Breaking News

မောင်လူမွှေး - စိတ်ဒဏ်ရာနဲ့ ကလေးတွေ

မောင်လူမွှေး - စိတ်ဒဏ်ရာနဲ့ ကလေးတွေ

မိုးမခ ၊ အောက်တိုဘာ ၃၀ ၊ ၂၀၂၅


တစ်ရက် မောင်လူမွှေး တပည့်မလေးတစ်ယောက်  ရင်ဘတ်ထဲက စူးပြီးအောင့်တာတဲ့။ ကလေးဆိုတော့ ငိုနေတယ်။ အောင့်နေတာက ဘယ်ဘက်ရင်ဘတ်ထဲက ဆိုတော့ မောင်လူမွှေးလည်း သူ့အိမ်ကို ပြန်ပို့ပြီး ဆေးခန်းကို သွားခိုင်းရပါတယ်။ အဒေါ်ကြီးတစ်ယောက်က "နှလုံးစဖြစ်တော့တာနေမှာ ဆရာ။ အခုနောက်ပိုင်း ကလေးတွေ နှလုံး ထိခိုက်တာတွေ များတယ်။ ကျမ မြေးလည်း သူ စိတ်ထိခိုက်စရာတွေ့ရင် မျက်ရည်တွေကျလာတော့တာ" လို့ မောင်လူမွှေးကို ပြောပါတယ်။

စစ်ပွဲကာလမှာ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရကြတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လေယာဥ်ကို ကြောက်ရတာအပြင် ပျက်နေတဲ့ ခေတ်ကာလမှာ မိဘတွေရဲ့ မဆင်ခြင်မှုတွေကြောင့်လည်း စိတ်အနာတွေ ရကြတယ်။  မိဘတွေကလည်း စားဝတ်နေရေးအတွက် ရုန်းကန်ကြရ၊ ပူပင်ကြရတဲ့အခါမှာ ကိုယ့်သားသမီးကို ဂရုစိုက်နိုင်မှု အားနည်းကြပါတယ်။ ကိုယ့်သားသမီးကို ဆူတာငေါက်တာဆိုတာ ပုံမှန်ပြုမူနေကျအပြုမူတွေဖြစ်နေတာကိုလည်း တွေ့ရတယ်။

တကယ်တော့ တော်လှန်ရေးကာလကြီးမှာ အခက်အခဲတွေ၊ မွန်းကျပ်ရမှုတွေကို လူကြီးတွေပဲ ခံစားရတာမဟုတ်ပါဘူး။ ကလေးတွေဟာလည်း သူ့အရွယ်နဲ့သူ ခံစားချက်နဲ့ပါ။ သူတို့ဟာ နုနယ်တဲ့ အရွယ်မှာ ကြမ်းတမ်းတဲ့ လောကဓံကို ခံရတယ်။ သူတို့အရွယ်နဲ့မမျှတဲ့ ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်နေကြရတယ်။ 

ပထွေးနဲ့ အမေကြောင့် အိမ်မှာမပျော်လို့ ထွက်ပေါက်ရှာချင်နေတဲ့ တပည့်၊ မုဆိုးမ အမေရဲ့အနေအထိုင်ကြောင့် အိမ်ကနေ ထွက်ပြေးချင်နေတဲ့ ကလေးစတဲ့ ပြည်တွင်းစစ်ကြားမှာ တပူပေါ်နှစ်ပူဆင့်ခံစားနေကြရတဲ့ ကလေးတွေကို မြင်နေရတဲ့အခါ မောင်လူမွှေး ဂရုဏာသက်မိပြီး သူတို့အတွက် ရင်မောရပါတယ်။

မသာယာတဲ့ခေတ်ကြီးမှာ ကလေးတွေလိုအပ်နေတာက နွေးထွေးတဲ့ ဆက်ဆံရေးပါ။ သူတို့တွေရင်ဆိုင်နေကြရတာက နှုတ်ပိုင်းဆိုင်ရာ ကြမ်းတမ်းစွာပြောဆိုခံရမှု၊ မိသားစုဝင်တစ်ဦးဦး မူးယစ်နေမှု၊ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လစ်လျူရှုခံရမှုတွေပါ။ ဒီလိုအရာတွေကို စစ်ရှောင်စခန်းက ကလေးတွေက ပိုခံစားကြရပါတယ်။ 

ဒီလိုခံစားနေကြရတဲ့ ကလေးတွေအတွက် စစ်ရှောင်ကျောင်းတွေဟာ လုံခြုံတဲ့ ပညာရပ်ဝန်းဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မောင်လူမွှေးဟာ စစ်ရှောင်ကျောင်းက ဆရာ၊ဆရာမလေးတွေနဲ့ ဆွေးနွေးပွဲတွေ၊ သင်တန်းတွေလုပ်ပါတယ်။ ဘော်လုံး၊ခြင်းလုံးတွေဝယ်၊ အားကစားနဲ့ ကလေးတွေရဲ့ စိတ်ကို သက်သာအောင်၊ တိုးတက်အောင်  ကြိုးစားကြပါတယ်။ အောင်မြင်သွားတဲ့ ကလေးတွေ၊ ကျောင်းတွေရှိသလို မအောင်မြင်နိုင်သေးတဲ့ ကလေးတွေ၊ ကျောင်းတွေလည်း ရှိပါတယ်။ လက်လှမ်းမီသမျှတော့ အရှိန်မပျက် ဆက်လက်ကြိုးစားနေကြဆဲပဲ ဖြစ်ပါတယ်။

တကယ်တော့ လူ့ဘဝမှာ အခြေခံလိုအပ်ချက် ဖြစ်တဲ့ စားရေး၊ ဝတ်ရေး၊ နေရေး အခြေခံသုံးချက်ပြည့်စုံမှ ကျန်တာတွေကို လုပ်လို့ရတာပါ။ စစ်ရှောင်စခန်းက ကလေးတွေဟာ နေရေးအတွက် မိုးကပ်၊ မိုးကာတဲလေးတွေမှာ နေကြရတယ်။ ဝတ်ရေးကလည်း ရှိတဲ့အဝတ်အထည်လေး နှစ်စုံသုံးစုံကို လှည့်ဝတ်ကြတယ်။ သူတို့မိသားစုမှာ စားစရာဆန် ရှိမရှိဟာ သူတို့မိဘတွေရဲ့ မျက်နှာထား ၊ အပြောအဆိုနဲ့ တိုက်ရိုက်အချိုးကျတယ်။ မိသားစုအတွက် စားစရာဆန်ဟာ စိုးရိမ်ဖွယ်အနေအထားကို ရောက်လာပြီဆိုရင် မိဘတွေဆီကတဆင့် သူတို့အပေါ်ရောက်တဲ့ ဖိအားဟာ သက်ရောက်မှုကြီးပါတယ်။

" အခုရှစ်တန်းတက်နေတဲ့ မိန်းကလေးတွေထဲက သုံးယောက်က လာမယ့်နှစ် ကိုးတန်းကိုဆက်မတက်နိုင်ဘူးလို့ပြောတယ်ဆရာ။ သူတို့က ကျောင်းဆက်နေချင်ပေမယ့် သူတို့အိမ်တွေက စားဝတ်နေရေးအဆင်မပြေကြဘူး။ သူတို့ အိမ်အတွက် ဝင်ငွေရအောင် အလုပ်လုပ်ရမယ်ထင်တယ်" လို့ စစ်ရှောင်ကျောင်း တာဝန်ခံ ဆရာမလေးက မောင်လူမွှေးကို ပြောတယ်။ 

မောင်လူမွှေးတို့အနေနဲ့ကလည်း သူတို့ကျောင်းတက်တဲ့ ကုန်ကျစရိတ်ကိုသာ အတိုင်းအတာတစ်ရပ်ထိ ကူညီပေးနိုင်ပြီး မိသားစုစားဝတ်နေရေးကိစ္စကိုတော့ ဖြေရှင်းမပေးနိုင်ပါ။ "လာမယ့်နှစ်ကိစ္စ လာမယ့်နှစ်မှာ ဆွေးနွေးကြမယ်" ဆိုတဲ့ စကားနဲ့ပဲ ဒီကိစ္စကို လောလောဆယ် ရပ်ထားလိုက်ရပါတော့တယ်။

ခေတ်ပျက်ကြီးထဲမှာ ကလေးတွေဟာ ငိုတာမဟုတ်ဘဲ မျက်ရည်ကျကြတာကို သတိထားမိတယ်။ မငိုဘဲနဲ့ အလိုလိုစီးကျလာတဲ့ မျက်ရည်ဟာ ခံစားမှု အနက်ရှိုင်းဆုံးနေရာက လာတယ်။ ငိုတာက ငိုပြီးရင် ပေါ့သွားပေမယ့် မျက်ရည်တွေတွေကျရတဲ့ ခံစားမှုဟာ တော်တော်နဲ့ မပျောက်တတ်ပါဘူး။ ဒါကမောင်လူမွှေး ကိုယ်တွေ့မြင်ရတဲ့ အခြေအနေတချို့ကို ရေးရတာပါ။ မောင်လူမွှေးတို့ ဆရာ၊ ဆရာမတွေ ရှေ့မှာမဟုတ်ဘဲ အခြားတစ်နေရာရာမှာ တိတ်တိတ်လေး မျက်ရည်ကျနေကြရရှာတဲ့ ကလေးတွေ ရှိမယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ တိတ်တိတ်လေး မျက်ရည်ကျရရှာတဲ့ စိတ်ဒဏ်ရာနဲ့ကလေးတွေရဲ့ မျက်ရည်ပေါင်းများစွာရှိမယ်။ ကလေးတွေရဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့ မိဘပြီးရင် အနီးကပ်ဆုံးပုဂ္ဂိုလ်တွေဟာ ဆရာ၊ ဆရာမတွေ ဖြစ်တယ်။ သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို သတိထားစောင့်ကြည့်ပြီး စိတ်ရှည်နွေးထွေးမှုနဲ့ ပြုမူဆက်ဆံကြဖို့ လိုအပ်ပါတယ်ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar