Breaking News

မောင်လူမွှေး - လမ်းပြကြယ်ကလေးတွေ ရှိတဲ့နေရာ

မောင်လူမွှေး - လမ်းပြကြယ်ကလေးတွေ ရှိတဲ့နေရာ

မိုးမခ ၊ အောက်တိုဘာ ၂၇ ၊ ၂၀၂၅


ညအမှောင်တောထဲက ခပ်ကုပ်ကုပ် ကျောင်းကလေးအောက်မှာ အိပ်နေရင်း မောင်လူမွှေးတစ်ယောက် အပြင်ကို လှမ်းကြည့်လိုက်တယ်။ ကောင်းကင်က ကြယ်တွေကို မြင်ရတယ်။ အပြင်ကို ထွက်ကြည့်လိုက်တော့ ကောင်းကင်တစ်ခုလုံး ကြယ်တွေပြည့်လို့။ တောထဲက အကောင်ကလေးတွေရဲ့ မြည်သံမျိုးစုံကို ကြားရတယ်။  စိတ်ထဲမှာ ကြည်နူးချမ်းမြေ့မှုကို ခံစားလိုက်ရတယ်။

မောင်လူမွှေး အိပ်တဲ့နေရာက ကြမ်းခင်းကို မောင်လူမွှေး ရောက်တဲ့ညနေမှာပဲ ကျောင်းသားမိဘတွေက ခင်းပေးကြတယ်။ ခေါင်းငုံ့ပြီးဝင်ရတဲ့ တဲကုပ်ကျောင်းကလေးရဲ့ အောက်မှာ တုံးတွေတန်းစီ၊ ပျဥ်ချပ်အဟောင်းတွေ ခင်းပေးကြရင်း "တဲတော့ စီစဥ်ထားပြီးသား။ ဒါပေမဲ့ ဆရာက ကျောင်းမှာအိပ်မှာ ဆိုလို့ ခုလို စီစဥ်နေကြတာ" လို့ မောင်လူမွှေး ရောက်ရောက်ချင်း စစ်ရှောင်ကျောင်းက ဆရာလေးက ရှင်းပြတယ်။  ကိုယ့်အတွက် ဒီလို တကူးတက လုပ်ပေးနေတာမြင်ရတော့ စိတ်ထဲမှာ အားနာမိတာအမှန်ပဲ။ ဒါပေမယ့် စီစဥ်ပြီးနေပြီဆိုတော့ မတတ်နိုင်တော့ပါ။ ကျောင်းမှာ လွတ်လွတ်လပ်လပ် အိပ်ရမှာမို့ အားနာစိတ်နဲ့အတူ ကျေနပ်မှုလည်း ဖြစ်မိတယ်။

ဒီစစ်ရှောင်ကျောင်းက ဆရာ၊ ဆရာမလေးတွေကို မောင်လူမွှေးနဲ့ မစ်(စ)မွှေး သင်တန်းပေးတာ အခုအကြိမ်ဆို သုံးကြိမ်မြောက် ဖြစ်တယ်။ အခုလည်း ကျောင်းပိတ်ရက် နှစ်ရက်လုံး သင်တန်းပေးဖို့ မောင်လူမွှေးတို့ ညအိပ်ရောက်လာရတာ ဖြစ်တယ်။ မောင်လူမွှေးတို့ ရောက်ပြီးမကြမီ ဓာတ်ဗူးတစ်လုံးနဲ့ အမြည်းတစ်ပန်းကန် ပါတဲ့ ရေနွေးပွဲတစ်ပွဲ နီးစပ်ရာတဲကနေ လာပို့တယ်။ မောင်လူမွှေး ရေနွေးမသောက်သေးဘဲ စစ်ရှောင်ကျောင်းက ဆရာလေးနဲ့အတူ တောထဲက ချောင်းလေးထဲကို ရေချိုးထွက်ခဲ့တယ်။ 

ချောင်းရေဟာ ကြည်လင်အေးမြနေတယ်။ တောတိုက်က ကျောင်းသားမိဘတွေရဲ့ စေတနာမေတ္တာကလည်း ချောင်းရေလိုပါပဲ။ ချောင်းရေကသာ နွေမှာ ခန်းရင် ခန်းမယ်။ ကျောင်းသားမိဘတွေနဲ့ မောင်လူမွှေးတို့ရဲ့ အပြန်အလှန် မေတ္တာတရားကတော့ ဒီဘဝ ခန်းခြောက်စရာမရှိတော့ပါ။ အခက်အခဲ အကျပ်အတည်းကြားမှာ တွေ့ဆုံခင်တွယ်မှုဟာ ခိုင်မြဲတယ်မဟုတ်လား။

ရေချိုးပြီးလို့ ချောင်းနားကတဲကို ဝင်တော့ မောင်လူမွှေးတို့ ညစာစားဖို့ ထမင်း ဟင်း ချက်နေကြတဲ့ အမျိုးသမီးတွေကို တွေ့ရတယ်။ မောင်လူမွှေးတို့ ဆိုရာမှာ မောင်လူမွှေးတို့ လင်မယားနှစ်ယောက်ရယ်၊ သင်တန်းတက်ဖို့ မောင်လူမွှေးတို့နဲ့အတူ လိုက်လာတဲ့ ဆရာ၊ ဆရာမ လေးယောက်ရယ် စုစုပေါင်း ခြောက်ယောက် ရှိပါတယ်။ ဒီစစ်ရှောင်ကျောင်းရဲ့ ထူးခြားချက်က မောင်လူမွှေးတို့ လာတိုင်း ထမင်းကျွေးရင် မောင်လူမွှေးတို့နဲ့အတူ ကျောင်းသားမိဘ ဆယ့်ငါးယောက်၊ အယောက် နှစ်ဆယ်လောက်က ကျောင်းမှာ အတူတူစားကြတာပါပဲ။ မောင်လူမွှေး လာတိုင်း သူတို့လည်း စုပေါင်းထမင်းပွဲ ဆင်နွဲကြတာပဲ။ 

စစ်ရှောင်ကျောင်းက ဆရာ၊ ဆရာမလေးတွေဟာ မောင်လူမွှေးတို့ သင်တန်းစာပေး ဆွေးနွေးချိန်ကစ တိုးတက်ပြောင်းလဲမှုတွေ ရှိကြောင်း သူတို့ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုကြတယ်။ သူတို့ မပြောရင်တောင် ယုံကြည်မှုရှိလာတဲ့ သူတို့မျက်နှာတွေကို အလွယ်တကူ ဖတ်လို့ရနေပါတယ်။ ပြီးတော့ မောင်လူမွှေးတို့ လာရင် မိဘတွေရဲ့ ကြိုဆိုမှု၊ အားတက်မှုတွေကနေတဆင့်လည်း သိသာပါတယ်။ မောင်လူမွှေးတို့ ကျောင်းမှာ အိပ်တော့ မောင်လူမွှေးတို့ကို စောင့်ရှောက်ပေးရင်း သူတို့တဲကနေ ကျောင်းကို လာအိပ်ကြတဲ့ အမျိုးသားကိုက ဆယ်ယောက်နီးပါး ရှိတယ်။ မောင်လူမွှေးနဲ့ စကားတွေပြောကြတယ်။ မောင်လူမွှေးလည်း ဆယ့်တစ်နာရီခွဲမှာ အိပ်ရာထဲကို ဝင်ခဲ့တယ်။ အိပ်ရာထဲကို ဝင်ပြီး ဒီစာကိုရေးနေတဲ့ ညဆယ့်နှစ်နာရီထိုးခါနီးမှာတောင် အပြင်က သူတို့စကားဝိုင်းက မပြီးသေးပါဘူး။

စစ်ရှောင်ကျောင်းက ဆရာမလေးတွေကို တွေ့ခါစက သူတို့ကို တောပန်းကလေးတွေအဖြစ် မောင်လူမွှေး တင်စားခဲ့တယ်။ ခုတော့ စစ်ရှောင်ကျောင်းက ဆရာ၊ ဆရာမလေးတွေဟာ စေတနာရနံ့သင်းပျံ့နေတဲ့ တောပန်းကလေးတွေကနေ လမ်းပြကြယ်ကလေးတွေ ဖြစ်နေပြီလို့ မောင်လူမွှေး ယုံကြည်လာတယ်။ ကြယ်တွေဟာ လမ်းကိုပြတယ်လို့  ဆိုကြတယ် မဟုတ်လား။

တစ်နှစ်အတွင်း ဆရာ၊ ဆရာမလေးတွေ ခုလို တိုးတက်လာတဲ့အတွက် မောင်လူမွှေး ဝမ်းသာတယ်။ စစ်ရှောင်ကလေးတွေရဲ့ အနာဂတ်ကို လမ်းပြနိုင်မယ့် သူတို့အတွက် မောင်လူမွှေးဂုဏ်ယူတယ်။ ကျောင်းသားမိဘတွေရဲ့ တက်ကြွစွာပါဝင်မှုအတွက် အားရတယ်။ သင်တန်းနားချိန် " တဝါးဝါး..တဟားဟား" နဲ့ ပွင့်လင်းမှုတွေ၊ ခေတ်ကြပ်ကြီးထဲက ရှားပါးတဲ့ လွတ်လပ်ပျှော်ရွှင်မှုတွေကို တွေ့မြင်ခံစားရတာ ကျေနပ်စရာကောင်းတယ်။

ညက နက်လာလေ ကောင်းကင်မှာ ကြယ်တွေက များလေပါပဲ။ အမှောင်ကျနေတဲ့ မောင်လူမွှေးတို့နိုင်ငံမှာ လမ်းပြကြယ်တွေ အများကြီးရှိဖို့က ကလေးတွေရဲ့ အနာဂတ်အတွက် သိပ်အရေးကြီးပါတယ်။ ကြယ်တွေများဖို့ လောလောဆယ်တော့ ကြယ်ငါးကောက်တဲ့ လူတစ်ယောက်လို မောင်လူမွှေးတို့ မဆုတ်မနစ် ကြိုးစားနေရဦးမှာ ဖြစ်ပါတယ်ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar