Breaking News

ခေါင်းကြီး - ဇောက်ထိုးမိုးမျှော် ငါတို့နိုင်ငံတော်

ခေါင်းကြီး - ဇောက်ထိုးမိုးမျှော် ငါတို့နိုင်ငံတော်

မိုးမခ ၊ အောက်တိုဘာ ၂၉ ၊ ၂၀၂၅


*နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့အညီ...

ကမ္ဘာ့တိုင်းပြည်များရဲ့ တန်းစီဇယားတွေကို...

အဂတိတရား ကင်းစွာနဲ့ လေ့လာသုံးသပ်ကြစတမ်းဆိုရင်...

နောက်ဆုံးတန်းနေရာမှာ အခိုင်အမာ ရပ်တည်နေတဲ့...

ငါတို့ အမိမြန်မာပြည်ရဲ့ ပကတိအနေအထားကို..

ထင်ထင်ရှားရှား အတိုင်းသား သိမြင်နိုင်ကြမှာပါ...။


*ပြဿနာနဲ့ စိန်ခေါ်မှုတွေ ကိုယ်စီရှိနေတဲ့ကြားက...

အနာဂတ်ကို မျှော်ရည် မရပ်မနား ရှေ့ဆက်သွားနိုင်ကြဖို့...

သူများနိုင်ငံတွေ အသည်းအသန် ရုန်းကန်နေကြတဲ့အချိန်...

အထီးကျန်ဖြစ်နေတဲ့ နည်းမမှန်စနစ်ဆိုးတွေနဲ့...

ဟိုး...ကျောက်ခေတ်ဆီသို့  နောက်ပြန်ရစ်ဖို့ကြံစည်...

ပြောင်းပြန်ဦးတည် လျှောက်လှမ်းနေတဲ့ ငါတို့ နိုင်ငံတော်...။


*လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဦးစားပေးလို့...

တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးအတွက်...

သူများနိုင်ငံတွေ အလေးထား အားထုတ်နေတဲ့အချိန်...

ဖိနှိပ်ချုပ်ချယ်မှုနဲ့ မတရားမှုတွေ နေရာအနှံ့မှာဆူပွက်...

ချိုးဖြူငှက်တွေ အသက်ရှင်ခက်လို့...

ကမ္ဘာပျက်တဲ့နေ့တွေပဲ ကြုံတွေ့နေရတဲ့ ငါတို့နိုင်ငံတော်...။


*ပညာရေး ကျန်းမာရေး အဆင့်အတန်းမြင့်မား...

လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ကြီးပွားဖို့...

သူများနိုင်ငံတွေက နေ့မအား ညမနား ကြိုးစားနေကြတဲ့အချိန်...

စာသင်ကျောင်းနဲ့ ဆေးရုံ ဆေးခန်းများပါ ချန်မထား...

မထောက်ထား မဆင်ခြင် မြင်မြင်သမျှ ဗုံးကြဲ...

ငရဲခန်းညတွေ ဖြတ်သန်းနေရတဲ့ ငါတို့နိုင်ငံတော်...။


*ကိုယ် ယုံကြည်ရာသာ လွတ်လပ်စွာကိုးစား...

ဘာသာတရား အထိန်းအကွပ်နည်းပါးတယ်လို့...

သူများနိုင်ငံတွေကို မလေးမစား ပြောဆိုနေကြတဲ့အချိန်...

ဘာသာတရားတွေ ထွန်းကား အဆုံးအမတွေများလည်း...

မျက်နှာဖုံးအလှအတွက်သာ အယောင်ဆောင်ဗန်းပြ...

လက်တွေ့ဘဝမှာ အသုံးမချတဲ့သူတွေ...

မုချအမှန် များလွန်းနေတဲ့ ငါတို့နိုင်ငံတော်...။


*တန်းတူညီမျှမှုကို လေးစား အဂတိလိုက်စားမှုရှောင်ရှား...

အမှန်တရားကို စံနမူနာထားတဲ့ ခေတ်စနစ်မျိုး...

သူများနိုင်ငံတွေ ကြိုးစားတည်ဆောက်နေကြတဲ့အချိန်...

'မဆလ'ခေတ်ကစပြီး ယနေ့'မအလ'အချိန်အခါထိ...

အလိမ်အညာစကား အတုအယောင်များနဲ့ပဲ ညာဝါးဖြီးဖြန်း...

မရိုးနိုင်တဲ့ နည်းလမ်းဟောင်းတွေ ဆက်ပြီးသုံး...

လေးဘက်ကုန်းနေတဲ့သူတွေ များပြားနေတဲ့ ငါတို့နိုင်ငံတော်...။


*ဘာသယံဇာတမှ ပြောပလောက်အောင် မရှိပေမဲ့...

ပညာတွေနဲ့ ရင်းနှီးထား စီးပွားတွေ မြင့်တက်အောင်...

သူများနိုင်ငံတွေ အားကြိုးမာန်တက် ဆောင်ရွက်နေကြတဲ့အချိန်...

ကြွယ်ဝလိုက်တဲ့ သယံဇာတသိုက်တွေပေါ်မှာထိုင်...

ယိမ်းယိုင်တဲ့ စာရိတ္တတွေနဲ့ အပြိုင်အဆိုင် ဖျံကျ အနိုင်ကျင့်...

ကျိန်စာသင့်ကျွန်သပေါက်ဘဝ ရောက်နေရတဲ့ ငါတို့နိုင်ငံတော်...။


*အနာဂတ်ရဲ့ စွမ်းအား မျိုးဆက်သစ်လူငယ်များရဲ့ဘဝ...

အေးချမ်းလှပအောင် ပြုစုပျိုးထောင်ပေးနိုင်ဖို့...

သူများနိုင်ငံတွေက စနစ်တကျ အကောင်အထည်ဖော်နေတဲ့အချိန်...

စိုးရိမ်ပူပန်မှုတွေများစွာနဲ့ ဘေးအန္တရာယ်တွေကြားမှာ...

ကျီးလန့်စာစား ရှောင်ရှားရှင်သန်နေရတဲ့ လူငယ်မြောက်မြားစွာရဲ့...

အိပ်မက်လှလှတွေ ပျက်စီးကြေမွသွားခဲ့ရတဲ့ ငါတို့နိုင်ငံတော်...။


*ကမ္ဘာမြေတဝှမ်းလုံးက အကောင်းဆုံးဦးနှောက်တွေကို...

နည်းအမျိုးမျိုးသုံး ဆွဲဆောင်စည်းရုံး ဖောက်စားနိုင်ဖို့...

သူများနိုင်ငံတွေ အပြိုင်အဆိုင် ကြိုးပမ်းနေကြတဲ့အချိန်...

တိုင်းပြည်ရဲ့ ပညာရှင်ပညာတတ် ရဟန်းရှင်လူများစွာ...

ကစဉ့်ကလျားနဲ့ အညွန့်ကျိုး ဘဝပျက်သွားအောင်...

အာဃာတထား နှိပ်စက်ညှဉ်းပန်းနေတဲ့ ငါတို့နိုင်ငံတော်...။


*ပြည်သူအများကို ရင်ဝယ်သားလိုသဘောထား...

သစ္စာမေတ္တာ ကိုယ်ချင်းစာတရားများနဲ့ ကျင့်ကြံအုပ်ချုပ်...

သူများနိုင်ငံတွေမှာ အစိုးရမင်း လုပ်နေကြတဲ့အချိန်...

ကိုယ့်ပြည်သူကိုရန်လုပ် ဆိုးယုတ်တဲ့နည်းတွေနဲ့ ခြိမ်းခြောက်...

လူစိတ်တွေပျောက် သေနတ်ထောက် ရန်ရှာသတ်ဖြတ်...

နှလုံးသားအစစ်မပါ ဦးနှောက်ဗလာနဲ့...

ဖက်ဆစ်မိစ္ဆာတွေ တိုးပွားနေတဲ့ ငါတို့နိုင်ငံတော်...။


*ရှေးနှစ်ပေါင်းများစွာကတည်းက...

ဒီကမ္ဘာကြီးပေါ်မှာ မြန်မာပြည်ဆိုတာ...

သာသနာရောင်ဝါလင်း ရွှေရောင်တဝင်းဝင်း...

ကျွန်းသစ်နဲ့စပါးခင်းတွေရဲ့ အခင်းအကျင်း...

ကျောက်စိမ်း ပတ္တမြားတွေရဲ့ အဆင်းအချင်းနဲ့...

ဂုဏ်သတင်းကျော်ကြားခဲ့တဲ့ ငါတို့နိုင်ငံတော်...။


*အခုအချိန်အခါမှာတော့...

မသမာမှုတွေမျိုးစုံ ရက်စက်မှုတွေကမ်းကုန်...

ပြောမယုံနိုင်လောက်အောင် ဒုစရိုက်မှုတွေပေါက်ဖွား...

မူးယစ်ဆေးဝါးနဲ့ ကျားဖြန့်တွေကပူ လူကုန်ကူးမှုတွေကဆူညံ...

နိုင်ငံအားလုံးရဲ့အလယ်မှာ ထည်ဝါမှုတွေပျက်သုဉ်းလို့...

အဆုံးစွန်ထိ မျက်နှာငယ်နေရတဲ့ ငါတို့နိုင်ငံတော်...။


*တစ်ပြည်တစ်ရွာက "အမေကျော် ဒွေးတော်လွမ်း"ရင်း...

အလွန်တရာ မိုက်တွင်းနက်နေကြတဲ့...

အဓမ္မသမား လူယုတ်မာ မသူတော်တွေကြီးစိုး...

လူတော်လူကောင်းတွေခမျာ ငုံ့လျှိုးနေရပြီး...

ခေါင်းမဖော်နိုင်တဲ့ ဒုက္ခအမျိုးမျိုးနဲ့...

ဇောက်ထိုးမိုးမျှော်ဖြစ်နေတဲ့ ငါတို့နိုင်ငံတော်ကို...။


*"မပြေးသော် ကန်ရာရှိ"

သမိုင်းကပေးလာတဲ့ တာဝန်သိသိ...

အတွေးအခေါ်  အမြော်အမြင်ရှိရှိနဲ့...

ပကတိအတိုင်း သိမြင်နိုင်ကြရဲ့လား?

ပျော်ပျော်ရွှင်ရွှင်နဲ့ "တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား"...

အနစ်နာခံ တိုက်ပွဲဝင်ဖို့ မကြိုးစားကြဘဲ...

ဇောက်ထိုးမိုးမျှော်ပဲ ဆက်ထားလိုက်တော့မှာလား?

ဘယ်သူတွေဘယ်လိုထင်ထင် ဘယ်လိုပဲအပြစ်တွေတင်တင်...

အများအမြင် မကောင်းပေမဲ့လည်း...

ဘေးတစောင်းပဲ ပြောင်းထားလိုက်တော့မှာလား?

အချိန်ကုန် လူပင်ပန်း စိတ်ကြေနွမ်းလို့...

ခရီးကြမ်းကို အဆုံးသတ် ရပ်တန်းကရပ်တန့်...

ကန့်လန့်ဖြတ်ပဲ ပစ်ထားလိုက်ကြတော့မှာလား?

မဖြစ် ဖြစ်တဲ့နည်းနဲ့ မတည့် တည့်အောင် ပြုပြင်နိုင်ဖို့...

လိုလိုချင်ချင် အားအင်အပြည့်နဲ့...

"တစ်နေ့ တစ်လံ ပုဂံဘယ်မရွေ့"...

ရှေ့သို့ဆက် ချီတက်ကြမှာလား?

လေးလေးနက်နက် စဉ်းစားဆုံးဖြတ်ကြပါကုန် ...။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar