ကျပ်ငွေ တန်ဖိုးမြင့်တက်လာပေမယ့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် လူထုရဲ့ ရှင်သန်ရေး ခက်ခဲနေ
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၇ မြင်ကွင်း
မိုးမခ ၊ အောက်တိုဘာ ၈၊ ၂၀၂၅
ကျပ်ငွေ တန်ဖိုးမြင့်တက်လာပေမယ့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် လူထုရဲ့ ရှင်သန်ရေး ခက်ခဲနေ
မကြာသေးတဲ့ သီတင်း နှစ်ပတ်၊ သုံးပတ်တာ ကာလအတွင်း ကျပ်ငွေတန်ဖိုး မြင့်တက်လာပါတယ်။ လအတန်ကြာ အမေရိကန် ၁ ဒေါ်လာ ကျပ် ၄၄၀၀ ဝန်းကျင်မှာ အနည်းငယ် တက်လိုက်၊ ကျလိုက် ရှိနေရာက စက်တင်ဘာလအကုန်မှာ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာပြီး အောက်တိုဘာ ပထမပတ်မှာတော့ ၁ ဒေါ်လာ ကျပ် ၄၀၀၀ အောက်ကို ကျဆင်းတဲ့အထိ ရောက်ရှိလာခဲ့တာ တွေ့ရပါတယ်။
ယေဘုယျအားဖြင့် မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာတယ်ဆို ပြည်ပသွင်းကုန်ပစ္စည်းတွေ ဈေးကျဆင်းလာမယ့် သဘောဖြစ်ပါတယ်။ ဒါက ကုန်သွယ်မှုတွေမှာ အကန့်အသတ်တွေ ပိတ်ပင်မှုတွေ မရှိတဲ့အနေအထား ပုံမှန်အခြေအနေမျိုးမှာ ကျပ်ငွေတန်ဖိုး မြင့်တက်လာတဲ့အခါ ဆက်စပ်ဖြစ်ပေါ်မယ့် ဖြစ်စဥ် ဖြစ်ပေမယ့် အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေက ပုံမှန်အခြေအနေ မဟုတ်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ကျပ်ငွေတန်ဖိုးမြင့်တက်လာနေတဲ့တိုင် ကုန်ပစ္စည်းတန်ဖိုးတွေ သိသိသာသာ မြင့်တက်လာနေတာက ကျပ်ငွေတန်ဖိုးမြင့်တက်ခြင်းဟာ မြန်မာကျပ်ငွေ တန်ဖိုးခိုင်မာလာတယ်လို့ ယူဆလို့မရဘဲ ကျပ်ငွေ ဝယ်လိုအား ကျဆင်းစေတဲ့ တားမြစ်မှု၊ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့်လို့ ယေဘုယျအားဖြင့် ကောက်ချက်ချစရာ ဖြစ်နေတာပါ။
သြဂုတ်လထဲမှာ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို မြန်မာဘက်က ရုတ်တရက် ပိတ်ချလိုက်ပြီး ကရင်ပြည်နယ်ထဲ ရောက်ရှိပြီးသား ထိုင်းကုန်စည်တင်ဆောင်လာတဲ့ ကုန်ကားတွေကိုပါ စစ်ဆေးတာ၊ သိမ်းဆည်းတာတွေ လုပ်ဆောင်ခဲ့ရာက ကရင်ပြည်နယ် မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေးက ရပ်ဆိုင်းလုနီး ဖြစ်ခဲ့တာပါ။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ကော့သောင်း-ရနောင်း နယ်စပ်က တဆင့် ရေလမ်းကနေ သာတင်သွင်းဖို့ စစ်ကောင်စီက ညွှန်ကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ဆပ်ပြာမှုန့်၊ ငံပြာရည်၊ နို့ထွက်ပစ္စည်း၊ သွားတိုက်ဆေး စတဲ့ နေ့စဥ်သုံး ကုန်ပစ္စည်းတွေက အစ စက်မှုလုပ်ငန်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းတချို့၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း စတာတွေ အထိ ကုန်ပစ္စည်းရှားပါးတာ ဈေးနှုန်းမြင့်တက်တာတွေ ရင်ဆိုင်လာကြရတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့က စီးတီးမတ်၊ မားကက်ပလေ့စ် တို့လို လူလတ်တန်းစားတွေ ဝယ်ယူလေ့ရှိတဲ့ လက်လီစတိုးတွေမှာပင်လျှင် ကုန်ပစ္စည်းပြတ်လပ်တာတွေ၊ အချို့သော ကုန်ပစ္စည်းတွေ ရောင်းချနိုင်ခြင်း မရှိတော့တဲ့ အခြေအနေမျိုး တွေ့လာကြရပါတယ်။ စီးတီးမတ်ဟာ စားသောက်ကုန်၊ လူသုံးကုန်တို့ တင်သွင်းရာမှာ ခေတ်အဆက်ဆက် တင်သွင်းခွင့်ရအောင် လုပ်ဆောင်နိုင်ခဲ့ပေမယ့် လတ်တလော အာဏာသိမ်းစစ်တပ်ရဲ့ ပိတ်ဆို့မှု ကန့်သတ်မှုတွေကို ကျော်လွန်ပြီး တင်သွင်းနိုင်ခြင်း မရှိတဲ့ အနေအထားလို့ ကောက်ချက်ချရပါတယ်။
ကျပ်ငွေတန်ဖိုးမြင့်တက်ခြင်းက စိုက်ပျိုးရေး ပို့ကုန်၊ လက်ခစားလုပ်ခစား စက်ရုံပို့ကုန်လုပ်ငန်းတွေအဖို့ ပြည်ပနဲ့ ဆက်သွယ်ရောင်းချရာမှာ နစ်နာစေတဲ့ အနေအထားဖြစ်ပြီး ဆန်စပါး၊ ပဲ၊ ပြောင်းစတဲ့ စိုက်ပျိုးသီးနှံ တင်ပို့မှုကိုလည်း ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ တဖက်မှာတော့ မြင့်တက်လာတဲ့ ကျပ်ငွေတန်ဖိုးကြောင့် ပြည်ပက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အရင်ထက် နိမ့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်ခြင်း မရှိတဲ့ ကမောက်ကမ အခြေအနေမျိုး ကြုံတွေ့နေကြရတဲ့ သဘောဖြစ်ပါတယ်။
ကျန်းမာရေးအတွက် ပုံမှန်မှီဝဲနေကြရသူတွေ အနေနဲ့လည်း ဆေးဝါးတင်သွင်းဖို့ လိုင်စင် ကန့်သတ်မှုတွေ ရှိနေတာကြောင့် ဆေးဝါးပစ္စည်းတွေ ဈေးနှုန်းအဆမတန် မြင့်တက်လာနေပြီး ကုန်ဈေးနှုန်းတွေ ကြီးမြင့်တဲ့ အခြေအနေမှာ ဆေးဝါး ဝယ်မရတာ ဈေးမတန်တဆ ဖြစ်နေတာမျိုးနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
အခုလို ကုန်ဈေးနှုန်းကြီးမြင့်တဲ့ အကျိုးသက်ရောက်မှုကို ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ နေထိုင်သူတွေပင်လျှင် အခုလို ခက်ခဲစွာ ရင်ဆိုင်နေရရင် စစ်ပွဲဖြစ်ပွားတဲ့ ဒေသတွေ၊ အချို့သော လူသုံးကုန်၊ အမျိုးအမည်တွေ သယ်ဆောင်ခွင့် မရှိလို့ ကန့်သတ် ပိတ်ပင်ခံထားရတဲ့ ဒေသတွေမှာ နေထိုင်နေကြတဲ့ လူထုတွေ အနေနဲ့ ပိုမိုကြီးမြင့်တဲ့ စျေးနှုန်းနဲ့ ဝယ်ယူသုံးစွဲကြရမယ့် အနေအထား ဖြစ်ပါတယ်။ ဆေးဝါးပစ္စည်း ၊ လျှပ်စစ်ပစ္စည်း နဲ့ စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာလို ကုန်စည်တွေကို လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ဒေသအချို့ကို ပို့ဆောင်ခွင့်မပေးတာမျိုးလည်း ရှိနေတာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ ပိတ်ဆို့မှု အဆိုးဆုံးရင်ဆိုင်ရတဲ့ ဒေသက ရခိုင်ပြည်နယ် ဖြစ်ပါတယ်။ မြို့ ၃ မြို့လောက်သာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တဲ့ ရခိုင်ပြည်နယ် တခုလုံးကို ကုန်စည်တင်ပို့ခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ် ထိန်းချုပ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့လို ဒေသတွေအတွက်သာ အကန့်အသတ်ပမာဏနဲ့ သယ်ဆောင်ပြီး စစ်ကောင်စီက ကန့်သတ်ပမာဏနဲ့ ဖြန့်ချိပေးပြီး AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ရဲ့ ဒေသအများစုက မိမိတို့ဒေသ ထွက် ဆန်၊ ရိက္ခာနဲ့ အိန္ဒိယနယ်စပ်က တဆင့်တင်သွင်းလာတဲ့ ဆန်၊ ဆီ အခြားလူသုံးကုန်တွေကို မှီခိုနေကြရတာ ဖြစ်ပါတယ်။
ကချင်နဲ့ ချင်း ပြည်နယ်၊ ကရင်နီ (ကယား)ပြည်၊ စစ်ကိုင်းတိုင်း စတဲ့ဒေသမှာ နေထိုင်သူတွေ အနေနဲ့လည်း ရန်ကုန်၊ မန္တလေး တို့လိုမြို့ကြီးတွေက သယ်ဆောင်လာတဲ့ ကုန်စည်တွေ ကို စျေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသုံးနေကြရတဲ့ အနေအထားဖြစ်ပါတယ်။ ဆက်သွယ်ထားတဲ့ ကားလမ်းတွေ လုံခြုံမှုမရှိတာ၊ လမ်းတလျှောက် လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးရဲ့ အခွန်အကောက်၊ လမ်းခရီး မကောင်းတာကြောင့် ကြန့်ကြာမှုတွေ၊ ပုံမှန်ကာလတွေထက် ပျက်စီးဆုံးရှုံးနိုင်ခြေ မြင့်မားတာကြောင့် ကုန်သွယ်သူတွေရဲ့ အမြတ်နှုန်းတွေ စတာတွေ အားလုံးပေါင်းလိုက်တဲ့အခါ မထင်မှတ်ထားတဲ့ ကုန်ဈေးနှုန်းတွေနဲ့ အဆိုပါ ဒေသတွေမှာ နေထိုင်သူတွေ ဝယ်ယူနေကြရတာ ဖြစ်ပါတယ်။
လူတွေရဲ့ နေ့စဥ် စားသုံးမှုနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ကို ကုန်သွယ်ကြရာမှာ အမျိုးမျိုးသော ခေါင်းစဥ်တွေနဲ့ အခွန်အကောက် လမ်းခရီးလုံခြုံရေး စတာတွေက မြန်မာနိုင်ငံအဝန်းက လူထုအဖို့ ဘယ်ခေတ်ဘယ်ကာလနဲ့မှ နှိုင်းယှဥ်လို့ မရတဲ့ ကုန်ြဈေးနှုန်း၊ ခက်ခဲကျပ်တည်းမှုတွေကို ရင်ဆိုင်ပြီး အသက်ရှင်သန်ဖို့ ကြိုးစားနေကြရတဲ့ အခြေအနေမျိုး ဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar