Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၅၇ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၅၇ )

(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၂၅

26/0/25 Sunday -  Diary in the darkness


လူထုက စိတ်ဓာတ်မကျ။ တော်လှန်ရေးဆိုတာ စိတ်ရှည်ဖို့လိုတယ်ဆိုတာ အတွေ့အကြုံအရ သိပြီးသား။ စိတ်ရှည်တယ်ဆိုတာ ဘာမှမလုပ်ပဲ ငုတ်တုတ်ထိုင်စောင့်နေတာမဟုတ်။ တိုက်ပွဲအတွက်ပြင်ဆင်ရင်း အချိန်အခါကောင်းကို စောင့်နေရမယ်ဆိုတာ လူထုကနားလည်ပြီးသား။ 


မနေ့က ပန်းချီရေးတဲ့တပည့်တစ်ယောက် လာကန်တော့တယ်။ သူအခု မြဝတီ မိုးကုတ် အငှားကားမောင်းနေတယ်။ သူ့ဆီက ကျားဖြန့်နဲ့မြဝတီသတင်းတွေ ကြားရတယ်။ လူတွေထွက်ပြေးနေတဲ့ KK park ဆိုတာ ယခင်က AA လို့ခေါ်တဲ့ နေရာလို့သိရတယ်။ ရခိုင် AA နဲ့ဘာမှမဆိုင်ပါ။ KK park ဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျားဖြန့်လောင်းကစားဝိုင်းတွေရှိတဲ့နေရာတခုသာဖြစ်တယ်။ KK လို နေရာမျိုးက အခု သုံးဆယ်ကျော်ရှိတယ်လို့ သူက ခန့်မှန်းတယ်။ အကျယ်က ယုဇနဥယျာဉ်မြို့တော်လောက်ရှိတယ်။ စားသောက်ဆိုင်တွေ အလှပြင်ဆိုင်တွေ ဟော်တယ်တွေအများကြီရှိတယ်။ လူစည်ကားတယ်။ သူ့ သားနှစ်ယောက်ကို အဲဒီမှာ အလုပ်သွင်းထားတာ နှစ်နှစ်လောက်ရှိပြီ။ ဂိတ်စောင့်ရာထူးနဲ့။ KK ကို မြန်မာစစ်တပ်က ဟန်‌ဆောင် ဝင်မတိုက်ခင် ရက်နှစ်ဆယ်ကမှ သူ့သားတွေကို ထိုင်းကိုပို့ပြီး ဈေးဆိုင်မှာ လုပ်ခိုင်လိုက်တာ။ ကံကောင်းလို့ လွတ်သွားတယ်။ ဖားအံကနေ မြဝတီကိုသွားတဲ့ တောလမ်း ငါးခုထက် မနည်းရှိတယ်။ သက်ဆိုင်ရာ လက်နက်ကိုင်တွေကို ဂိတ်ကြေးပေးဖြတ်ရတယ်။ လမ်းကြမ်းပေမယ့် လုံခြုံရေးစိတ်ပူစရာမလိုဘူးတဲ့။ ကားခ ဈေးနှုံးတွေကိုတော့ မေးမကြည့်မိဘူး။ 


TNLA ရဲ့မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာတုန်းက သူက ရွာထဲမှာ ပိတ်မိသွားတဲ့အကြောင်း TNLA က မိုးကုတ်ကို သိမ်းရာမှာ တစ်ရက်ထဲနဲ့ရမယ်လို့ ခန့်မှန်းခဲ့ပေမဲ့ သုံးရက်ကြာသွားတဲ့အကြောင်း။ ဒဏ်ရာရ PDF တွေကို ကျပ်ပြင်ဆေးရုံပို့ဖို့ ချောဆွဲခံရကြောင်း။ သူ့ရဲ့စွန်စားခန်းတွေ နားထောင်လိုက်ရတယ်။ PDF အများစုဟာ မန္တလေးက ဖြစ်ကြောင်း။ လူရည်သန့်တွေဖြစ်ကြောင်းပြောပါတယ်။ စည်ကမ်းလဲရှိကြောင်း ပြောပါတယ်။ လေးငါးနှစ်လောက် မတွေ့ရတဲ့ တပည့်နဲ့ အခုလိုပြန်တွေ့ရလို့ ဝမ်းသာမိတယ်။ သူနဲ့မတွေ့ရတဲ့ ငါးနှစ်အတွင်း အိမ်ထောင်နှစ်ဆက် ကျခဲ့ကြောင်းလဲ ပြောပါသေးတယ်။ စစ်ဆိုတာ လူတွေရဲ့ဘဝတွေကို ဂျွမ်းထိုးမှောက်ခုန်ဖြစ်စေတယ် ဆိုတာအမှန်ပါပဲ။


ဒီနေ့တော့ အင်တာနက်ပေါ်မှာ KK Park ကပြေးလာတဲ့ မြန်မာအလုပ်သမားတွေ ယောက်ယက်ခတ်နေတဲ့ ဗီဒီယိုဖိုင်တွေ ပြေးရင်းလွှားရင်း စားရိတ်ပြတ်နေသူတွေကို ကားခပေး၊ လမ်းသုံးဖို့ မြန်မာငွေ တစ်သိန်းစီထုတ်ပေးတဲ့ အလှူရှင်တွေရဲ့ ရုပ်သံတွေကိုလဲ တွေရတယ်။ တချို့ဆို အလုပ်ရှင်သူဌေးတွေ ထွက်ပြေးလို့ လုပ်ခမရပဲ အသက်လုပြေးကြသူတွေလဲ ကိုယ်တိုင် ဗီဒီယိုရိုက်လွှင့်နေကြတယ်။ ဆိုင်ကယ်တွေ ကားတွေ နဲ့ ပြေးသူပြေး ခြေလျှင်ပြေးသူပြေး ထိုင်းဘက်ကို ရေကူးပြေးဖို့ ကြိုးစားသူကြိုးစားနဲ့။ 


မလေးရှားလေဆိပ်မှာ ဒေါ်နယ်ထရမ့်က သူ့ကိုကြီုဆိုသူတွေနဲ့အတူ ကနေတဲ့ရုပ်သံ၊ ဒေါ်သက်သက်ခိုင်ကို စကမ က ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မပြုကြောင်းကြေညာတဲ့ရုပ်သံ‌တွေ ကြည့်လိုက်ရတယ်။ သက်သက်ခိုင်က ဘဏ်ကြွေးတွေ မဆပ်လို့တဲ့။  AIနဲ့လုပ်ထားတဲ့ ဒေါ်စန္ဒာမင်းနဲ့ ဒေါ်သက်သက်ခိုင်တို့ဖက်ငိုနေတဲ့ပုံကို အင်တာနက်မှာတင်ပြီး  သက်သက်ခိုင်ရဲ့ PPP ပါတီကို ပြီးပါပြီ ပါတီလို့ လူတွေက လှောင်ပြောင်နေကြတယ်။ 


မန္တလေးမူဆယ်လမ်း စကမလက်ပြန်ရောက်သွားပြီ။ မတ္တရာကိုလဲ PDF တွေလက်လွှတ်လိုက်ရပြီ။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းလဲ ငြိမ်သွားပြီလားမသိ။


လူထုက စိတ်ဓာတ်မကျ။ တော်လှန်ရေးဆိုတာ စိတ်ရှည်ဖို့လိုတယ်ဆိုတာ အတွေ့အကြုံအရ သိပြီးသား။ စိတ်ရှည်တယ်ဆိုတာ ဘာမှမလုပ်ပဲ ငုတ်တုတ်ထိုင်စောင့်နေတာမဟုတ်။ တိုက်ပွဲအတွက်ပြင်ဆင်ရင်း အချိန်အခါကောင်းကို စောင့်နေရမယ်ဆိုတာ လူထုကနားလည်ပြီးသား။ 


အန်ကယ် တူမီး

26/10/25



အခန်းဆက်တွေ ဖတ်ချင်ရင်တော့

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar