Breaking News

သီအိုဇော် - မြန်မာ့အရေးအတွက် ကုလသမဂ္ဂနှင့် အာဆီယံတို့၏အသံ

သီအိုဇော် - မြန်မာ့အရေးအတွက် ကုလသမဂ္ဂနှင့် အာဆီယံတို့၏အသံ

မိုးမခ ၊ အောက်တိုဘာ ၂၉ ၊ ၂၀၂၅



ကုလသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အားမရကြဘူး ဆိုတဲ့အမြင်တွေက အငြင်းပွါးစရာ မရှိပါဘူး။ ဒီရှုထောင့်ကနေ ဆက်ပြီး ပြောကြလို့ လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်း အဲဒီအဖွဲ့အစည်းတွေ ထုတ်ပြန်ပြောဆိုလာတဲ့ အသုံးအနှုန်းများကနေ မှတ်သားမိတဲ့ ထူးခြားတာလေးတွေ၊ အပေါင်းလက္ခဏာဆောင်တာလေးတွေကိုလည်း ကောက်နုတ်ပြလိုပါတယ်။

၁၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲကို တက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ‘အန်တိုနီယို ဂူတာရက်စ်’ရဲ့ သတင်းစာ ရှင်းလင်းပွဲ ဖြေကြားချက်ကနေ စချင်ပါတယ်။

ပထမဆုံးမေးခွန်းမေးခွင့်ရတဲ့ ‘South China Morning Post ‘ သတင်းစာက ဂျိုးဇက်ပ် ဆီပါလန်(Joseph Sipalan)ရဲ့ ဒီဇင်ဘာလမှာ ကျင်းပဖို့ပြင်ဆင်နေတဲ့ ဟန် ပြရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မေးခွန်းကို ပြန်ဖြေဆိုရာမှာ ‘ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ ဘယ်သူကမှ ယုံကြည်ကြမယ် ကျနော် မထင်ပါဘူး’ လို့ ပါဝင်ပါတယ်။

တော်လှန်ရေးအင်အားစုတွေအပြင် နိုင်ငံတကာကပါ ဒီလိုသုံးနှုန်းပြောဆိုနေကြပေမဲ့၊ ကုလသမဂ္ဂလို အဖွဲ့အစည်းရဲ့ အကြီးအကဲအနေနဲ့ အခုလိုပြောကြားလိုက်တာက ထိရောက်မှု ကောင်းစွာရှိပါတယ်။ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း၊ မိတ်ဘက် အဖွဲ့အစည်းတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရကောင်းနိုး ဒွိဟဖြစ်နေကြသူတွေအတွက်ပါ သတင်းစကားပေးလိုက်သလိုမျိုး ဖြစ်သွားပါတယ်။ 

ရွေးကောက်ပွဲကို ထွက်ပေါက်ပမာ အမျှော်လင့်ကြီး မျှော်လင့်နေရှာတဲ့၊စစ်ကော်မရှင် အတွက်တော့ နားခါးစရာလို့ ယူဆကြမှာ ဖြစ်သလို၊ အရှိုက်မထိတောင် အောင့်သက် သက် ဖြစ်သွားနိုင်ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က  ‘ရွာတွေဗုံးကြဲခံရ (သို့မဟုတ်) မီးရှို့ခံခဲ့ရတယ်၊ ထောင်ချီပြီး အသတ်ခံရတယ်၊ သန်းချီပြီး နေရပ်ကထွက်ပြေးတိမ်းရှောင် နေရတယ် ’လို့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ပြောပြခဲ့တာကလည်း ကျူးလွန်သူ တရားခံနံမည် မပါရုံတမယ်ပါပဲ။ ဗုံးကြဲနိုင်တဲ့ လေယာဉ်တွေ ဘယ်သူအသုံးပြုနေသလဲ ဆိုတာက အားလုံးသိကြပြီးသားပါ။ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေသူ ဘယ်သူဆိုတာ သူ့ရဲ့အပြောအရ ပိုပြီး သိသာထင်ရှားသွားစေခဲ့ပါတယ်။

‘ဂူတာရက်စ်’ရဲ့ပြောကြားချက်တွေဟာ အာဆီယံအပေါ်လည်း ပိုစဉ်းစားစရာ ဖြစ်သွားစေပါလိမ့်မယ်။  အာဆီယံအနေနဲ့ အခုထက်ထိ စောင့်ကြည့် လေ့လာဖို့ ကိုယ် စားလှယ် လွှတ်၊ မလွှတ် တရားဝင်ထုတ်မပြောသေးတဲ့ အချိန်ဖြစ်လို့ ဒီပြောကြားချက် များဟာ အရေးပါ ပါတယ်။ အာဆီယံအဖွဲ့ ကိုယ်စားပြုပြီး မလွှတ်ဖို့ စိတ်သန်တဲ့ဘက်ကို ပိုအားကောင်း စေပါလိမ့်မယ်။

ကမ္ဘောဒီးယားရဲ့ ပါတီစုံရွေးကောက်ပွဲ ဆိုတာကလည်း အမည်ခံသက်သက် ဆိုတာ အများက သဘောပေါက်ကြပါတယ်။ အဲဒီကြားက ၂၀၂၃ခုနှစ် ဇူလိုင် ၂၃ရက်နေ့မှာ ကျင်းပတဲ့ ကမ္ဘောဒီးယား ရွေးကောက်ပွဲကို အာဆီယံ လေ့လာစောင့်ကြည့်ရေးမစ်ရှင် စေလွှတ်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ ‘ဒီမိုကရေစီဖြစ်စဉ်ကို တိုက်ရိုက်လေ့လာခွင့်ရတဲ့အတွက် ကျနော်တို့ အလွန်ကျေးဇူးတင်ပါတယ်၊ ရွေးကောက်ပွဲကော်မရှင် ရဲ့ ပရော် ဖက်ရှင်နယ် ဆန်မှုနဲ့ အရည်အချင်း ပြည့်ဝမှုအတွက်ရော၊ ရွေးကောက်ပွဲမှာ တက် တက်ကြွကြွ စိတ်အားထက်သန်စွာ ပါဝင်မှုအတွက်ပါ ကမ္ဘောဒီးယားပြည်သူတွေကို ဂုဏ်ပြုပါတယ်’ ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ပဲ နောက်ဆုံး အသိအမှတ်ပြုပေးခဲ့ရပါတယ်။ 

ရွေးကောက်ပွဲ သွားလေ့လာပြီးရင်တော့ ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ဝေဖန် ထောက် ပြမဲ့ အဖွဲ့အစည်းထဲ အာဆီယံကို ထည့်လို့မရနိုင်ပါဘူး။ ဒါ့ကြောင့် စေလွှတ်လေမလား ဆိုပြီး ပူပန်မှု ရှိခဲ့ပါတယ်။ အခုထက်ထိ ကြားသိရတဲ့ သတင်းတွေအရ ဆိုရင်တော့ စေလွှတ်ဖြစ်မှာ မဟုတ်ဘူးလို့ပဲ နားလည်ရပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ချက်ကို လိုက်နာအကောင်ထည်ဖေါ်ခြင်းမရှိတဲ့ အတွက်၊ စစ်ခေါင်းဆောင်တွေအပေါ် ဆက်ပြီး လူရာမသွင်းတဲ့ ဆုံးဖြတ်ချက် ဆက်ချမှတ်ထားတာမျိုးကလည်း အားရစရာကောင်းပါတယ်။ ဒါ့အပြင်  တော်လှန် ရေးအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများကို ရွေးကောက်ပွဲ မတိုင်မီ၊ မလေးရှားနိုင်ငံကို ဖိတ်ခေါ်ဆွေးနွေးမယ် ဆိုတဲ့ လူသိရှင်ကြား ထုတ်ဖေါ်ပြောကြားချက်ကလည်း ကျေ နပ်စရာပါ။ မလေးရှားနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဌတာ ဝန်ယူတဲ့ ကာလမှာ အာဆီယံ လုပ်ဆောင်ချက်တွေက အပေါင်းလက္ခဏာဆောင်တယ်လို့ ပြောရမှာပါ။

ဒါပေမဲ့ အာဆီယံဟာ ကုန်သွယ်စီးပွါး ပူးပေါင်းဆောင်ရွက်ရေးကို အဓိကအခြေခံ ထားတဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းမျှသာ ဖြစ်တာကိုလည်း သဘောပေါက်ထားရပါလိမ့်မယ်။ အာဖရိကသမဂ္ဂဆိုရင်  အာဏာသိမ်းမှု ဖြစ်ပွားတဲ့နိုင်ငံတွေကို အဖွဲ့ကနေ ရပ်ဆိုင်းထားတာမျိုး ဆောင်ရွက်နိုင်ပါတယ်။  အဖွဲ့ကြီးရဲ့ ဖွဲ့စည်းပုံဥပဒေ အပိုဒ်- ၃၀မှာ ဖွဲ့စည်းပုံဥပဒေ ချိုးဖောက်ပြီး အာဏာရယူတဲ့ အဖွဲ့ဝင်နိုင်ငံတွေအပေါ် တားမြစ်ချက်တွေ ထည့်ရေးဆွဲထားခဲ့တာပါ။ 

အာဖရိကသမဂ္ဂရဲ့ Peace and Security Council (PSC) ရဲ့ချမှတ်ထားချက်မှာလည်း အာဏာသိမ်းခေါင်းဆောင်တွေ ရွေးကောက်ပွဲ မဝင်ရဘူးလို့ ပါရှိပါတယ်။ အာဆီယံကတော့ ဒီအချက်တွေကို ထည့်မစဉ်းစားခဲ့သလို နောင်မှာလည်း ပြင်ဆင်ဖို့ စိတ် ကူးရှိဟန် မပေါ်ပါဘူး။ 

အာဆီယံဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Kobsak Chutikulက ကမ္ဘောဒီးယားမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး အ စည်းအဝေးတဝိုက်က မြန်မာမပါတော့တဲ့ အာဆီယံအဖွဲ့ကြီး ဖြစ်သွားမှာကို အာဆီယံ က စိုးရိမ်နေတဲ့သဘော သူ့ရဲ့အမြင်ကို ပြောပြခဲ့ဖူးပါတယ်။ ဒါ့ကြောင့် အာဆီယံဘက်က ပြင်းပြင်းထန်ထန် အရေးယူမှုတွေ လုပ်လာလိမ့်မယ်လို့ မျှော်လင့်ဖို့ ခက်ပါလိမ့်မယ်။

အဲဒီတုန်းက Asian Vision Institute ရဲ့ ဥက္ကဌ Dr Chheang Vannarith ပြောခဲ့ ဖူး တာကလည်း ‘မြန်မာ့အရေးမှာ အာဆီယံဆိုတာက ဝင်ပြီး ပြတ်ပြတ်သားသားဆုံး ဖြတ်ပေးနိုင်တဲ့ အဖွဲ့အစည်း မဟုတ်ဘူး၊  ဒါပေမဲ့ အပြန်အလှန် စကားပြောကြဖို့၊ ယုံကြည်မှုတည် ဆောက်ပေးဖို့၊ အဖြေရှာကြံဖို့ ကြိုးစားပေးတဲ့ ပလက်ဖောင်းတခုတော့ ဖြစ်တယ်’ လို့ မှတ်ခဲ့ဖူးပါတယ်။

ဒါတွေကိုကြည့်ရင် အာဆီယံက သူ့အင်သူ့အားနဲ့ မျှအောင် သူ့နှုန်းနဲ့သူ ဆက်သွားနေမယ်လို့ပဲ မျှော်လင့်ရပါတယ်။ တချိန်တည်းမှာပဲ တော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာပြည်သူတွေအပေါ်  နားလည်စာနာတဲ့  ‘တီမောလက်စ်တေ’ အဖွဲ့ဝင်သစ် ဖြစ် လာတာကလည်း အကောင်းမြင်စရာပါ။ မလေးရှားနိုင်ငံ ဥက္ကဋ္ဌသက်တမ်းမှာ အ ပေါင်း လက္ခဏာဆောင်တာတွေ တွေ့မြင်ရသလို၊ ဒီတာဝန် ဖိလစ်ပိုင်နိုင်ငံ လွှဲပြောင်းယူတဲ့အချိန်မှာ ဒီအရှိန်အဟုန် ကျဆင်းမသွားပဲ၊ ပိုမြှင့်တင် လုပ်ဆောင်နိုင်လာခဲ့ရင်တော့ အတိုင်းထက်အလွန်လို့သာ ဆိုရပါလိမ့်မယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar