Breaking News

ဖလော်ဒါဟန် - အာဏာငတ်သူများ လီဆယ်ကြခြင်း

ဖလော်ဒါဟန် - အာဏာငတ်သူများ လီဆယ်ကြခြင်း

မိုးမခ ၊ အောက်တိုဘာ ၁၁ ၊ ၂၀၂၅


အစာရေစာငတ်သူများကို‌ ထောက်ပံ့ပြုစုရတာ လွယ်ပါတယ်။

ဒီခေတ်ကြီးမှာတော့ လွယ်သည့်အရာများ ခက်လာသလို ခက်သည့်အရာများ ပိုမိုအားပြင်းပြင်းနဲ့တိုက်စားခံနေရတာမျိုးပါ။

အာဏာငတ်သူများကတော့ အစာလည်း ငတ်ကြသလို လူစည်းစိမ်ဟူသမျှ အကုန်ငတ်ကြပါတယ်။

နောက်ဆုံး ပြည်သူရဲ့ အားနည်ချက်ကိုပါ အာဏာငတ်ပွဲမှာ ချသုံး‌ဖို့ ကြိုးစားလာပါတယ်။ 

အမျိုး ဘာသာ သာသနာဆိုတာ ဘာကို ခေါ်ပါသလဲ ချပြလို့ရရင် ပြည်သူကို ချပြပါ။

လူမျိုးတမျိုးမှာ ကိုးကွယ်ယုံကြည်မှု ယဉ်ကျေးမှုဟူသည် လူတယောက်အတွက် ယဉ်ကျေးမှုပါ။ ထိန်းချုပ်ခံဥပဒေနဲ့ စနစ်လားဆိုတာ မိမိတို့ကိုယ်ကိုယ် ပြန်လည်သုံးသပ်နိုင်ရပါမယ်

ဒီလို ရောထွေးမှုနဲ့ မြန်မာပြည်ကြီးရဲ့ လူ‌နေမှုနယ်ပယ်မှာ မတရားမှုဆိုသည့် စနစ်ဖြင့် အနိုင်ကျင့်နေကြတာ နေရာတိုင်းမှာပါ။

ယနေ့ခေတ် မြန်မာပြည်ကြီးရဲ့ အမျိုး ဘာသာ သာသနာကို ဘယ်လိုထိန်းသိမ်း တည်ဆောက်ကြမယ်ဆိုသည်ကို ဟစ်ကြွေး‌သူများ သွားနေကြသည့် လမ်းစဉ်ကြီးဆိုလည်း မမှားပါဘူး။

မြန်မာ့လူနေမှုဘဝ ထုံးတမ်းစဉ်လာကို အမွေအဖြစ် လက်ဆင့်ကမ်းနေထိုင်ခြင်းမှ ရရှိလာသည့်အကျိုးဆက်တွေလို့ ပြောရရင် ဒီအကျိုးဆက်တွေကပဲ လူအချင်ချင်းကို ဒုက္ခပေးကြသလို အသက်တွေကိုပါ အ‌သေစားအသေခံ လုပ်လာကြတာပါ။

တကယ်ဆို အမျိုး ဘာသာ သာသနာ ဆိုသည် လူမျိုးရေး၊ နိုင်ငံရေးနဲ့ လုံးလုံးမှ မပတ်သက်သလို 

လူမျိုး၊ အမျိုး၊ ဘာသာ၊ သာသနာ သည်မှာ  လွန်ခဲ့သော နှစ်ပေါင်းထောင်ချီသည့် ကာလမှစလို့လူသားမျိုးနွယ်များ အစုလိုက် ဒေသအစုံမှာ ရှိနေကြသည့် လူ‌နေမှုဘဝတွေပါ။

တကယ်ကို လူသားအရင်းအမြစ် အစစ်အမှန်ကို သိရှိနားလည်သူများသည် အမျိုး၊ လူမျိုး၊ ဘာသာ၊ သာသနာ ဆိုသည်ထက် မိဘ ဘိုးဘွားများမှ ဆင်းသက်လာသည့် လက်ဆင့်ကမ်းအမွေ ဖြစ်သည် ဆိုသည်ကို လက်ခံထားကြပါတယ်။

ဆက်လက်ပြီးတော့လည်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် မိမိတို့ကိုယ်တိုင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းလို့ ခံယူကြမှာပါ။

တိုင်းပြည် အုပ်ချုပ် မင်းလုပ်သူများရဲ့ အရည်အသွေး၊ အရည်အချင်းသည် လူမျိုး၊ အမျိုး ဘာသာ သာသနာကို ထင်ဟပ်ခြင်းမှ ဖြစ်တည်‌လာသည့်နိုင်ငံရေး အလှည့်အ‌ပြောင်းများသည် ကျွန်မအ‌နေနဲ့ ရောယှက်မှုအဖြစ် သွေးခဲ သွေးကြဲ‌စေတယ်လို့ပဲ မြင်မိပါတယ်။

လူထုခေါင်းဆောင်ဟူသည် မတရားမှု၊ လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်း၊ ကိုယ်ချင်းစာတရား၊  လူပီသခြင်း၊ ငြိမ်းချမ်းရေး စတဲ့ လူသားဆန်တဲ့စိတ်မှ မွေးဖွားလာခြင်းလို့ မှတ်ယူပါတယ်။

အဓိကနိုင်ငံတော် တည်ဆောက်ခြင်းမှာလည်း လူပီသခြင်းနဲ့ လူသားအားလုံး၏ အသက်ကို မိမိနဲ့ထပ်တူ တန်ဖိုးခြင်းသည်ပင်လျှင် ပြည်သူများရဲ့ လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ပြီး ဖြစ်ပါလိမ့်မယ်။

အောင်နိုင်သူ၊ ထက်မြက်သူများ၊ လူပီသသူများအတွက် တန်ဖိုးဆိုသည်မှာ ငွေစက္ကူတရွက်၏ နှုန်းဆိုသည်ထက်‌ ခေါင်းဆောင်တဦးရဲ့ အရည်အသွေး တန်ဖိုးကို လေးစားအတုယူနိုင်ဖို့‌ ငွေစက္ကူများမှာ ရိုက်နှိပ်ပြီး စံသတ်မှတ်ထားခြင်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပြည်သူက တန်ဖိုးထားသည့် ဗိုလ်အောင်ဆန်းကဲ့သို့ လွတ်လပ်ရေးဗိသုကာဖခင်ကြီးနဲ့ လူထုခေါင်းဆောင်ကို နေရာတိုင်းမှာ မမေ့မလျော့ မှတ်တမ်းတင်ဂုဏ်ပြုခြင်း အထိမ်းအမှတ်များ ထားရှိခဲ့ကြတာပါ။။

ဤသည်မှာ အမျိုး ဘာသာ သာသနာကြောင့် ရလာသည့်တန်ဖိုး မဟုတ်ပါ။

ပြည်သူက ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ တန်ဖိုးထား အသိအမှတ်ပြုခြင်းမှ ရလာသည့် ထောက်ခံမှု၊ အသိမှတ်ပြုမှုသာ ဖြစ်ပါတယ်။

အမျိုးသည် အမျိုးသားရေးမှာ ထူးချွန်သူထက်မြက်သူ လူတော်လူကောင်း ဖြစ်ရပါမယ်။

ဘာသာတရားသည် မိမိကိုးကွယ်ယုံကြည်မှုဘာသာတရားမှ ပညတ်ချက်များကို ကျင့်ကြံအားထုတ်နိုင်ရပါမယ်။

သာသနာ ထွန်းလင်းတောက်ပခြင်းသည် မြန်မာပြည်ရဲ့ ယဉ်ကျေးမှုစကားဖြစ်သလို ဘုရားသာသနာကို မကွယ်ဖို့ လမ်းမှန်နည်းမှန်ဖြင့် ဗုဒ္ဓဘာသာဝင်များမှ လိုက်နာကျင့်ကြံဖို့ လိုပါလိမ့်မယ်။

နိုင်ငံအရေးသည် ဘာသာရေးမှ ဆင်းသက်လာခြင်းမဟုတ်သလို လူမျိုးတမျိုးတည်းကို ကိုယ်စားပြုနေခြင်းလည်း မဟုတ်ပါဘူး။

ဒါ့အပြင် လွတ်လပ်ခြင်းမှာ မြန်မာပြည်သည် မြန်မာပြည်သားများအတွက် တန်ဖိုးထားရမည့် အမည်နာမတခုမဟုတ်ဘဲ မြန်မာပြည်ကြီးတခုလုံး မပျောက်ပျက် မပျက်မစီးမှသာ မိမိနိုင်ငံမိမိလူမျိုး မိမိဘာသာ ဆိုသည့် ကောင်းချီးအဖြာဖြာကို ချပြနိုင်ကြမှာပါ။

ဒါကြောင့် အမျိုးဘာသာ သာသနာကလည်း နိုင်ငံတနိုင်ငံကို တည်ဆောက်ခြင်းမှာ ဘာသာရေး လူမျိုးရေး အမျိုးသားရေးကို ခုတုံးလုပ်ခွင့် မရှိသလို နိုင်ငံအရေးမှာလည်း လူမျိုးရေး ဆိုသည့် ဘောင်ခတ်ထားသည့် စည်းမျဉ်းအောက်မှာ မြန်မာပြည်ကြီးရဲ့ အသက်သွေးကြော ပိတ်ထားလို့မရပါဘူး။

ပြည်သူကို မလိမ်မညာတမ်း ပြည်သူအတွက် အလုပ်များစွာ လုပ်ပေးနိုင်သူ ‌ပြည်သူ့ထောက်ခံမှုကို တတိုင်းပြည်လုံး ပြည်သူ့ထံမှ ရထားသူသာလျှင် မြန်မာပြည်ကြီးကို ပြန်လည်တည်ဆောက်နိုင်မယ်ဆိုတာ ထောက်ပြရင်း။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။

နိုင်ငံရေးအကျဉ်းကျခံများနှင့် မတရားဖမ်းဆီးခံ ပြည်သူများ အမြန်လွတ်မြောက်ပါစေ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar