Breaking News

ကိုသန်းလွင် - သား၏ဘွဲ့ယူအခမ်းအနား



ကိုသန်းလွင် - သား၏ဘွဲ့ယူအခမ်းအနား

(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၂၅

(၁)
သား၏ ဘွဲ့ယူအခမ်းအနားကိုတက်ရခြင်းမှာ မိဘများအဖို့ဂုဏ်ယူစရာ၊ ပြောစရာ တစ်ခုပင်ဖြစ်ပါသည်။ ကျွန်တော့်သားသည် MBA (Master of Business Administration) ဘွဲ့ကိုကိန်းဘရစ်တက္ကသိုလ်မှ ရခဲ့သည်။ ကျွန်တော့် အဖို့မှာမိဘတစ်ယောက်အနေဖြင့် ဂုဏ်ယူမဆုံးရှိခဲ့ရပါ၏။ ကျွန်တော်ဖခင်ကြီးသည် ကျွန်တော် စက်မှုတက္ကသိုလ်ဘွဲ့ရတုန်းက ပျော်ရွှင်နေမှုမျိုးပင်ဖြစ်ပါသည်။ သို့သော် ကျွန်တော့်တုံးကဘွဲ့နှင်းသဘင် ဆိုတာဘယ် နေရာမှန်း မသိခဲ့။ ကျွန်တော်တို့ခေတ်က ရန်ကုန်ကို မိဘတွေခေါ်ပြီး ဘွဲ့တက်ယူဖို့ လက်လှမ်း မမှီ။ ဂုဏ်ယူရ ကောင်းမှန်း လည်းမသိခဲ့။ အဖေသည် သားဘွဲ့ရသည် ဆိုခြင်းကို တိတ်တိတ်ဆိတ်ဆိတ်သာ ဂုဏ်ယူခဲ့ပေလိမ့် မည်။
 
ကျွန်တော်သည် အင်္ဂလန်သို့ မရောက်ဖူးခဲ့။ နိုင်ငံခြားဆိုတာ ဘေးနားအိမ်နီးချင်းနိုင်ငံများကို ဆိုသည်။ ဟိုအဝေးကြီးက အမေရိကား၊ အင်္ဂလန်တို့သည် စာရင်းထဲမှာ မပါခဲ့ပါ။ အင်္ဂလိပ်တို့သည် ဗမာပြည်ကို ကိုလိုနီ နယ်ချဲ့အဖြစ်ရောက်လာခါ သိမ်းပိုက်ခဲ့ကြသည်။ ဖိတ်ခေါ်ရခြင်း မရှိပါ။ ယခုတော့ သားဘွဲ့ယူဖို့ သူတို့ အင်္ဂလန် ကို ရောက်ခဲ့ပေပြီ။

(၂)
ကျွန်တော်ဘွဲ့နှင်းသဘင်အခမ်းအနားတွေကို တက်ဖူးလှပြီ။ သားကြီး NUS (National University of Singapore) မှာ ဘွဲ့ယူတုန်းကတစ်ခါ၊ သားငယ် SUSS ( Singapore University of Social Science) မှာ ဘွဲ့ ယူတုန်းကတစ်ခါ တက်ဖူးပါသည်။ စင်မြင့်ပေါ်ကိုဘွဲ့ယူမယ့်သူတွေ ဘွဲ့ဝတ်ရုံတွေနှင့်အတူ တစ်ယောက်ပြီး တစ်ယောက်တက်ယူကြသည်။ ဘေးကနာမည်ကို တစ်ယောက်ချင်း ခေါ်ပြောနေသည်။ လက်ဆွဲနှုတ်ဆက်ကြသည်။ ပြုံးကြ ပျော်ကြသည်။ ဓါတ်ပုံတွေ ရိုက်ကြသည်။

ယခုအခါ ကိန်းဘရစ်မြို့က သားတို့ဘွဲ့ယူရသည်မှာ ဤသို့မဟုတ်ပါ။ ချန်ဆဲလာ (Vice Chancellor) သည် ဤကောလိပ် တက္ကသိုလ်မှာ ဒုတိယ အကြီးဆုံးဖြစ်သည်။ ဆံပင်ဖြူတွေဖွေးဖွေးဖြူ နေသည့် အမျိုးသမီး ကြီးဖြစ်သည်။ ထိုပရော်ဖက်ဆာကြီးသည် ထိုင်ခုံပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေလေသည်။ သူထိုင်နေရာသို့ဘွဲ့ယူ ရမည့်သူများသည် တစ်ယောက်ပြီးတစ်ယောက် နာမည်ခေါ်သူတွေ လာကြသည်။ သူ့ရှေ့ရောက်သော် ဒူးတင် စရာ နေရာမှာ ဒူးတင်၍ လက်နှစ်ဖက်အား သူ့ကိုပေးရသည်။ သူကဘွဲ့ယူမည့်သူ၏ လက်ကိုကိုင်ကာ လက်တင် ဘာသာဖြင့် စကားလုံးတွေ ရွတ်ဆိုနေသည်။ ဘွဲ့နာမည်ဟု ယူဆရပါသည်။ သူကကောင်းချီးပေး၍ ဘွဲ့ယူသူက ခံယူကာ ဘွဲ့ယူခြင်းအခမ်းအနား ပြီးမြောက်သည်။

ဤသည်မှာ ကိန်းဘရစ်မြို့ တက္ကသိုလ်၏ ဆီးနှိပ်ဟောက် ခေါ် ၁၈ ရာစုကတည်းက ရှိခဲ့သော ကျောက် တုံး ဖြူဖြူများဖြင့် တည်ဆောက်ထားသော အဆောက်အဦအတွင်းမှာ ဖြစ်ပါသည်။ ပထမဦးစွာ ချန်ဆဲလာ နှင့် ပရော်ဖက်ဆာများသည် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ဝင်ရောက်နေရာယူသည်။ ဆိုင်ရာ ဝတ်စုံများကို သေသေသပ်သပ် ဝတ်စားထားကြသည်။ ဤသည်မှာ ကျွန်တော်တို့အပါအဝင် ပရိတ်သတ်က ယူ ပုံသဏ္ဍန်ဝိုင်းကာ ခုံတန်းသုံးလေး တန်းကို အပြည့်နေရာယူအပြီးမှာ ဖြစ်ပါသည်။ ဓါတ်ပုံရိုက်ခွင့်မရှိ၊ ဆူညံသံမကြားရ။ သား သမီးဘွဲ့ယူကြသူတွေကို သြဘာပေးသံ၊ ချီးကျူးသံများသာ ကြားနေရသည်။
ဘွဲ့ပေးမည့် ဆီးနှိပ်ဟောက်သို့ ကျွန်တော်တို့ အစောကြီး ရောက်သွားကြပါသည်။ ဘွဲ့ယူမည့်သူများ၏ မိဘတွေလည်း ရောက်ကြပြီ။ လူတိုင်းက အဝတ်အစားအသစ်တွေနှင့် ဝတ်စုံအမျိုးမျိုးနှင့်ဖြစ်သည်။ မိမိတို့ ရိုးရာ အလိုက်ဝတ်ထားကြသော အာဖရိကနိုင်ငံတွေမှလူတွေကိုလည်းတွေ့ရသည်။ ကျွန်တော်တို့အတွက် လက်မှတ် ၂ စောင်သာ ရှိရာ သား၏မိန်းကလေးအတွက် အခက်တွေ့ရပါသည်။ သူက ကိစ္စမရှိပါ၊ အပြင်မှစောင့်ပါမည်ဆို သော်လည်း ကျွန်တော်တို့စိတ်မကောင်းနိုင်ကြ။ နောက်မှ သူ့သူငယ်ချင်းတစ်ယောက်စီမှ ဝင်ခွင့်လက်မှတ်တစ် စောင်ရလိုက်သည်။ ကျွန်တော်တို့ ဝင်ပြီးသည်နှင့် မကြာမီအခမ်းအနားစတင်ပါသည်။ သားတို့ဘွဲ့ယူမည့်သူများ ကလည်း တနေရာမှာ စုကာ ဆီနှိပ်ဟောက်သို့ စီတန်းလာကြခြင်းဖြစ်သည်။

ဘွဲ့ယူရမည့်သူသည်လေးယောက်တစ်တွဲ တွဲကာ ဘွဲ့အလိုက်ဝတ်စုံများကို အရောင်ခွဲပြီး ဝတ်ကြရသည် တစ်ယောက်စီ ပရော်ဖက်ဆာကြီးရှေ့သို့ ဝင်ကြရသည်။ အဆောက်အဦးမှာ ကြီးမားပြီး ခန့်ညားလှသည်။ နံရံ အမြင့်ကြီးအထိ ဖေါက်ထားသော ပြူတင်းပေါက်များ၊ အတွင်းပစ္စည်းများမှာ များများစားစား မတွ့ရ၊ ဘွဲ့ရသူတွေ ထိုင်ရန်လိုအပ်သော ထိုင်ခုံများသာ ရှိသည်။ မှတ်တမ်းတင်သူတွေက ဘေးမှဓါတ်ပုံရိုက်နေသည်။ ဤဓါတ်ပုံများ သည် တသက်လုံး အမှတ်တရ သိမ်းကြရမည့်ဓါတ်ပုံများဖြစ်ပါသည်။ ပရိတ်သတ်က ဓါတ်ပုံမရိုက်ရပါ။ ဂုဏ်ယူ နေကြသည့်မိဘတွေက သားသမီးများ ဘွဲ့ယူနေ ပုံကို ဘေးမှကြည့်နေကြသည်။

ချန်ဆဲလ်လာ က လက်ကိုကိုင်ကာ လက်တင်ဘာသာစကား ကို ဆို၍ ဘွဲ့ပေးလိုက်ပြီဆိုသည်နှင့် သား၏ပညာရှာဖွေ ရေးလုပ်ငန်း အထွဋ်အထိပ်သို့ ရောက်ရခြင်းဖြစ်ပါသည်။ ကျွန်တော့်သားသည် စင်္ကာပူတက္ကသိုလ်မှ အင်ဂျင်နီ ယာဘွဲ့ရခဲ့သည်။ ကမ္ဘာတစ်ဝှမ်း မြို့ကြီးတွေမှာ အမ်ဘီအေ ဘွဲ့ပေးသော ကျောင်းတွေရှိကြပါသည်။ အမေရိ ကန်ပြည်မှာဆို ယေးလ်တက္ကသိုလ်၊ ပရင်စတန်စသည် ဖြင့် အမည်ကျော်ကြားသော တက္ကသိုလ်တွေရှိသည်။ ပြင်သစ် ပြည်မှာလည်း HEC -Advanced Studies in Business School, အင်စိ (Insead) စသည်ဖြင့် ပညာ သင်ရာဌာန ကြီးတွေရှိသည်။ အင်္ဂလန်မှာဆို အောက်စဖို့ဒ်၊ ကိန်းဘရစ်တို့ နာမည်ရှိကြပါသည်။ ပညာသင်ရာ ကျောင်းတော် ကြီးများရှိကြရာ ၄င်းတို့တွင် တူညီသောအချက်မှာ ဝင်ခွင့်ရဖို့ မလွယ်ကူခြင်း၊ ရပြန်သော်လည်း ငွေကြေးပမာဏ အများကြီး သင်တန်းကြေးပေးသွင်းရခြင်းတို့ဖြစ်သည်။

သည်လိုနှင့်အခမ်းအနားပြီးစီးတော့ ချန်ဆဲလ်လာကြီးက သူဝင်ခဲ့သည့် လမ်းအတိုင်း ဘွဲ့ဝတ်စုံတွေဝတ် ထားကြသည့် ပရော်ဖက်ဆာများခြံရံကာထွက်ခွာသွားပါတော့သည်။ ကျွန်တော်တို့ကလည်းအပြင် မျက်ခင်းပြင် သို့ထွက်ခဲ့ကြသည်။ ထိုအချိန်မှာ မိသားစုဓါတ်ပုံရိုက်ချိန်ဖြစ်ပါသည်။ ဘွဲ့ယူရခြင်းအတွက် အကောင်းဆုံး အချိန် လည်းဖြစ်ပါသည်။ ခေါင်းဆောင်းတွေကို မိုးပေါ်သို့ ပစ်သူက ပစ်နှင့် ပျော်စရာကောင်းသည်။ ကျွန်တော်တို့က မှတ်တမ်းတင် ဓါတ်ပုံရိုက်ထားရာသို့ သွားပြီး မိမိ ဓါတ်ပုံကို ရည်ညွှန်းအမှတ်နှင့် ရိုက်သူထံမှရွေးကြရသည်။

ကျောင်းဝင်ခွင့်ကစင်္ကာပူဒေါ်လာတစ်သိန်းကျော်ကျပါသည်။ ထိုငွေမှာ သင်တန်းမတက်ရောက်မှီ အကြေ ပေး သွင်းရသည်။ သူ စင်္ကာပူ မက္ကင်စီကုမ္မဏီမှာ ၃ နှစ်နီးပါး အလုပ်လုပ်ထားသော်လည်း ထိုငွေကြေးပမာဏကို မစု မိပါ။ ကျွန်တော်တို့မိဘများအနေဖြင့် သားပညာရေးအတွက် တစ်သောင်း၊ နှစ်သောင်းထက်ပို၍ မကူညီနိုင်။

သည်အချိန်မှာ သူ့အမျိုးသမီးဆီက အကူအညီရသည်။ သည်လိုနှင့် ငွေသွင်းရေးသည်လည်းပြေလည် သွားပါ၏။ သူ၏မိန်းကလေးမှာစင်္ကာပူမှာ PR-Permenant Residence ရယူပြီးအလုပ်လုပ်နေသည်။ သူတို့သည် အင်္ဂလန်သို့ သွားဖို့ဖြစ်လာသော အခါ ချက်ခြင်းသွားမည်ဟု ဆုံးဖြတ်ကြလေသည်။ သူ့မိန်းမ ဟောင်ကောင်သူ သည် အင်္ဂလိပ် ပတ်စပို့စာအုပ်ရှိ သည်။ ထို့ကြောင့် နေရေးထိုင်ရေးကတော့ အဆင်ပြေနေသည်။ အဓိကမှာ အလုပ်ရှာရေး၊ လစာရရေး စသည် တို့ဖြစ်ရာ နေဖို့ထိုင်ဖို့ကအစ တွေးယူမည်ဆိုလျင် ပူစရာတွေချည်းပင်။ သည်ကတည်းက သူတို့သည် အင်္ဂလန်မှာ ဘွဲ့ယူမည်ဟုဆုံးဖြတ်ကြလေသည်။

ကျွန်တော်သည် မိဘတစ်ယောက်အနေဖြင့် ဘာမှ အကူအညီမပေးနိုင်။ ဦးဆောင်ညွှန်ကြားမှုကို မလုပ် နိုင်။ အင်္ဂလန်ဆိုသည်ကိုလည်း မရောက်ဖူးဘူး၊ အဆက်အသွယ်ကလည်းမရှိ။ သို့သော်သည်လိုအခြေအနေမျိုး မှာ သွားရိုးသွားစဉ် သွားနေကျ ခရီးသဖွယ်ခရီးသွားအိတ်ကိုယူခါ ထွက်ခွာသွားကြသောလင်မယားနှစ်ယောက်လုံးကို မိဘတစ်ဦးအနေဖြင့် မချီးကျူးဘဲမနေနိုင်ပါ။

နေ့တစ်နေ့၏ နံနက် ၉ နာရီလောက်မှာ စင်္ကာပူအဲယားလိုင်း လေယာဉ်သည် လန်ဒန်သို့သွားသည်။ ထို လေယာဉ်ပေါ်သို့ လင်မယားနှစ်ယောက်တက်သွားကြပုံမှာ မိဘတစ်ယောက်အနေဖြင့် ရင်ကိုမနေမိသည်။ သား အဆင်မှပြေပါ့မလား၊ ဘယ်လိုနေကြမှာလဲ၊ ဘယ်လိုသွားကြမှာလဲ၊ သူတို့အရွယ်သူတို့ခေတ်မှာကျွန်တော်တို့ မလုပ်နိုင်သောအလုပ်တွေကို လုပ်နိုင်နေသည်မှာ အားကျစရာပင်။ သားကျောင်း ကိုရောက်၍ အိမ်ငှားပြီးပြီ။ သူ့ မိန်းမလည်း အလုပ်ရပြီး သူ့မိန်းမက အလုပ်ကို စက်ဘီးနှင့် တက်သည် ဆိုတာတွေကို ကြားရသည်။ သားက ကျောင်းပုရဝုဏ်အတွင်း အဆောင်မှာ ၂ ယောက်ခန်းကိုငှားပြီး နေကြသည်။ ဘယ်ကိုသွားသွား သားသည် အောင်မြင်နိုင်မည်ကိုကျွန်တော်ခန့်မှန်းနိုင်ပါသည်။ သို့သော်အင်္ဂလန်ကို တခါမှမရောက်ဖူး၊ တစ်ယောက်မှမသိ သောအရပ်မှာ နေနိုင်ဖို့ကတော့ ကျွန်တော့်တို့အတွက်မဖြစ်နိုင်ပါ။ နောက် သားသည် သင်တန်းပြီးဆုံးပြီး အခြေ အနေကလည်း အနည်ထိုင်သွားပြီ။ အလုပ်ရှာနေပြီ ဟူ သော စကားတွေကြားရသည်။ မိန်းမနှင့် ဘယ်သူနှင့်မှ မသိသောအရပ်မှာ ယနေ့ လူငယ်တွေ အစ်အိုးတစ်အိမ် ထူထောင်နိုင်ခြင်း သည်အံ့သြဘွယ်ရာ အဖြစ်တစ်ခုဖြစ် ပါသည်။

(၃)
သို့ရာတွင် ဗြိတိန်ပြည်မှာ အလုပ်လုပ်ရတာ ချမ်းသာစရာအကြောင်းမမြင်ပါ။ အစိုးရကိုပေးရသည့်အ ကောက်ခွန်က ၃၀%-၄၀% ရှိသည်။ အဆိုပါ အကောက်ခွန်ကို နှုတ်လျင် အိမ်ပါမည့် လစာငွေကနည်းသည်။ သားက ကျွန်တော်တို့လာဘို့ အကြောင်းကြားလာသည်။ သား၏အလုပ်က အမြဲတစေလုပ်ကိုင်ရသော ဝန်ထမ်း အလုပ်မဟုတ်ပါ။ သူ့အလုပ်က ကွန်ပျူတာတစ်လုံးနှင့် ဒေတာ တွေ သွင်းပေးနေရသည်။ ထိုအလုပ်က လုံလုံ လောက်လောက်ရပါသည်။ ရှေ့ရေးကိုသာ မျှော်မကြည့်လျင်သူ့ဘဝသည်နေပျော်နေပါပြီ။ မိဘတွေကို အလည် ခေါ်နိုင်ပြီးအလည်အပတ် နေရာအနှံ့လိုက်ပို့နိုင်ပြီ။

ကိုသန်းလွင်



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar