နေပြည်တော်သိမ်းအောင် - ပေါင်ချိန်ရူးမို့ ထူးသကို
နေပြည်တော်သိမ်းအောင် - ပေါင်ချိန်ရူးမို့ ထူးသကို
မိုးမခ ၊ အောက်တိုဘာ ၃ ၊ ၂၀၂၅
“In the end, we will remember not the words of our enemies, but the silence of our friends.”
Dr Martin Luther King Jr ပြောခဲ့တဲ့စကားနဲ့ပဲ စလိုက်ချင်တယ်၊ သွေးထွက်အောင် မှန်တဲ့စကားပါ။ ရန်သူတွေရဲ့ စကားလုံးမြားချက်တွေကို ဦးမညွတ်စတမ်း ရင်ဆိုင်သွားမယ့်သူတွေ ရှိပါတယ်။ ခြွင်းချက်တခုတော့ ရှိတယ်၊ တသားတည်း အတူရှိကြောင်း ဖေးမတဲ့ စကားလုံးတွေကိုတော့၊ ဝန်းရံသူတွေလို့ အမည်တပ် ခေါ်ဝေါ်နိုင်သူတွေရဲ့ နှုတ်က ထွက်လာပေးဖို့ လိုတယ်။
ဆိုရှယ်မီဒီယာပွဲ သက်သက်တွေကို ရေးလေ့မရှိပါဘူး။ ဒါပေမဲ့ တော်လှန်ရေးနဲ့ တိုက်ရိုက်ပတ်သက်တဲ့၊ ခပ်ရှင်းရှင်း ပြောရရင် တော်လှန်ရေး အရှိန်အဟုန်ကို သိသိသာသာ ထိခိုက်သွားစေတဲ့ အခုလို ဖြစ်ရပ်မှာတော့ ဝင်ပြောရပါလိမ့်မယ်။ ဝင်ပြောကြရမယ် ဆိုတဲ့ အသိလည်း လူတိုင်းမှာ ရှိမှ ဖြစ်ပါလိမ့်မယ်။
ဘယ်တော်လှန်ရေးကမှ ပုံမှန်ကာလ မဟုတ်သလို၊ ပုံမှန်အနေအထားကို မဖြတ်သန်းပါဘူး။ သူ့လမ်းကြောင်းမှာ လက်လှမ်းမီတဲ့ ပေးထားချက်တွေနဲ့ အကန့်အသတ်တွေကြား အဆင်ပြေအောင် ရွေ့နေကြရတာ။ ဆုံးဖြတ်ချက် လျင်လျင်မြန်မြန်နဲ့ ခရီးဆက် ရတာတွေက ပိုများပါတယ်။ ကိုယ့်ရဲ့အမှန် အမှား ထင်မြင်ယူဆချက်ကို ထုတ်မပြောရဲ၊ ထုတ်မပြောချင်ဘဲ အာပတ်လွတ် စကားလုံးဝေဝေဝါးဝါးတွေ လှည့်ပတ်သုံးစွဲပြီး၊ ခုံသမာဓိ လူကြီးမင်းတွေ နေရာက မဆင်းဘဲ၊ မျက်နှာမနာအောင် နေသာအောင် နေတာမျိုး ဆိုရင်တော့ ထိုသူတွေရဲ့ ဆင်ခြင်တုံတရားကို မေးခွန်းထုတ်ရတော့မှာပါ။
ငွေကြေးစာရင်းဇယား ကိစ္စဆိုတာ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် လွယ်ကူရိုးရှင်းမနေပါဘူး။ ‘စားရင်းစစ်စရာ လုံးဝမလိုဘူး’ ဆိုတဲ့ တဖက်စွန်းနဲ့ ‘ရှိရှိသမျှ အဝင်အထွက် စာရင်းတွေ လျှို့ဝှက်စရာမလို အကုန်လုံးပြကြ’ ဆိုတဲ့ အစွန်းတဘက်ကို ဒီတော်လှန် ရေးမှာ တွေ့နေကြရတယ်။ ခြုံကြည့်တဲ့အခါ သိသင့်သိထိုက်တဲ့ ကိန်းဂဏန်း အချက်အလက်တွေပါတဲ့ စာရင်းရှင်းတမ်းတွေ သိသင့်သိထိုက်သူတွေဆီ အချိန်မီတင်ပြပေးနိုင်တိုင်း အခုလို ပြဿနာကြီးငယ် ရှောင်လွှဲနိုင်ကြတာကို တွေ့ရပါတယ်။ ဒါက သင်ခန်းစာယူစရာပါ။ အရင်းအမြစ်နည်းပါးပြီး အကန့်အသတ်များစွာနဲ့မို့၊ ထိရောက် တဲ့ စနစ်တခု မထားရှိနိုင်ဘူးဆိုတာက အခုအခြေအနေမှာ ဆက်ကိုင်စွဲထားရမယ့် အကြောင်းပြချက် မဟုတ်တော့ပါဘူး။ မဖြစ်မနေ လုပ်ဆောင်ကြရမယ့် အချက် ဆိုတာ ပိုပေါ်လွင်လာပါပြီ။
အတိုက်ခိုက်ခံရတဲ့ ပရောဂျက်ငွေကြေးကိုင်တွယ်စီးဆင်းပုံများနဲ့ ပတ်သက်တာတွေကို ကိုယ်တိုင်ဖြေရှင်းခဲ့၊ ဖြေရှင်းဆဲ၊ ဖြေရှင်းဦးမှာလို့ နားလည်ထားပြီး၊ အဲဒီအကြောင်းတွေ ထည့်ပြောမှာ မဟုတ်ပါဘူး။ သူ့သမိုင်းသူ ရေးပါလိမ့်မယ်။ အဓိက ပြောလိုတာက ကာယကံရှင် ဖြစ်သူဆီက ‘နှုတ်ဆိတ်ရက်ကြသူတွေ၊ ရန်သူဘက်က မသိမသာ ရပ်ခဲ့ကြသူတွေ’ ဆိုတဲ့ စကားကို ဖတ်ခဲ့ရတာနဲ့ ပတ်သက်ပါတယ်။ ဒီစကားက အလွန်တာသွားတဲ့ စကားပါ။
ကိုယ်ကိုယ်တိုင်ရော၊ စာဖတ်သူတွေထဲမှာရော၊ အထက်က ရည်ညွှန်းခံရသူတွေထဲမှာရော၊ ကာယကံရှင်လောက် အုံနဲ့ကျင်းနဲ့ ဝိုင်းဝန်းတိုက်ခိုက်ခံရသူတွေ မရှိဘူးလို့ပဲ ယူဆထားမိတယ်။ ဘဏ္ဍာငွေ ရှာဖွေရေး ဒေါက်တိုင်တခုဖြစ်ရုံသာမက၊ ထိရောက်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို ဆောင်ရွက်နိုင်သူတဦး ဆိုတာ အထက်က ရည်ညွှန်းခံရသူများကလည်း လက်ခံထားကြမှာပါ။ ပြောရရင် အဲဒီလူတွေက ကာယကံရှင်နဲ့ အနီးဆုံးမှာ ရှိတဲ့သူတွေပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖေးမသင့်သလောက် ဖေးမခဲ့ကြရဲ့လားဆိုတဲ့ မေးခွန်း သူတို့အတွက် ရှိနေပါတယ်။ လူသားတယောက်ရဲ့ စိတ်ခံနိုင်ရည်စွမ်းကို မတွက်ဆနိုင်လောက်အောင် ညံ့ဖျင်းသူတွေလို့တောင် တွေးရမလို ဖြစ်သွားတယ်။
ဒီရည်ညွှန်းစကားအရကတော့ အုံနဲ့ ကျင်းနဲ့ အတိုက်အခိုက်ခံရချိန်မှာ အုံနဲ့ကျင်းနဲ့ ပျက်ကွက်ခဲ့ကြသူတွေလို့ပဲ တည့်တည့်ပြောချင်တယ်။ သူတို့ဟာ moral high ground ယူပြီး သူတို့ရဲ့ သမာသမတ်ကျသူလို့ ပုံဖမ်းထားတဲ့ ပုံရိပ်ကို ပိုဦးစားပေးခဲ့ကြသူတွေပါ။ သူတို့ဟာ တဦးချင်းဖြစ်နိုင်သလို အဖွဲ့အစည်းလည်း ဖြစ်နိုင်တယ်။ သေချာတာကတော့ စည်းတဘက်မှာ အတူတူရှိနေကြသူတွေလို့ နားလည်ရပါတယ်။ မယုံကြည်လို့ ဝင်မရပ်တည်ပေးတာမျိုးက ရှင်းပါတယ်။ ယုံကြည်ရဲ့သားနဲ့ ဟိုလိုလို ဒီလိုလို ရူးချင်ယောင်ဆောင်နေတာမျိုးကို ရည်ညွှန်းတာပဲ ဖြစ်ပါလိမ့်မယ်။
အမည်နာမတွေ ထည့်မသုံးချင်ပေမယ့်လည်း ရုပ်လုံးပေါ်အောင်ကိုတော့ နည်းနည်းထည့်ရေးရမှာပါ။ ငွေစာရင်းရှင်းတမ်း မမြင်ရဘဲ ဝင်ပြောရတာ အန္တရာယ်တော့ များပါတယ်။ ဒါပေမဲ့ The Key Project owner ရဲ့ ပတ်ဘလစ် ချပြတဲ့ ပို့စ်မှာပါတဲ့ KNDF ငွေလွှဲစာရင်းကို ကြည့်ရင်ပဲ လွဲမှားနေမှုကို အလွယ်တကူ တွေ့နိုင်ပါတယ်။ KNDF တာဝန်ရှိသူတွေရဲ့ နာမည်တွေပါတဲ့ မက်ဆေ့ချ်တွေအရလည်း ပရောဂျက် စီမံခန့်ခွဲသူ WLMF ဘက်က မဖြစ်သင်မဖြစ်ထိုက်၊ မပြောသင့် မပြောထိုက်တဲ့ စကားတွေ သုံးခဲ့တာ တွေ့ရတယ်။ ဒီအချက်ကိုကြည့်ရင်ပဲ ဝေ့ဝေ့ဝိုက်ဝိုက်နဲ့ ဈေးပေါပေါ စကားလုံးတွေ ဝေ့လည်ကြောင်ပတ်သုံးပြီး ပေါင်ချိန်လိုလို နေဖို့၊ ဒါမှမဟုတ် ဟိုဘက်လည်းမပါ ဒီဘက်လည်းမပါ ယောင်စိန်လိုလို နေဖို့ကတော့ မသင့်တော်ဘူးလို့ပဲ ပြောရမယ်။ အထူးသဖြင့် တော်လှန်ရေးရေစီးရဲ့ နေရာတနေရာမှာ ရှိနေကြသူတွေဆီက ‘ပေါင်ချိန်လိုလို ယောင်စိန်လိုလို’မဟုတ်ဘဲ၊ ပြတ်သားမှုတခုကို ပြသနိုင်ရပါလိမ့်မယ်။ ဒါမှလည်း အဲဒီနေရာတွေနဲ့ ထိုက်တန်တယ်လို့ ပြောနိုင်မယ်။
‘မြွေမသေတုတ်မကျိုး ရှည့်လည်းစွဲသာ ပျားလည်းလျှောက်သာ’ထုံး နှလုံးမူနေကြသူများကသာ လက်တွေ့မှာ ဦးဆောင်မှုပေးတဲ့ အခန်းကဏ္ဍမှာ နေရာယူထားကြတယ် ဆိုရင်တော့ ရင်လေးစရာလား၊ ရင်ကျိုးစရာများလားလို့တောင် ပူပန်ရတော့မှာပါ။
တော်လှန်ရေး အရှိန်အဟုန်အပေါ် အတိုင်းအတာတခုအထိ သက်ရောက်စေနိုင်တဲ့ ကိစ္စဖြစ်လို့ တော်တော်စိတ်ပျက် မိပါတယ်။ ‘ဒီလိုပုံနဲ့သာဆို ဒီအခြေအနေရောက်အောင် တွန်းပို့သလို ဖြစ်သွားနိုင်မှာပါလား’ ဆိုတာလေးကို မတွေးဆနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအားလုံးရဲ့ ဉာဏ်အမြော်အမြင်ကိုလည်း ဩချမိပါရဲ့။ တန်ဖိုးကြီးလှတဲ့ သင်ခန်းစာ တခုပါပဲ။
ပထမဆုံး မဟုတ်သလို၊ နောက်ဆုံးလည်း မဟုတ်နိုင်တဲ့ အဖြစ်အပျက်ပါ။ စိတ်ပညာသဘောတရားကို ကျမ်းကျေအောင် နားလည်တတ်မြောက်စရာ မလိုပါဘူး။ လူသားတယောက်ရဲ့ စိတ်ခံနိုင်ရည်ကို သဘောပေါက်ကြရပါလိမ့်မယ်။ ဖေးမဖို့ လိုအပ်နေသူများကို ဖေးမပေးရမှာ ဖြစ်သလို၊ တော်လှန်ရေးမှာ ကြားနေ မရှိရဘူးလို့ တွင်တွင်ပြောနေကြသူများ၊ အဖွဲ့အစည်းများဆီက ပြတ်သားမှုတခုကိုလည်း ပြသနိုင်ရပါမယ်။ ဝေ့လည်ကြောင်ပတ်နဲ့ moral high ground ယူတတ်တဲ့ အကျင့်တွေ ဖျောက်ကြရပါလိမ့်မယ်။ တော်လှန်ရေးမျက်နှာထက် မိမိ (သို့) မိမိအဖွဲ့အစည်း မျက်နှာမပျက်ဖို့ဘဲ ချင့်ချိန်နေရင်တော့ အလွဲကြီးလွဲ သွားပါပြီ။
နွေဦးတော်လှန်ရေးဟာ ပုဂ္ဂိုလ်တဦးတယောက်တည်းကိုပဲ ဗဟိုပြုဖြစ်ပေါ်နေတာမျိုး မဟုတ်ပါဘူး။ဒါပေမဲ့ ဘဏ္ဍာရန်ပုံငွေ ဖြည့်တင်းတဲ့ အခန်းကဏ္ဍမှာတော့ တော် လှန်ရေးဘက်ခြမ်းက လူသိများသူတို့ကို ဗဟိုပြုရှာဖွေရတဲ့ နည်းလမ်းတခုအနေနဲ့ လက်ခံထားရပါတယ်။ ရန်ပုံငွေရှာတဲ့ အခါမှာ ဒီဆယ်လီတွေနဲ့ အပြန်အလှန် စုစည်းတိုင်ပင်မှုတွေ အခါခါ ပြုလုပ်ကြရမှာပါ။ဒီလိုဆိုရင် ရန်ပုံငွေရှာပေးမှုရဲ့ နောက် ဆက်တွဲ တိုက်ခိုက်စွပ်စွဲခံရမှုတွေ အတွက်ကျတော့ ကိုယ့်ဖာသာကိုယ်ပဲ ဖြေရှင်းဆိုပြီး လွှတ်ထား၊ ဒါမှမဟုတ် အလျဉ်းသင့်သလို ရံဖာရံခါ အသံထွက်ပေးတာမျိုးလောက်က လုံလောက်ပါရဲ့လား။ အုံနဲ့ကျင်းနဲ့ စွပ်စွဲ တိုက်ခိုက်လာတာမျိုးကို ဒီဆယ်လီတွေ ရဲ့အားကို ယူစဉ်တုန်းကလို၊ တစုတစည်း ဝိုင်းဝန်း အဖြေရှာတုန့်ပြန် ပေးသင့်ပါတယ်။
အခုဖြစ်သွားတဲ့ ပြဿနာ ကွက်ကွက်လေးကိုပဲ ရည်ညွှန်းနေတာ မဟုတ်ပါဘူး၊ တချိန်မှာ နောက်ထပ် ရန်ပုံငွေရှာဖွေပေးသူတယောက် အခုလို ထပ်ပြီးရင်ဆိုင်ရတဲ့အခါ ဘယ်လောက် အထိ ထိုသူတဦးတယောက်တည်းက ကြံ့ကြံ့ခံ တုန့်ပြန်နိုင်မှာလဲ ဆိုတာကို ကြိုတင်စဉ်းစားထားရပါလိမ့်မယ်။ ပတ်သက်တဲ့ အဖွဲ့အစည်း၊ ဝန်ကြီးဌာနတွေရဲ့စနစ်တကျ ထုတ်ပြန်ရှင်းလင်း ပါဝင်ပေးမှုတွေလည်း လိုအပ်ပါတယ်။
Dr Martin Luther King Jr ပြောခဲ့တဲ့စကားကိုပဲ ထပ်ရေးပြီး အဆုံးသတ်လိုပါတယ်။
“In the end, we will remember not the words of our enemies, but the silence of our friends.”
Dr Martin Luther King Jr ပြောခဲ့တဲ့စကားကိုပဲ ထပ်ရေးပြီး အဆုံးသတ်လိုပါတယ်။
“In the end, we will remember not the words of our enemies, but the silence of our friends.”
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar