ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လဒတစီစီ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လဒတစီစီ
မိုးမခ ၊ အောက်တိုဘာ ၈ ၊ ၂၀၂၅
မတန်တဲ့မရာ၊ မသာနဲ့ တန်ဆာ ဆိုသလို ပုကြူနဲ့ နုမြူက ဘာမှမဆိုင်။ အေးလေ ဒီလင်မယားကလဲ မဆိုင်တာဆို အကုန်ပါတာ မဟုတ်လား၊ စစ်ယူနီဖောင်းနဲ့ ပလ္လင်ပေါ်တက် သန်လျက်ကိုင်ချင်ရတာနဲ့၊ ကံငါးပါး ကျူးလွန်တာကိုဘဲ ကိုယ့်ကိုယ်ကိုယ် ထူးချွန်ဆု ပြန်ပေးရတာနဲ့။ ဆားမှန်း သကြားမှန်းမသိ၊ စိန်နဲ့ဖန်လဲ မခွဲတတ်၊ လေချွန်တာနဲ့ မြွေတွန်တာလဲ မကွဲ၊ သေးနဲ့ ရေ လွဲသောက် ခွေးဖြစ်ပေမယ့် ခြင်္သေ့လိုကဟောက်ချင် မသင့်တာအကုန် ဆင့်ဟာ ငုံချင်တဲ့ဟာတွေလေ။
မဆိုင်တာပြော ငလှိုင်ဟာ ငပေါ ဆိုတဲ့အတိုင်း ဆရာနဲ့ ဒဘဲ့က ငတာနဲ့ ငပဲ့ရယ်။ ငပဲ့ကို ငတာကပင့်၊ ငတာက မျက်နှာလေးတဝင့်ဝင့်နဲ့ ဒါမှ ငါ့ဒဘဲ့ဆိုပြီး သိတဲ့အတိုင်း ငမဲလုံးကလဲ အလုံးဆို မျိုလိုက်ရမှ။ ငပဲ့ကလဲ ဘောဆို ငုံလိုက်ရမှ။ တရုတ် အလုံးမျိုလိုက်၊ ရှရှားဘောလေးငုံလိုက်၊ ဒါ့ကြောင့်လဲ သူတို့ကို ငလုံးမျိုနဲ့ ငဘောငုံနှစ်ကောင်လို့ တပ်အသိုင်းအဝိုင်းကပြောကြတာ။ ဖောတဲ့နေရာမှာတော့ လေထိုးရုပ်က အစ်မ ခေါ်ရမယ်။
ဒီရက်ပိုင်း ငဘောငုံက အရူးပိုရင့်ရင့်လာတယ်။ နေမြင့်လေ အရူးရင့်လေဖြစ်လာတာ၊ ခွေးရူးပိုးက နားထင်ရောက်ပကိုး။ သူ့တပ်သူလဲ ရိပ်မိပုံရပါရဲ့၊ သူ့ကောင်တွေကို စစ်ဝတ်စုံနဲ့ကို ပုံအတင်မခံရဲတဲ့ဘဝ၊ အနိစ္စသွားရင် မင်းတို့ပုံတွေက ကိစ္စရှိသွားပြီဆိုပြီး ဖြုတ်ခိုင်းတော့တာ၊ သူ့ပုံကျ အကုန်လိုင်းပေါ်တက်ခိုင်း၊ သူကျ ကရိုင်း မခံရမယ့်အတိုင်း။ ခုလဲ မန်းတက္ကသိုလ်ရာပြည့်ပွဲသွားတာ ဆရာဆရာမနဲ့ ကျောင်းသား ကျောင်းသူတွေကို ဖုန်းမယူရ ဘာညာအပြင် လေမလည်ရလို့ အမိန့်ထုတ်သတဲ့။ ဘာလို့ဆို လူကြားထဲ စောက်ခွက်ပြောင်ကြီးနဲ့ စပ်ဖြီး စပ်ဖြီးလုပ်နေမစိုးလို့တဲ့။ လေလည်သံကြားရင် အူမြူးတာက ထိန်းမရတဲ့အမျိုး မဟုတ်လား။
စစ်ဂုတ်တွေက ပြုတ်ချိန်နီးလာပလားဆို ဇာတိကို သွားသွား နှုတ်ဆက်တတ်ကြတာ သဘာဝ။ တလောက အပါယ်ဂိုးမယ်ဆိုတဲ့ အထာနဲ့ ထားဝယ် ဒိုးတယ်။ နောက်တခုက အပြုတ်နံ့ရရင် ဝန်ထမ်းတွေကို လစာတိုး၊ ပင်စင်တိုး ခံစားခွင့်တိုး လုပ်တာကလဲ ထုံးစံ။ တပ်ထဲမှာတင်ကို အကူးအပြောင်းမှာ အရူးထောင်းလို့ ကြေတဲ့သူတွေကလဲ အများသား။ ခွင်တွေ့ရင် ဖျင်တေ့မယ့်သူချည်း။ ဒီရက်ပိုင်း ဘောင်းဘီချွတ်ပြီး ပုဆိုးဝတ်တဲ့သူ စကတ်ဝတ်တဲ့သူတွေနဲ့ ရှုပ်လို့တဲ့။ စကတ်ကတော့ ဒုချုပ်ဝတ် ဆိုဘဲ။ သူ့ခမျာလဲ ပုချာဖြဲလို့ ဆင်တောင် ဝင်လို့ရနေပတဲ့၊ တပ်ထဲက ပြောကြတာ ပြောပါတယ်။ ကြံ့ကလဲ အငတ်စာရင်း အဲ အဲ အမတ်စာရင်း အကုန်ဖယ်ပေးရလို့တင်း။ ဗျင်းသာရင် ဗျင်းချင်ကြတာ။ ပါးစပ်ပေါက် ရောက်လာတဲ့ ချေးထုတ် ပုတ်ချခံရတာကိုး။ မျိုပြီးသားကောင်တွေဆို ပလုပ်ပါချခံရတာလေ။
ငပုကသာ နိုင်ငံတကာပတ်ပြီး သူ့ရွေးကောက်ပွဲကို ပရိုမိုးရှင်း လုပ်နေတာ ကြံ့ဖွတ်ကဖြင့် အမတ်နာမည်တောင် မကြေညာရဲဘူး၊ ရွေးကောက်ပွဲကနေ ခွေးပျောက်ပွဲ ဖြစ်မစိုးလို့တဲ့။ စစ်သားတွေသာ လုပ်လာတယ်၊ ကြောက်တတ်တာကလဲ လွန်ရော။ သူများကျ ဘယ်လိုသတ် ဘယ်လိုပစ် ဘယ်လို နှိပ်စက်နဲ့ သိပ်လက်သွက် နှုတ်သွက်ခဲ့တဲ့ကောင်တွေ၊ ဟော သူတို့လက်ထဲမှာ သေနတ်မရှိ၊ ပြည်သူ့လက်ထဲမှာသေနတ်ရှိလာရော ကြောက်သေးပန်း ကြောက်ချီးပါ ပြည်သူ့ဆီကမဲတောင်းမှာကို နာမည်မဖော်ပြရဲဘူးဆိုတော့ ဒီကောင်တွေ ပုံတွေ ဗီနိုင်းထုတ်မချိပ်ရဲ၊ ပန်းဖလက်လဲ မဖြန့်ရဲနဲ့ ကိုယ်ပျောက်အမတ်လုပ်ကြတော့မယ်။ ပြိတ္တာရုပ် ဖုတ်တစ္ဆေ မြေဘီလူးသောက်ခွက်တွေ ပြည်သူ မမြင်ရတော့ စိတ်ချမ်းသာရတာပေါ့လေ။ မဟုတ်ရင် အဒီပုံတွေနဲ့ ရပ်ကွက် ဖွတ်တက်မှာ။
မင်းကင်းမောင်မြင့် ဆို မင်းကင်းက လူတွေသာ တိုက်ဖို့ခိုက်ဖို့ လွတ်ရာကနေ လှမ်းလှမ်းမြှောက်ပေးတာ၊ သူကျ မင်းကင်းမသွားရဲဘူး၊ နေပူတော် ဇမ္ဗူသီရိက ပြိုင်မတဲ့၊ ဇမ္ဗူသီရိရော လွတ်မှာကျလို့။ ခေါင်း ဂျန်ပါတပ်သွားလဲမလွတ် စနိုက်ပါနဲ့ ဒွတ်မလား၊ ပစ္စတိုနဲ့ဇွပ်မလား၊ ဘာမှမခက်၊ ငှက်ပျောသီးစားရတာကမှ အခွံနွှာနေရအုံးမယ်။ သမိုင်းက တပတ်ပြန်လာတော့မှာသိကြသား။
ဘူးလက်အဆင့်ဆို နေရာလွတ်တောင် ကျန်ပါ့မလား မသိ။ ပြိုင်ရမယ့်မြို့ကလဲ တပိုင်း နှစ်တုံးလောက်ရှိတာ။ တတုံးလောက်စားရဖို့ အဲ တမြို့လောက် ရွေးကောက်ပွဲလုပ်ရဖို့ စစ်သားကရာချီ ထောင်ချီရင်းရတာ၊ မြို့တမြို့ရဖို့ မကျအောင်ထိန်းဖို့ စစ်သားတွေသာ ပိုးစိုးပက်စက်အသေခံပေးရတာ၊ အမတ်လုပ်မယ့်ကောင်က နာမည်တောင် မဖော်ရဲ။ မုဆိုးမဖြစ်သွားသူတွေဆို အဖမဲ့ဖြစ်သွားသူတွေဆို ကြေကွဲမယ်ဆို မျက်ရည် ဘူးသီးလုံးလောက် ပေါက်ကနဲပေါက်ကနဲဖြစ်စရာတွေပလေ။ ဒီဖွတ်ကြောက်မီးလိမ်တွေ အပုန်းအမတ်လုပ်ရဖို့ အသတ်ခံရအုံးမယ့်ဝန်ထမ်းတွေဘယ်လောက်ရှိအုံးမယ် မသိသေး။
အင်း ရှမ်းပြည်ရှိသမျှ လက်နက်ကိုင်တွေသာအကုန်ဝိုင်းတိုက်ရင် စစ်ခွေးတအုပ်လုံး ဒီရူးသလိုပေါသလို ရွေးကောက်ဖို့ မပြောနဲ့၊ သေးပေါက်ချိန်တောင် ရလိုက်မှာမဟုတ်၊ ရုရှားပြေးဖို့လဲ အချိန်မမီ၊ တရုတ်ပြည်လဲ မလစ်သာနဲ့ သေတ္တာနဲ့တောင် သေလိုက်ရဖို့ မမြင်။ သူပုန်ဆိုသူတွေကလဲ စစ်အုပ်စုဗိုလ်ကျတာမခံနိုင်လို့လက်နက်ကိုင်ကြတယ်သာ ပြောတာ၊ စစ်အုပ်စုတမြုံလုံးအမြစ်ပြတ်နိုင်တဲ့အခြေအနေရောက်မှ လက်စွပ်ကြီးတွေ တဝင်းဝင်းနဲ့ များတို့က သူငယ်ရှာဖို့ ပွဲလာတာဖြစ်နေလို့ ငပုတို့သက်သာနေတာ။ မဟုတ်လို့ကတော့ စစ်လောက်တွေနဲ့ ခေတ်ကြောက်ကြီးဘယ်ရှိတော့မလဲ။ ရိုသမားတွေကလဲ ဂျီနိုဆိုက်စစ်တပ်လို့ပြောပြီး အမယ် အဲဒီစစ်တပ်နဲ့ပေါင်း တော်လှန်ရေးလမ်းကြောင်းကို ကန့်လန့်လာတိုက်နေကြရဲ့၊ ငပုလဲ ဘယ်ကုသိုလ်အကျိုးပေးလဲတော့မသိ။ သူသတ်ခဲ့တဲ့ကောင်တွေက သူ့ကိုအလုပ်အကျွေးလာပြုတာနဲ့ကြုံလို့ သက်ဆိုးရှည်နေသပေါ့။
အင်း ဒါလဲ ကုန်လုလုပါဘဲလေ။ သန်းရွှေရဲ့ စစ်မှုထမ်းဥပဒေ ကယ်လို့သာပါ၊ မဟုတ်ရင် ဖျင်ဝဒုတ်ဝင် ဖုတ်ကင်ခံရ ကြာလှပေါ့။ ဒါတောင် AA ဆီပို့လိုက်၊ ကုန်လိုက်။ KIA ဆီပို့လိုက်၊ ပလုံလိုက်။ TNLA ဆီပို့လိုက်၊ အပြုံလိုက်။ KNUဆီ ပို့လိုက် အပုံလိုက်၊ ကရင်နီဆီ ပို့လိုက် အမြုံလိုက်၊ အညာပို့လိုက် ဖုန်ရှူလိုက်နဲ့၊ သူပုန်မူအကြိုက် ကြုံသူဖိုက်နေကြတော့ မသာနဲ့ အလောင်း ဆိုတာ ယင်တယောင်းယောင်း လဒတစီစီ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar