Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၅၀ )

Art Than Htay Maung


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၅၀ )
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၂၅

8/10/25 - Wednesday
Diary in the darkness


အောင်ပွဲခံရမယ့် တနေ့ ရောက်လာမယ်ဆိုတဲ့စိတ်နဲ့ ကြံ့ကြံ့ခံ ရုံမှတပါး အခြားမရှိ။ 
အာခံ တိုက်ပွဲ ဆင်ရုံမှတပါး အခြားမရှိ။ 
လူထုကိုပစ်မှတ်ထားသူတွေဟာ တော်လှန်ရေးရဲ့ပစ်မှတ်ဖြစ်တယ်။
မနက် ၅ နာရီကျော်နိုးတယ်။ ရာသီဥတုက အေးစိမ့်စိမ့်။

History of English language အသံထွက်ဆောင်းပါးကို You Tube က နားထောင်ရင်း ပြန်အိပ်ပျော်သွားတယ်။ မနက် ၇ နာရီကျော်မှနိုးတယ်။

ထမင်းဆီဆမ်းကို ပဲမှုန့်နဲ့ မကျဉ်းရည် ဆမ်းပြီးနယ်စားတယ်။ စားလို့တော်တော်ကောင်းတယ်။ ဝမ်းအေးတယ်။ ဝမ်းချုပ်လေ့ရှိတဲ့ ကျွန်တော့် အတွက် ဆေးလဲဖြစ်မယ်ထင်တယ်။

မနေ့ညက မိုးကုတ်က တပည့်မိသားစု လာကတော့ကြတယ်။ မိုးကုတ်သတင်းတချို့ကြားရတယ်။ မိုးကုတ်က လူငယ်တွေ ကျားဖြန့်မှာ သွားလုပ်ကြတာ အတော်များတယ်လို့သိရတယ်။ မြို့ပေါ်မှာ လူငယ်တွေ မရှိသလောက်ပဲ လို့သိရတယ်။ အနာဂတ်ကို လူငယ်ပိုင်တယ်။ လူငယ်ကို ကျားဖြန့်ပိုင်တယ်။ ဒါကြောင့်အနာဂတ်ကို ကျားဖြန့်ပိုင်နေပြီလား။

ညနေဖက် မိတ်ဆွေဟောင်း တစ်ယောက် လမ်းကြုံလို့ အိမ်ဝင်လာတယ်။ သူ့ရဲ့ ဗီဒီယို ရိုက်ကူးရေးအလုပ်နားထားရတာ သုံးနှစ်နီးပါးရှိလာပြီမို့ ဝင်ငွေမရှိ။ ရွာမှာကြက်သွန်လှောင်ပြန်တော့လဲ အကြီးအကျယ်ရှုံး။ ကြက်သွန်ကို တစ်ထောင့်နှစ်ရာဈေး ပေါက်ကတည်းက လှောင်တာ အခု သုံးရာဈေးထိ ထိုးကျသွားလို့ အခက်တွေ့နေကြောင်းပြောတယ်။ သူတို့ရွာဖက်မှာ တော်လှန်ရေး လက်နက်ကိုင်တွေလဲ အကျင့်ပျက်၊ လူထုကိုအနိုင်ကျင့်နေကြတယ်လို့ပြောပါတယ်။ အစိုးရစစ်တပ်ကတော့ ပစ္စည်းလု၊ လူသတ်၊ ဗုံးကြဲ။ ရွာသားတွေ ဒုက္ခတွေရောက်။ သတင်းဆိုးတွေပဲ ကြားရတယ်။ လူမှုကွန်ယက်ပေါ်က ကြားရမြင်ရတာထက် မြေပြင်မှာ ပိုဆိုးနေတယ်လို့ပြောတယ်။

မုံရွာနဲ့ ချောင်းဦး အစပ်မှာပြုလုပ်တဲ့ ဆီမီးသပိတ်ကို စစ်ကောင်စီတပ်က ဗုံကြဲတိုက်ခိုက်လို့ ရွာသူရွာသားနှစ်ဆယ်ကျော်သေဆုံးတဲ့ ရုပ်သံဖိုင်ကိုကြည့်လိုက်ရပါတယ်။ စစ်ကောင်စီဟာ လူထုကိုရန်သူလို့သဘောထားတယ်။ ပစ်မှတ်ထားတယ်။ ဒါကြောင့် သူစစ်ရှုံးတာ။ လက်နက်ကိုင်တော်လှန်ရေးရဲဘော်တွေလဲ စည်းမဲ့ကမ်းမဲ့ နဲ့ ပြည်သူကို နှိပ်စက်လာရင် စစ်ရှုံးမှာပဲ။ NUG ကလဲ အားမရှိ။ မနိုင်ဝန်ထမ်းနေရတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကလဲ တရုတ်ဖိအားကြောင့် ထင်တိုင်းမပေါက်။ ခံပေဦးတော့ လူထု။ ဒုက္ခခံ။ သည်းခံ။ ရင်စည်းခံ။

အောင်ပွဲခံရမယ့် တနေ့ ရောက်လာမယ်ဆိုတဲ့စိတ်နဲ့ ကြံ့ကြံ့ခံ ရုံမှတပါး အခြားမရှိ။ အာခံ တိုက်ပွဲ ဆင်ရုံမှတပါး အခြားမရှိ။ လူထုကိုပစ်မှတ်ထားသူတွေဟာ တော်လှန်ရေးရဲ့ပစ်မှတ်ဖြစ်တယ်။

အန်ကယ်တူမီး

8/10/25

အခန်းဆက်တွေ ဖတ်ချင်ရင်တော့ - 


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar