Breaking News

ကိုနီတွတ် - ဗျိုင်းအုပ်အကြောင်း၊ ထပ်လောင်းပုံထိုး၊ အောင်လံပျိုးစို့

ကိုနီတွတ် - ဗျိုင်းအုပ်အကြောင်း၊ ထပ်လောင်းပုံထိုး၊ အောင်လံပျိုးစို့

မိုးမခ ၊ အောက်တိုဘာ ၁၁ ၊ ၂၀၂၅


မြန်မာပြည်သူတရပ်လုံးနီးပါး ပါဝင်သော နွေဦးတော်လှန်ရေးသည် ယခုဆို ၅ နှစ်အထိ ရှည်ကြာလာခဲ့ပြီ။ ဘာမှမရှိ သုညဘဝမှ လွတ်မြောက်နယ်မြေများ ရှိလာခဲ့သည်။ မြို့ပေါင်း ၉၀ ကျော်သိမ်းပိုက်ရယူခဲ့သည်။ စစ်ခွေးတပ်များ သူတို့၏ အခြေချစခန်းမှထွက်လျှင် ရန်သူနယ်မြေ ရောက်ပြီဟုသော အရှိတရားများကို ဖန်တီးထားနိုင်ခဲ့သည်။ ကမ္ဘာ့စစ်ရေးပါရဂူများက ခန့်မှန်းခဲ့သည်မှာ စကမ အကြမ်းဖက်တပ်မှ အနိုင်ရလိမ့်မည်။

သို့သော် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တအိအိ အမှည့်ခြွေခံနေရသော အကြမ်းဖက်တပ်ကြီးသည် နောက်ပိုင်း 1027 operations၊1111 operations၊ ချင်းတပ်များ၊ KIA တပ်များ၊ AA တပ်တော်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDFs) များ၊ ပကဖတပ်များ၏ အရှိန်အဟုန်ပြင်းပြင်း တိုက်ခိုက်မှုအောက်တွင် ယိုင်လဲ ပြိုကျလာခဲ့သည်မှာ တရက်တည်း စစ်စခန်း ၆ ခုအထိ သိမ်းပိုက်နိုင်ခဲ့သည်အထိ။ နောက်ဆုံး အိမ်နီးနားချင်းကောင်း မပီသသော၊ မြန်မာပြည်သူလူထု၏ အသံကို မျက်ကွယ်ပြုနေသော၊ လူ့အခွင့်အရေးများကို ဂရုမစိုက်သော၊ အခြားနိုင်ငံများကို သူတစ်ပါးပြည်တွင်းရေး မစွက်ဖက်ရန် ပြောပြီး သူကိုယ်တိုင်က ဗြောင်ကျကျ ဝင်ရှုပ်နေသော၊ လူသတ်လက်နက်များကို ရောင်းချပေးနေသော၊ ကိုယ်ကျိုးစီးပွားရေးကို ရှေ့တန်းတင်ထားသော အယုတ်တမာ တရုတ်နိုင်ငံကြောင့် အကြမ်းဖက် စကမတပ်သည် တော်လှန်ရေးတပ်များကို ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ပြန်လည်ရယူနိုင်သောနယ်မြေ မြို့ပြများ ရှိလာနေသည်။

အဘယ်ကြောင့် အကြမ်းဖက်စကမတပ်ကြီး ပြန်လည်ရုန်းထနိုင်လာရသနည်း။ စောကြောရန် လိုလာပြီ။ အချို့က ပြောသည်မှာ လူငယ်များကို စစ်မှုထမ်းအဖြစ် မတရား စုဆောင်းနိုင်ခြင်းကြောင့်တဲ့။ အချို့ ထောက်ပြသည်မှာ လူသူ လက်နက်အင်အား သာလွန်ခြင်းကြောင့်တဲ့။ အချို့ ဆိုသည်မှာ ရုရှား၊ တရုတ်နိုင်ငံများ၏ ကူညီမှုကြောင့်တဲ့။ အချို့ ပြောသည်မှာ နိုင်ငံတော်ဘဏ္ဍာ ဖင်ခုထိုင်နေနိုင်မှုကြောင့်တဲ့။ အချို့ ထိုးပြသည်မှာ တိုင်းရင်းသားအားလုံး တော်လှန်ရေးကို မပါဝင်ခြင်းကြောင့်တဲ့။ အချို့ ကဲ့ရဲ့သည်မှာ တော်လှန်ရေးတပ်များ သူတစ်လူ ငါတစ်မင်း ကွဲနေခြင်းကြောင့်တဲ့။ အချို့ပြက်ရယ်ပြုသည်မှာ NUG အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်မှုညံ့ဖျင်းခြင်းကြောင့်တဲ့။အချို့ အကြံပြုသည်မှာ တော်လှန်တပ်များအားလုံး COC စနစ် မတည်ဆောက်နိုင်ခြင်းကြောင့်တဲ့။အချို့  ညည်းသည်မှာ ဿဒ်ပါတီများ၊ စစ်လောဘီများ၏ ကပျက်ယပျက် ဝင်ရှုပ်နေမှုကြောင့်တဲ့။အချို့ အားမရသည်မှာ တော်လှန်တပ်များ လက်နက်အင်အား မလုံလောက်မှုကြောင့်တဲ့။

အကြောင်းပေါင်းများစွာ၊ အခြေပေါင်းအပလိန်းတို့ကို သတ္တုချရသော် တော်လှန်ရေးတပ်များ သူတစ်လူ ငါတစ်မင်း ဗိုလ်ဝင်ခံ အတ္တကြီးနေမှု၊ မညီညွတ်မှုများကြောင့်ပင် ဖြစ်သည်။ ငြင်းချင်သူများ ငြင်းနိုင်သော်လည်း မညီညွတ်မှု ပကတိကိုတော့ လက်ခံရပါလိမ့်မည်။ တစ်ဖက်မှာတော့ အနှစ် ၇၀ ကျော် တည်တောက်ထားပြီး၊ ကာကွယ်ရေးဘက်ဂျက်ကို လိုသလောက်သုံးစွဲခွင့်ရှိသော တပ်ဖြစ်ကြောင်းကိုလည်း သိသည်။ ကိုယ်ပိုင်လက်နက်စက်ရုံပေါင်းများစွာ ရှိထားမှန်းလည်း မြင်ကြသည်။ အာဏာသုံးရပ် ဆုပ်ကိုင်ထားကြောင်းလည်း နားလည်ထားကြသည်။ ကြည်း၊ ရေ၊ လေ တပ်မတော်ကြီး၏ ကမ္ဘာ့အဆင့်အတန်း ၃၈ မှန်းလည်း မှတ်သားထားကြရသည်။ တပ်ဗိုလ် တပ်သားအင်အား ၅ သိန်းခန့် ရှိကြောင်းလည်း သိရှိထားကြသည်။ 

ယခင်အချိန်အခါများတွင် ပေါ်ပေါက်ခဲ့သော အရေးအခင်းများတွင် ရဟန်းသံဃာ ပြည်သူအပါင်း ရက်စက်စက် နှိမ်နင်း ဖမ်းဆီး.စစ်ဆေး သတ်ဖြတ်ခဲ့ကြကြောင်းကိုလည်း သမိုင််းထဲတွင် ဖတ်ဖူးကြသည်။

ယခုတော်လှန်ရေး ၅ နှစ်တာကာလအတွင်းမှာလည်း အကြမ်းဖက်မှုပေါင်းစုံ၊ ရက်စက်မှုသရဖူဆောင်းမကုန်နေမှန်းလည်း ကိုယ်တွေ့ကြုံနေရသည်။ ထိုလုပ်ရပ်များကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၃ သန်းကျော်လာပြီး၊ ကမ္ဘာ့အငတ်မွတ်ဆုံးနိုင်ငံအဆင့် ၅ တွင် ရပ်တည်ထားကြောင်းနှင့် ကမ္ဘာ့လူသေမှုအများဆုံးတွင် နံပါတ် ၂ ၌ ရပ်တည်နေကြောင်း သိကြသည်။ ဖြတ်လေးဖြတ်များကြောင့် နေမကောင်းလျှင်ပင် ကုစရာ ဆေးမရှိ။ အစားရိက္ခာများလည်း ပြတ်လပ်လာနေသည်ကိုလည်း ကြုံနေရသည်။ ပြည်တွင်းတွင် မနေလို၍ နိုင်ငံခြားထွက်လိုလျှင်လည်း ထွက်ခွင့်မပေး တားဆီးထားကြောင်းကို့လည်း ခေါင်းငုံ့ခံနေရသည်။ အကြမ်းဖက် စခ၊ ရခ၊ ပခ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်ဂေါင်း၊ ဆယ်အိမ်ဂေါင်း၊ လူမိုက်များ၏ အကြိမ်ကြိမ် ငွေညှစ်၊ ဖမ်းဆီး၊ ပေါ်တာဆွဲ၊ လူကုန်ကူးနေမှုများကလည်း အချိန်နေရာမရွေး၊ ကြက်ကလေး၊ ငှက်ကလေးလို ဖမ်းဆီးခံနေရကြောင်းကလည်း မကြားချင် မမြင်ချင်အဆုံး။ မြန်မာ့တပ်မတော်ဟူသည် ပြည်သူများကို ကာကွယ်ရမည့်အစား မအလ ဦးဆောင်သော အာဏာတစ်စု၏ ခါးပိုက်ဆောင်တပ်အဖြစ် ထားရာနေ စေရာသွား ခိုင်းရာလုပ် မဟုတ်တမ်းတရား အယုတ်အကန်းများကိုသာ လိုက်နာလုပ်ဆောင်နေရသည့် အကြမ်းဖက် ဓားပြတပ်အဖြစ်သာသာ။

ဤကြားထဲ ပြည်သူကာကွယ်ရေးတပ်အချင်းချင်း သူ့နယ်မြေ ကိုယ်နယ်မြေခြားပြီး မသင့်မမြတ်သွေးကွဲနေမှုကလည်း ရှိသေး။ ဝါးတားဂိတ်လုပ် အခွန်ကောက် ပြည်သူကို ဟိန်းဟောက်နေသည့်အဖွဲ့ကိုလည်း တွေ့ရပြန်သည်။ ငွေကောက် စီးပွားရှာ လုပ်ကွက်ပေး KTV မှာ ပျော် ဘီယာ၊ အရက်သောက် တော်လှန်ရေးရည်မှန်းချက်ပျောက်သည့်အဖွဲ့က ပျောက်။ ဒုက္ခပေါင်းစုံရောက်နေသော်လည်း တော်လှန်ရေးကို သစ္စာဖောက်မသွားဘဲ ထောက်ခံနေသည့် ပြည်သူများကို အားမနာ၊ထောက်ပို့များ၏ ထောက်ပို့မှုများကို အလွဲသုံးစားလုပ် အကောင်းစားကားစီး၊ မိန်းမများနှင့်ပျော်ပါးနေသည့် ဘုံပျောက်ဘမောင်အဖွဲ့များကလည်း တဂြိုဟ်တစ်စခန်းထ။

NUG အစိုးရ၏ လက်အောက်မဝင်လို၍ အကြောင်းပြချက်အမျိုးမျိုးဖြင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသည့်အဖွဲ့ကလည်း ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်။ အချို့သော EROs တပ်များလည်း တရုတ်၏သြဇာခံလုံးလုံး ကျရောက်သွားသည်။ ဘယ်လိုပြန်လှန်မလဲကို မရှာ၊အကြောက်ကြီးကြောက် ခေါင်းငုံ့ခံနေသည်မှာလည်း ထူးဆန်းနေသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးဂတ်တိုစခန်းသေးသေးလေးမှ အင်အားကြီး ဂျာမန်တပ်ကြီးကို တစ်လတိတိခုခံတွန်းလှန်ခဲ့သော ဂျူးလူမျိုးတို့၏သမိုင်းကို တွေ့ပုံမရ။ ဖိလျှင်ကြွ ထိလျှင်ချ ဟူသော သဘောတရားများကို ၂၀၂၁ ခုနှစ်ထဲတွင် ထားခဲ့ပုံရသည်။

အချို့တပ်များမှာ အကြမ်းဖက် ဓားပြတပ်နှင့် ပုလင်းတူဘူးဆို့။ အထူးသဖြင့် PNO ၊ SSPP ၊ RCSS ၊ SNA၊ ပြည်သူ့စစ် အမည်ခံအဖွဲ့များ။ ၄င်းတို့သည် တော်လှန်ရေးတပ်များ၏ နောက်ကျောကို ဓားနဲ့ထိုးရသည်ကို သဘောကျပုံပေါ်သည်။ သူတို့သည် ဆက်ကြေးကောက်၊ လူကောက် သူတို့နယ်မှထွက်သော သယံဇာတများကို ခိုးရောင်း၊လက်နက်ကိုင်ပြီး ပြည်သူများကို နှိပ်စက် သတ်ဖြတ်နေခြင်းများကို အဟုတ်ထင်နေပုံရသည်။ 

ယခု လောလောလတ်လတ် SSPP တပ်၏ TNLA အပေါ် သစ္စာဖောက်ဖျက်မှု၊ မဟာမိတ်မပီသမှု၊နောက်ကျောကို ဓားနဲ့ထိုးမှုများကား လတ်လတ်ဆတ်ဆတ် သတိပြုစရာများပါတည်း။ မရှက်သူက မရှက်။ တော်လှန်ရေးကို ဖျက်သူကဖျက်၊ အမျိုးမျိုးသော ရက်စက် ယုတ်မာမှုများကို ထင်ထင်ရှားရှား မြင်တွေ့နေရသည်။ သည်ဒုက္ခကြားထဲက စစ်ရှောင်နေရသည့်အပြင် မလုံခြုံမှု၊ကျန်းမာရေး၊ လူမှုရေး၊ ကျန်းမာရေးများကလည်း ပြည်သူများ အလူးအလှိမ့်ခံနေရသည်။ 

နွေဦးတော်လှန်ရေးကလည်း ရှည်ကြာလာနေသည်။

အမှန်ဆိုရသော် ပြန်လည်ရုန်းထနိုင်နေသော အကြမ်းဖက် စကမ တပ်ပျက်၏ အောင်မြင်မှုများသည် နွေဦးတော်လှန်ရေးတပ်များ၏ မညီမညွတ်မှု၊ သူတစ်လူငါတစ်မင်း လုပ်နေမှုများ ကြောင့်ဟု တိတိကျကျကို ဆိုနိုင်ပါသည်။ ဤစစ်ခွေးတပ်၏ ပရိယာယ်မာယာများမှု၊ ကောက်ကျစ်ယုတ်မာမှု၊ အမျိုးမျိးသွေးခွဲမှု၊ သူတို့တို့၏ လုပ်ရပ်များကို ရှောင်လွဲရန် ကြိုးပမ်းနေမှု၊ အစဥ်အဆက် ပြည်သူများကို ကျွန်ဇာတ်သွင်းနေမှု၊ ဟန်ပြငြိမ်းချမ်းရေးစကားပြောနေပြီး နောက်ကွယ်တွင် ပက်စက်သောအကြံဆိုးများဖြင့် ပြည်ဖျက်နေမှု၊ တိုင်းပြည်ကို တရုတ်၏ ပဏ္ဏာဆက်နိုင်ငံအဖြစ် အရှက်မရှိ လုပ်ဆောင်နေမှု စသည်ဖြင့် မကောင်းမှုမှန်သမျှ အကုန်လုပ်နေမှုများကို နွေဦးတော်လှန်ရေးတပ်များအားလုံး အားလုံး တွေ့မြင် ကြားသိ ကြုံနေရသည်။

တဖက်မှာတော့ ပြည်သူ့ကာကွယ်ရေး အမည်ခံပြီး မိမိတစ်ဖွဲ့တည်းဖြင့် ပြည်သူကို မကာကွယ်နိုင်ကြောင်းလည်း သိသည်။ တစ်ခါတရံ ပြည်သူကို ကာကွယ်ရန်နေနေသာသာ ပြန်ပစ်ရန် ကျည်ဆန်မရှိ၍ ကိုယ်တိုင်ပြေးရသည်လည်း ရှိသည်။ အကြမ်းဖက် စကမတပ်ကဲ့သို့ ပစ်အားနှင့် စစ်မကစားနိုင်ကြောင်း အခက်အခဲလည်း ရှိသည်။ အားလုံးမညီလျှင် အကြမ်းဖက်တပ်၏ သားကောင်ဘဝကျရောက်သွားပြီး ချေမှုန်းခံရနိုင်ကြောင်းလည်း မသိကြသည် မဟုတ်။ မရှိတာထက် မသိတာခက်၊ မသိတာထက် မလုပ်တာပိုခက် စကားရှိသည်။ ထိုခက်နေသော မညီညွတ်ခြင်းများကို ပြုပြင်ရန် အချိန်တန်ပြီ။ 

ဂျာမန်လူမျိုး ကားလ်မာက္ခ်၏ အဆိုတစ်ခုကို သတိရသည်။ "လောကကြီးကို ပြောင်းမယ့်သူဟာ ကိုယ့်ကိုယ်ကိုယ် အရင်ပြောင်းဖို့ ကြိုးစားရပါလိမ့်မယ်"တဲ့။

လီယိုတော်စတွိုင်းကလည်းလည်း "ဘဝရဲ့အရေးကြီးဆုံးအချိန် ဆိုတာ အခု လောလောဆယ်အချိန်ပါပဲ" တဲ့။ 

အမှန် အမြန် ညီညွတ်ရန် အချိန်တန်နေပြီဖြစ်ပါချိမ့်။

ထို့ကြောင့်ပင် တိုင်းပြည်ကို အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် အမြော်အမြင်ရှိရှိ ရှေ့မှ ဦးဆောင်လမ်းညွှန်နေသော NUG သမ္မတကြီး ဒူဝါလရှီလက ညီညွတ်ရေးနှပ်ကြောင်းပေးနေသည်။ 

ဆရာကြီးဒေါက်တာ ဇော်ဝေစိုးကလည်း မနားတမ်း ခရီးဆက်ရင်း အားလုံးနှင့် လက်တွဲချိတ်နေသည်။ 

KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း  ကာတွန်းတစ်ကွက်ဖြင့်လည်းကောင်း၊ လက်ခံတွေ့ဆုံခြင်းဖြင့်လည်းကောင်း တိုက်တွန်းနှိုးဆော် တွန်းအားပေးနေသည်။ 

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ AA တပ်တော်ကလည်း လက်တွေ့လည်း ကူညီပေးနေသည်။ ဦးဆောင်ရှေ့က တိုက်ပေးနေသည်။ 

ကိုစည်၏ ထိုင်းနိုင်ငံရောက် နိုင်ငံသားကောင်းများကလည်း Union Brothersအဖွဲ့ဖွဲ့၊ စနစ်ကျသောစီမံခန့်ခွဲမှုများဖြင့် တော်လှန်ရေးကို ထဲထဲဝင်ဝင် ထောက်ပို့နေသည်။ အနုပညာရှင်များ၊ ဆယ်လီများ၏ ရန်ပုံငွေရှာဖွေပေးနေမှုကလည်း ကြက်သီးထစရာ။ ပန်ဆယ်လို၏ အရွယ်နှင့်မလိုက်တော်လှန်ရေးကို ရှေ့မှအမည်ခံ အမိုက်ခံ ထောက်ပို့နေမှုကလည်း အရွယ်နှင့်မလိုက်။လက်နက်ကိုင် အသက်ပေး စွန့်လွတ် စွန့်စားနေသော PDFs အဖွဲ့များ စိတ်ပူစရာမရှိ။ ၅ နှစ်ကြာလာသည်အထိ ဒုက္ခအဖြစ်ခံပြီး တော်လှန်ရေးကို အားပေးထောက်ခံနေသော ပြည်သူများကလည်း စိတ်ဓာတ်ခိုင်မာနေသည်။

စဖွဲ့ကတည်းက ငွေရှိ၍ ဖွဲ့ခဲ့ခြင်းမဟုတ်၊ အာဏာရှင်ကို အမြစ်ဖြတ်တော်လှန်လိုသော၊ မတရားအာဏာသိမ်းမှုကို လက်မခံလိုသော NUG အမျိုးသားညီညွတ်ရေးအစိုးရ။ အမျိုးမျိုးသော ဘေးထိုင် ဘုပြောခံရခြင်းမှသည် ခြေထိုးမှုပေါင်းများစွာ၊ ချောင်ပိတ်နှောင့်ယှက်မှုပေါင်းများစွာ၊ အမဲဖျတ်မှုပေါင်း ထောင်သောင်း၊ တော်လှန်ရေးကို ပုံဖျက်ခံနေရမှုများကို နေ့စဥ် ကြုံတွေ့နေရသည့်ကြားက စိတ်မပျော့ ကြံ့ကြံ့ခံ ရှေ့ဆက်ရင်း ပြုပြင်ပြောင်းလဲမှုများကို လုပ်ခဲ့သည်။

နွေဦးတော်လှန်ရေး အပြီးသတ်နိုင်ရန် စစ်တိုင်းကြီး ၁၀ တိုင်းကို ဖွဲ့စည်းခဲ့လေပြီ။ တပ်တည် တပ်လုပ် တပ်ဖွဲ့စည်းပုံများကိုလည်း ဖွဲ့စည်းခဲ့ကြသည်ကို တွေ့ရသည်။ EROs တပ်များနှင့်လည်း ချိတ်ဆက်ကြလေပြီ။ 

(၁-၁၀-၂၀၂၅) နေ့က ပဲခူးမြို့နယ်အတွင်း ပြန့်ကျဲနေသော အဖွဲ့များကို စုစည်းပြီး  NUG လက်အောက်ခံ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းလိုက်သည့်သတင်းကလည်း ပြည်သူအလိုအတိုင်း။ အခြား PDFsအဖွဲ့များကလည်း စုပေါင်းအင်အား၏ အကျိုးရလဒ်ကို အကောင်အထည်ဖော်နေကြလေပြီ။ တကယ်ဆိုလျှင် စုပေါင်းစွမ်းအင် (သို့မဟုတ်) စုစည်းညီညွတ်ကြခြင်းသည် ထူးဆန်းအံ့သြဖွယ်ရာမဟုတ်။ သဘာဝတရားကြီးသာ။ နေရာတိုင်း အချိန်တိုင်း ခုလုပ် ခုအကျိုးဖြစ်သည်။ လုပ်ဖို့သာ လိုသည်။

နွေဦးတော်လှန်ရေး အမြန်အောင်မြင်လိုလျှင် အားလုံး အားလုံးစုပေါင်းတိုက်ကြဖို့သာ လိုသည်မှာလည်း ယခုမှ ပေါ်သည် မဟုတ်။ ယခုမှ လုပ်ရန် မဟုတ်။ သဘာဝတရားကြီး၊ ရှေ့ကပြခဲ့သောအဖြစ်အပျက်များကို အသုံးချရုံသာဖြစ်ပါချိမ့်။

တစ်ခုရှိသည်မှာ အစိုးရတရပ် ရှိရန်လိုသည်။ NUG အမျိုးသားညီညွတ်ရေးအစိုးရသည် ကြားကာလတော်လှန်ရေးအစိုးရ။ ကောင်းကောင်း ဆိုးဆိုး လက်ခံပါဟု ပြောလိုရင်း မဟုတ်။တော်လှန်ရေးကို အစိုးရက ဦးဆောင်သင့်သည်။ ဦးဆောင်သူနောက် လိုက်ရုံသာ၊ ဖေးမကူညီ ညီညွတ်စွာ လက်တွဲရုံသာ။ မတူတာခွဲ တူတာတွဲတိုက်ရုံကလွဲ၍ ဘာများ ထပ်အကျယ်ချဲ့စရာရှိပါသနည်း။ သင်ပုန်းချေမှု၊ တောင်းပန်မှု၊ ခွင့်လွှတ်မှု၊ အချင်းချင်း ကူညီမှုများရှိနေပါလျက် အားလုံးအားလုံး ဘာများသည့်ထက်လိုဦးပါမည်နည်း။

ကျွမ်းကျင်ပညာရှင်များ၏ လေ့လာသုတေသနပြုခဲ့သော ဗျိုင်းငှက်များ၏ ဗွီ ပုံသဏ္ဌာန် အုပ်စုဖွဲ့ပျံသန်းပုံတွင် အကျိုးငါးပါးရှိသည် ဟူ၏။

(၁) တစ်ကောင်ချင်း ပျံတာထက် ဗွီပုံ အုပ်ဖွဲ့ပျံတာ ၇၀% ခရီးပိုတွင်သည်။ ရှေ့ကဗျိုင်း၏ တောင်ပံခတ်ချက်ကြောင့် ဖြစ်ပေါ်လာသည့် လေဟုန်ကို နောက်ကောင်က အသုံးချနိုင်၍ ဖြစ်သည်။

(၂) ဗွီရဲ့ထိပ်ဆုံးက ဦးဆောင်ပျံတဲ့ဗျိုင်း မောလာလျှင် နောက်အသာလေးဆုတ်ပေးပြီး သူ့နောက်ကဗျိုင်းက နေရာယူလိုက်သည်။ ဗွီပုံစံလည်း မပျက်သလို ခေါင်းဆောင်မှုလည်း မပျက်တော့။

(၃) နောက်က ဗျိုင်း၏အော်သံသည် ရှေ့ကဗျိုင်းအတွက် အားပေးသံဖြစ်သည်။ ဗျိုင်းတွေအလကားအော်နေတာ မဟုတ်၊ အချင်းချင်း ကူညီအားပေးနေခြင်းသာ။

(၄) ဗျိုင်းတစ်ကောင်သည် အကြောင်းတစ်ခုခုကြောင့် အုပ်စုထဲက ကွဲသွားလျှင် သူ့မူလနေရာကို အမြန်ဆုံး ပြန်ဝင်တတ်သည်။ တကိုယ်တော် ပျံသန်းရတဲ့ ဒုက္ခကိုသိပြီး စုပေါင်းအုပ်စုဖွဲ့ ပျံသန်းခြင်းကို တန်ဖိုးထားခြင်း ဖြစ်သည်။

(၅) အကယ်၍ အုပ်စုထဲက ဗျိုင်းတစ်ကောင်သည် ဒဏ်ရာရ၍ ဖြစ်စေ၊ မကျန်းမာ၍ဖြစ်စေ နောက်ကျကျန်ရစ်ခဲ့လျှင် အုပ်ထဲက နှစ်ကောင်က သူ့ကိုစောင့်ပြီး ဖေးမလေ့ရှိသည်။ ကျန်းမာလာလျှင် အုပ်စုထဲ ပြန်ဝင်သည်။ သေသွားပါက ကျန်နှစ်ကောင်က အုပ်စုထဲ ပြန်ဝင်သည်။

(ကျော်ဝင်း-၂၁ရာစု သား ရွှေဥ--စာမျက်နှာ၁၂၄/၁၂၅)

အဟိတ်တိရစ္ဆာန်ဗျိုင်းများပင်လျှင် စုပေါင်းစွမ်းအင်ကို အသုံးချ၍ သူတို့၏ မိုင်ထောင်ချီခရီးကို ပျံသန်းကြသည်။ လူစင်စစ်ဖြစ်သော ကျွန်တော်တို့ နွေဦးတော်လှန်ရေးတပ်များအားလုံး အဘယ်ကြောင့် မဖြစ်နိုင်ရမည်နည်း။ လူကြံလျှင် လူဖြစ်ရသည်။ သဘာဝကြီးကို အတုယူ အသုံးချနေ သော လူသားများ၊ တော်လှန်ရေးတပ်များ၊ အထက်ပါဗျိုင်းများ၏ အုပ်စုဖွဲ့ပျံသန်းခြင်း အကျိုးငါးပါးကို အတုယူအသုံးချပြီး စစ်အာဏာရှင် အမြစ်ပြတ်အောင် တွန်းလှန်နိုင်ကြပါစေသတည်း။ 

နွေဦးတော်လှန်ရေး အမြန်ပြီးစေရန် စုစည်းညီညွတ်ရေး အမြန်လုပ်ပြီး အောင်ပွဲရရှိကြပါစေသတည်း။

(၅/၆-၁၀-၂၀၂၁)

သီတင်းကျွတ်အဖိတ်၊ ဥပုသ်နေ့။

ကိုနီတွက်

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar