး ပြုပြင်ပါတယ်။ မောင်လူမွှေးလည်း သူ လုပ်နေတာတွေ ကြားရတော့ ကိုယ့်သူငယ်ချင်းကိုချီးမွမ်းရာကနေ လေးစားလာပါတယ်။ အဲဒီနောက် သူ့ရွာက စစ်တပ်ထိုင်တဲ့ မြို့နဲ့နီးတာမို့ သူ့ကိုလည်း စိတ်ပူပြီး လိုင်းပေါ်ကနေ သတိပေးဖြစ်ပါတယ်။
"သူက အားကိုးလေးရှိတယ်ကွ" လို့ သူနဲ့လည်း ရင်းနှီးတဲ့ သူ့ရွာက မောင်လူမွှေး မိတ်ဆွေက ပြောပြပါတယ်။ CDM မဝင်တဲ့ သူ့ရုံးက အရာရှိနဲ့ သူဟာ အဆက်အသွယ်ရှိပြီး ရွာကို စစ်ကြောင်းလာမယ်ဆိုရင် သူ့ဆီ လှမ်းအကြောင်းကြားတယ်လို့ ဆိုပါတယ်။ ရွာကိုဝင်ပြီး သူ့ကိုစစ်တပ်က တကယ်ဖမ်းတဲ့အချိန်ကျတော့ CDM မဝင်တဲ့ သူ့အရာရှိဟာ သူ့ကို အကြောင်းမကြားတော့ပါဘူး။ မောင်လူမွှေး သူငယ်ချင်းလည်း တော်လှန်ရေးစတင်ခါစ အချိန်မှာပဲ စစ်တပ်ရဲ့ ဖမ်းဆီးထောင်ချမှုကို ခံလိုက်ရပါတော့တယ်။
မောင်လူမွှေးလွတ်မြောက်နယ်မြေမှာ အနှောင့်အယှက်တွေကြုံရတဲ့အခါ သူ့အကြောင်းကို သတိတရ ပြန်တွေးပြီး စိတ်ခွန်အားယူရပါတယ်။
သူဟာ စာညံ့တဲ့ကျောင်းသားအဖြစ်ကနေ ဂုဏ်ထူးတစ်ဘာသာနဲ့ ဆယ်တန်းကို အောင်မြင်အောင်ကြိုးစားခဲ့တာထက် လူအများရဲ့ သူ့အပေါ် အကြောမတည့်မှုများစွာကိုခံနိုင်ရည်နဲ့ ကျော်ဖြတ်ပြီး လူ ငယ်တွေရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာအောင် နှစ်ချီ ကြိုးစားခဲ့တဲ့ဂုဏ်က သိပ်ကိုလေးစားစရာကောင်းပါတယ်။ ခုတော့ မောင်လူမွှေး သူငယ်ချင်းဟာ ထောင်ထဲမှာ။ ပြန်ဆုံတွေ့ခွင့်ရကြဦးမယ် ဆိုရင်တော့ သူ့ကိုတွေ့တွေ့ချင်း "မင်းကို ငါ လေးစားတယ် သူငယ်ချင်း" လို့ မောင်လူမွှေး ရင်ထဲကစကားကို ပြောမှာဖြစ်ပါတယ် ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar