အာဆီယံ အစည်းအဝေးမှ မြန်မာအရေးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်နဲ့ သက်ရောက်မှု
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၂၆ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၂၅
အာဆီယံ အစည်းအဝေးမှ မြန်မာအရေးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်နဲ့ သက်ရောက်မှု
အာဆီယံအဖွဲ့ရဲ့ နှစ်စဥ်ကျင်းပနေကျ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်ဖြစ်သူတွေ တက်ရောက်တဲ့ ညီလာခံကို ၂၀၂၅ ခုနှစ်ရဲ့ အလှည့်ကျနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေပြီဖြစ်ပါတယ်။ ဒီနှစ် အာဆီယံခေါင်းဆောင်တွေရဲ့ ညီလာခံရဲ့ ထူးခြားချက်က အမေရိက၊ ဥရောပ၊ အာဖရိကနဲ့ အာရှတိုက်တို့ ကမ္ဘာ့ခေါင်းဆောင် တွေကို ဖိတ်ကြားခဲ့ပြီး အာဆီယံအဖွဲ့ ရဲ့ အရေးပါမှုကို ပိုမိုထင်ရှားစေတဲ့ ညီလာခံတခုလည်း ဖြစ်ပါတယ်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်ကို ဖိတ်ကြားခြင်းမရှိဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ကိုသာ တက်ရောက်ခွင့်ပြုပြီး ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ ခေါင်းဆောင် အားလုံးတက်ရောက်ကြတာ ဖြစ်ပါတယ်။
အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေအပြင် အမေရိကန်ပြည်ထောင်စု သမ္မတ ထရန့်၊ ရုရှား က ဒုဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်၊ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဝန်ကြီးချုပ် လီချန်း၊ သြစတေလျ ဝန်ကြီးချုပ် အယ်လ်ဘေးနီးစ်၊ ဂျပန်ဝန်ကြီးချုပ်သစ် ဆနအဲ တကာအိချိ၊ တောင်ကိုးရီးယား သမ္မတ လီဂျေးမြောင်နဲ့ နယူးဇီလန် ဝန်ကြီးချုပ် ခရစ်စတိုဖာ လူဇွန် တို့တက်ရောက်ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအရေးဟာ အာဆီယံ အဖွဲ့အဖို့ မဖြစ်မနေ ဖြေရှင်းရမယ့် အရေးကိစ္စတခု အနေနဲ့ရှုမြင်ထားပေမယ့်လည်း အခုလို အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်မဟုတ်တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် အစည်းအဝေး တွေ့ဆုံမှုတွေကို မြန်မာ့အရေးကိစ္စက လွှမ်းမိုးသွားမယ့် အခြေအနေမျိုးမဖြစ်အောင် စီမံကိုင်တွယ်ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဆွေးနွေးခဲ့ကြပြီး အောက်တိုဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ချက် တစောင်ထုတ်ပြန်ခဲ့တာတွေ့ကြရပါတယ်။ အချက် ၂၈ ချက်ပါဝင်တဲ့ ထုတ်ပြန်ချက်မှာ သုံးသပ်ချက် ၁၅ ချက်နဲ့ ဆုံးဖြတ်ချက် ၁၃ ချက်တို့ပါဝင်တာတွေ့ရပါတယ်။ သုံးသပ်ချက် ၁၅ ချက်မှာ အဓိကအားဖြင့် အချက် ၅ ချက်ပါ အာဆီယံ သဘောတူညီမှု ကို အာဏာသိမ်းစစ်အစိုးရ အနေနဲ့ ဘယ်လောက် အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်သလဲ ဆိုတာကို အလှည့်ကျဥက္ကဌ ရဲ့ အကဲဖြတ်ချက် အစီရင်ခံစာ အရ အာဆီယံ သဘောတူညီမူ ၅ ချက်ကို သိသာထင်ရှားတဲ့ အကောင်ထည်ဖေါ်မှုတွေ မရှိသေးတာကို တွေ့ရတယ်လို့လည်း ဆိုထားပါတယ်။ ဒါကြောင့် အဆိုပါ မူ ၅ ချက်ကို ဆက်လက် ကိုင်စွဲထားပြီး ဒီမူ ၅ ချက်ကို ဆက်လက်အကောင်အထည်ဖေါ်ဖို့ တိုက်တွန်းသွားမယ်လို့ လည်း ဆိုထားပါတယ်။
မြန်မာနိုင်ငံက လက်နက်ကိုင် အဖွဲ့အားလုံးကို တိုက်တွန်းတာကတော့ အကြမ်းဖက်မှုတွေ လျော့နည်းသွားအောင် လုပ်ဆောင်ဖို့ အရပ်သားတွေနဲ့ အရပ်ဘက် ဆိုင်ရာ အဆောက်အဦတွေ ကိုတိုက်ခိုက်ခြင်း မပြုကြဖို့၊ ယခုနှစ်ဆန်းပိုင်း မန္တလေး/စစ်ကိုင်းဒေသကို ငလျင်ဘေးကျရောက်ပြီးနောက် မေလမှာ အာဆီယံအဖွဲ့က တိုက်တန်းခဲ့သလိုပဲ လက်နက်ကိုင် အဖွဲ့တွေအကြား အပစ်ရပ်ကြဖို့ တိုက်တွန်းချက်ကို ထပ်မံပြီး ထည့်သွင်းတောင်းဆိုထားပါတယ်။
ဒေသတွင်းနိုင်ငံတွေနဲ့ ကမ္ဘာ့အခြားဒေသက နိုင်ငံတွေကိုလည်း လူသားချင်းစာနာမှု အကူအညီ AHA စင်တာက တဆင့်တိုးမြှင့်ပေးကြဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။ မြန်မာနိုင်ငံက ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ကြဖို့ အာဆီယံရဲ့ အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက်အားပေး ထောက်ခံကြောင်း ဖေါ်ပြထားပါတယ်။ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကို ရွေးကောက်ပွဲ မတိုင်ခင်မှာ လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွေကနေ မြန်မာနိုင်ငံအနေနဲ့ ကိုယ်တိုင်ဦးဆောင်တဲ့ ကိုယ်ပိုင် ငြိမ်းချမ်းရေး အစီအစဥ်တရပ် ပေါ်ထွက်လာဖို့ ဦးတည်လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။
အထက်က အခြေအနေတွေ ဖြစ်ထွန်းခြင်း မရှိသေးတဲ့ မူ ၅ ချက်ကို ထိရောက်စွာ အကောင်အထည်မဖေါ်နိုင်သေးတဲ့ အခြေအနေမှာ နိုင်ငံရေး အရ ခန့်အပ်ထားတဲ့ ကိုယ်စားလှယ် တက်ရောက်ခွင့် မပြုဖို့ ဆုံးဖြတ်ချက်ကို ဆက်လက်ထိန်းသိမ်းထားဖို့လည်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
အာဆီယံရဲ့ ထုတ်ပြန်ချက်ကို ခြုံငုံပြီးသုံးသပ်ကြည့်ရင် မူ ၅ ချက်အကောင်အထည်ဖေါ်မှု အားနည်းနေသေးတယ်ဆိုတဲ့ အကဲဖြတ်ချက်၊ ရွေးကောက်ပွဲမတိုင်ခင် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုမျိုး လုပ်ဆောင်ဖို့ တိုက်တွန်းချက်နဲ့ လူသားချင်းစာနာမှု အကူအညီ AHA လို့ အတိုကောက်ခေါ်ဆိုတဲ့ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေး စင်တာက တဆင့် တိုးတက်ကူညီပေးကြဖို့ အချက်တွေက အဓိက လို့ဆိုရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ စစ်ပွဲတွေ၊ ပဋိပက္ခတွေ လူသားချင်းစာနာမှုအကူအညီ အရေးတကြီး လိုအပ်နေချိန်မှာပဲ နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ပြဿနာကိုလည်း ကိုင်တွယ်ဖြေရှင်းကြဖို့ အရေးကြီးတယ် ဆိုတာကို ဖော်ပြထားတာ တွေ့ရပါတယ်။
ပြည်တွင်းမှာရော နိုင်ငံတကာကိုပါ အာဏာသိမ်းစစ်တပ်က ၄င်းတို့ ကျင်းပမယ့် ရွေးကောက်ပွဲကို မြန်မာနိုင်ငံရေး အကျပ်အတည်းက ထွက်ပေါက် တခုအဖြစ် ဈေဗန်းခင်း ရောင်းချနေပေမယ့် ရွေးကောက်ပွဲဟာ အခြေအနေတွေ ပိုမိုရှုပ်ထွေးစေ စိတ်ဝမ်းကွဲစေနိုင်တယ်လို့ KIA ခေါင်းဆောင်က ယခုရက်ပိုင်းအတွင်း ပြောဆိုထားတာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းထားပြီး နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ မြေပေါ်မှာ လုပ်ကိုင်နိုင်ခြင်း မရှိတဲ့အနေအထား၊ မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ အနေအထား၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေ ဖြစ်ပွားနေချိန်မှာ ရွေးကောက်ပွဲ ကျင်းပတာဟာ ပြဿနာကို ပြေလည်စေမယ့် လုပ်ဆောင်မှုမဟုတ်ဘူးလို့ ပြည်တွင်းကရော နိုင်ငံတကာက ပါ ရှုမြင်ကြပါတယ်။ အချို့သော အိမ်နီးချင်းနိုင်ငံတွေကတော့ ရွေးကောက်ပွဲကို ထောက်ခံကြတာလည်း ရှိနေပြီး တရုတ်နိုင်ငံနဲ့ အိန္ဒိယတို့ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတော့ မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို အာဆီယံ အနေနဲ့ တားဆီးဖို့ မဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့ ရာမှာ အာဆီယံ ဖြစ်ဖြစ်၊ အမေရိကန်ပြည်ထောင်စု ဖြစ်ဖြစ် ဒါမှမဟုတ် ကုလသမဂ္ဂလို နိုင်ငံရာနဲ့ ချီပါဝင်တဲ့ အဖွဲ့အစည်းတွေက ဖြေရှင်းပေးဖို့ မျှော်လင့်နေတာတွေဟာ လက်တွေ့မှာ ဘာမျှ အကောင်အထည် ဖြစ်လာမှာ မဟုတ်တဲ့ အချက်ကို မြန်မာနိုင်ငံသားတွေ အနေနဲ့ အခုအခါမှာ နားလည် သဘောပေါက် သင့်ပြီဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar