နွေဦးတော်လှန်ရေး ကာလအတွင်း လူမျိုးစုများကြား ပဋိပက္ခ
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၃ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၂၅
နွေဦးတော်လှန်ရေး ကာလအတွင်း လူမျိုးစုများကြား ပဋိပက္ခ
မကြာသေးခင်သီတင်းပတ်တွေအတွင်း စစ်ကိုင်းတိုင်း ကသာခရိုင်ထဲမှာရှိတဲ့ ဗန်းမောက်မြို့သိမ်း တိုက်ပွဲဆင်နွှဲခဲ့ရာမှာ တဖက်က KIA နဲ့ ၄င်းရဲ့ မဟာမိတ် NUG လက်အောက်က PDF တပ်ဖွဲ့တွေ လက်နက်ကိုင်တပ်ဖွဲ့တွေ အခြားတဖက်မှာ SNA လို့ အတိုကောက်ခေါ်တဲ့ ရှမ်းနီလက်နက်ကိုင် အဖွဲ့နဲ့ ၄င်းနဲ့မဟာမိတ်လို့ဆိုနိုင်တဲ့ အာဏာသိမ်းစစ်တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ရှမ်းနီ၊ ကတူး၊ ကနန်း စတဲ့ လူမျိုးစုတွေအကြား ပဋိပက္ခအသွင်ဆောင်တဲ့ပြဿနာ၊ လူမျိုးရေးအရ လုပ်ဆောင်တာဆိုတဲ့သဘောမျိုး နားလည်အဓိပ္ပာယ်ကောက်ယူမှုတွေရှိလာတဲ့အနေအထားတွေကြောင့် ရှမ်းနီအမျိုးသားများညီညွတ်ရေး အစည်းအရုံး(SNUA) ဆိုတဲ့ အရပ်ဖက်အဖွဲ့အစည်းတခုက “ရှမ်းနီတိုင်းရင်းသားများ ဒေသ ဗန်းမောက်မြို့နယ်အတွင်းဖြစ်ပွားလျက်ရှိသော စစ်ရေးပဋိပက္ခများနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ခြင်း ဆိုတဲ့ ထုတ်ပြန်ချက်ကို အောက်တိုဘာ ၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
သဘောထားထုတ်ပြန်ချက်ရဲ့ ကိုအနှစ်ချုပ်ကြည့်ရင် ဒီဒေသမှာ ရှမ်းနီ၊ ကတူး၊ ကနန်း၊ ဗမာလူမျိုးတွေ နှစ်ပေါင်းများစွာ အတူယှဥ်တွဲနေထိုင်လာကြတဲ့ အကြောင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ရှမ်းနီဒေသမှာ စစ်မီးတောက်လောင်ခဲ့ပြီး ကျေးရွာထိခိုက်ပျက်စီးတာ၊ ဒေသတွင်း လူပုဂ္ဂိုလ်နဲ့ ရဟန်းသံဃာတွေပါ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ၊ ဘာသာစကား ကန့်သတ်ခံရတဲ့ အဖြစ်တွေနဲ့ သစ်အလွန်အကျွံခုတ်ယူခြင်း၊ အကန့်အသတ်မဲ့ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကို ခံစားနေရတဲ့အကြောင်း၊ တဖန် စစ်ရေးအကြောင်းပြချက်တွေနဲ့ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားခြင်း၊ ကာလကြာရှည်စွာ အင်တာနက်၊ ဖုန်းဆက်သွယ်ရေး ကန့်သတ်ခြင်းတွေကြောင့် ဒေသခံလူထုရဲ့ ဆက်သွယ်ရေး အသက်မွေးဝမ်းကြောင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ထုတ်ဖေါ်ပြောဆိုခွင့်တွေလည်း ဆုံးရှုံးနေကြရကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကောက်ခံတဲ့ အခွန်အကောက်တွေနဲ့ အမျိုးမျိုးသော အမိန့်တွေကြားမှာ ခက်ခဲစွာ ရှင်သန်နေထိုင်နေကြရတဲ့အကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ နှစ်ဖက်သောလက်နက်ကိုင်တွေရဲ့ လူမှုအသိုင်းအဝိုင်းက အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေကိုလည်း ဖေါ်ပြထားပါတယ်။
ဒီအခြေအနေတွေပေါ် ထပ်ဆင့်ပြီး ဗန်းမောက်မြို့သိမ်းတိုက်ပွဲကာလအတွင်း လူမျိုးရေး ပဋိပက္ခများ ဖန်တီးလိုတဲ့ ရည်ရွယ်ချက်နဲ့ အရပ်သား ပစ်မှတ်တွေကိုပါ တိုက်ခိုက်တဲ့ အဖြစ်တွေရှိလာတဲ့အကြောင်း၊ အင်တာနက်ပေါ်မှာလည်း လူမျိုးရေး လှုံ့ဆော်မှုတွေ ရှိလာနေတဲ့အကြောင်း ဖော်ပြထားပြီး စစ်ဘေးဒုက္ခသည် ၁၅၀၀ ကျော်အတွက် အကူအညီတွေ၊ လူမှုအဖွဲ့အစည်းအတွင်း သဟ ဇာတဖြစ်ဖို့ ပညာပေးမှုတွေလိုအပ်နေကြောင်း နှိုးဆော်ရေးသားထားပါတယ်။ ထုတ်ပြန်ချက်ရဲ့ နောက်ဆုံး စာပိုဒ်အနေနဲ့တော့ “နှစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)ပါ စည်းမျဉ်း အမှတ်(၇)၊ (၁၁)၊ (၁၂)၊ (၁၄)၊ (၃၀)၊ (၃၁)၊ (၃၅)၊ (၃၈)၊ (၄၃)၊ (၅၃)၊ (၅၅)၊ (၇၇)၊ (၇၈)၊ (၈၁)၊ (၈၈)၊ (၉၆)၊ (၉၇)တို့ကို လိုက်နာကြပါ ရန်နှင့် စစ်ရာဇဝတ်မှုမြောက်သော ပြစ်မှုများကို မကျူးလွန်ကြရန်၊ လူမျိုးရေး ပဋိပက္ခမဖြစ်ပွားစေရန်အတွက် ထိန်းထိန်းသိမ်း သိမ်းလုပ်ဆောင်ကြရန်” ဆိုပြီး တိုက်တွန်းထားတာတွေ့ရပါတယ်။
နွေဦးတော်လှန်ရေးပေါ်ပေါက်လာချိန်မှာ ရှိပြီးသားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အာ ဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့အဖွဲ့၊ အာဏာသိမ်းစစ်တပ်ကိုလည်း မထောက်ခံ၊ တိုက် ခိုက်ခြင်းလည်းမရှိတဲ့အဖွဲ့နဲ့ စစ်တပ်နဲ့ပူးပေါင်းပြီး တိုက်ခိုက်တဲ့အဖွဲ့ရယ်လို့ အများက အလွယ် တကူခွဲခြားသတ်မှတ်ကြတာတွေ့ရပါတယ်။ ဆန့်ကျင်တိုက်ခိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလို့ဆိုရင် KNU/KNLA, KIA, CNF, AA, KNPP,KNDF, PNO/PNLA, TNLA, MNDAA အစရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကို သတ်မှတ်နိုင်ပြီး စစ်တပ်ကို မထောက်ခံသလို တိုက်ခိုက်ခြင်းလည်းမရှိတဲ့အဖွဲ့တွေအဖြစ် UWSA, SSPP/SSA, RCSS, NMSP, မိုင်းလားအဖွဲ့ စတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေ ရည်ညွှန်းကြပါတယ်။ စစ်တပ်နဲ့မဟာမိတ်အဖြစ် သို့မဟုတ် နဂိုကတည်းက နယ်ခြားစောင့်တပ် အဖြစ်သတ်မှတ်ဖွဲ့စည်းထားတဲ့ PNO/PNA, ကရင်ပြည်နယ်က BGF, ကချင်ပြည်နယ်က ယခင် NDAK စတဲ့ အဖွဲ့တွေက စစ်တပ်နဲ့ ပူးပေါင်းတိုက်ခိုက်တဲ့အဖွဲ့တွေအဖြစ် သတ်မှတ်ကြပါတယ်။
ဒီနေရာမှာ SNA လို ရှမ်းနီ လက်နက်ကိုင် တပ်လိုမျိုး BGF လည်းမဟုတ် ၄င်းတို့ ရဲ့ လူမျိုးစုတွေ နေထိုင်ကြတဲ့ နယ်မြေတွေကို ထိန်းချုပ်ကာကွယ်ပေးဖို့ ရည်ရွယ်ချက်နဲ့ စစ်တပ်နဲ့ နားလည်မှုယူတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းလည်း ရှိနေတာဖြစ်ပါတယ်။ SSPP/SSA အနေနဲ့လည်း အချို့သော အခြေအနေမှာ SNA လို အနေအထားမျိုး စဥ်းစားဆုံးဖြတ် လုပ်ကိုင်တဲ့ သာဓကတွေလည်း တွေ့ကြရတာ ဖြစ်ပါတယ်။ လူမျိုးစု အရေးနဲ့ နွေဦးတော်လှန်ရေး ဘယ်ဟာက ပထမဦးစားပေးရမလဲ၊ လူမျိုးစု လက်နက်ကိုင် အချင်းချင်းအကြား သမိုင်းကြောင်းအရ အကျိုးစီးပွားဆန့်ကျင်ဘက် ဖြစ်မှု၊ အတိတ်က လက်နက်ကိုင် ပဋိပက္ခ၊ လူမျိုးရေးခွဲခြား ဖိနှိပ်တယ်ဆိုတဲ့ ခံစားချက်၊ နားလည်ယုံကြည်မှုတွေက လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဘက်တွေကို ပြောင်းလဲ သတ်မှတ်စေတဲ့အရာတွေလည်း ဖြစ်လာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်အာဏာ ရှင်စနစ်ထောက်ခံခြင်းနဲ့ ဒီမိုကရေစီစနစ်ကို ထောက်ခံခြင်းဆိုတဲ့ အထိုင်ကနေ ရိုးစင်းလွန်းတဲ့ ခွဲခြား သတ်မှတ်မှုမျိုးနဲ့ ခွဲခြားသတ်မှတ်ဖို့ ခက်ခဲနေတဲ့ အခြေအနေတွေ အနေအထားတွေ၊ အတိတ်သမိုင်းတွေက ရှိနေတာ ဖြစ်ပါတယ်။
ဒီမိုကရေစီအရေးထက် လူမျိုးစုအရေးအပေါ် အဓိက အခြေခံဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အချို့က မတူကွဲပြားတဲ့ အခြားတိုင်းရင်းသားလူမျိုးစုတချို့ကို ဖိနှိပ်တာ၊ ချုပ်ချယ်ကန့်သတ်တာတွေလည်းရှိနေကြတာကြောင့် မဟာမိတ်ဖွဲ့မှုတွေက ရိုးစင်းမနေတော့တဲ့သဘောလို့လည်း ဆိုကောင်း ဆိုနိုင်ပါလိမ့်မယ်။
နွေဦးတော်လှန်ရေး ဆိုတဲ့ စကားလုံးကို စစ်အာဏာသိမ်းမှုနောက် ပေါ်ထွက်လာတဲ့ လှုပ်ရှားမှုကြီးတခုလုံးကို ရည်ညွှန်းပြီး ပြောဆိုရရင် နွေဦးတော်လှန်ရေးအတွင်း လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ စစ်သားသစ်စုဆောင်းခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ သိမ်းပိုက်ရရှိတဲ့ နယ်မြေတွေကို အုပ်ချုပ်ရာမှာ အုပ်ချုပ်ခံလူထုနဲ့ သိမ်းပိုက်အုပ်ချုပ်တဲ့လက်နက်ကိုင် အဖွဲ့တို့ လူမျိုးစုမတူတာ၊ အတိတ်က သမိုင်းကြောင်းဆိုင်ရာသက်ရောက်မှုတွေ စတာတွေက နွေဦးတော် လှန်ရေးရဲ့ ပုံရိပ်တွေကို အလင်းအမှောင် အမျိုးမျိုးအဖြစ်ပုံဖေါ်စေတဲ့ သဘောလည်း ဖြစ်ပါတယ်။
အခုထုတ်ပြန်ကြေညာစာထုတ်တဲ့ ရှမ်းနီနဲ့ ကတူး၊ ကနန်း လူမျိုးစုတွေအကြားက ပဋိပက္ခ၊ မယုံ ကြည်မှု၊ သံသယ၊ လူမှုသဟဇာတ ပျက်စီးဆုံးရှုံးခြင်းတွေက တနိုင်ငံလုံးအတိုင်းအတာနဲ့ ယှဥ်ကြည့်ရင် ပြဿနာ အသေးတခုလို့ ဆိုနိုင်ပါတယ်။ ဒီပြဿနာက လတ်တလော မျက်နာပြင်ပေါ် တက်လာတာကြောင့် ထုတ်နှုတ်သာဓက ပြတဲ့သဘောဖြစ်ပါတယ်။ အလားတူ ပြဿနာမျိုးတွေက ရှမ်း ပြည်နယ်မှာ တအာင်းလက်နက်ကိုင်နဲ့ ရှမ်းလူမျိုးတို့အကြား၊ ကချင်နဲ့ တအာင်းလက်နက်ကိုင်တို့အကြား၊ ပလက်ဝ ချင်းလူမျိုးစုတွေနဲ့ AA လက်နက်ကိုင်တို့အကြားမှာလည်း ရှိနေကြတာ ဖြစ်ပါတယ်။
ဒီလိုလူမျိုးစုတွေအကြားက အတိတ်ကသမိုင်းတွေကို နားလည်ပြီး ပစ္စုပ္ပန်ကာလမှာ ပဋိပက္ခသစ်တွေ ထပ်မံမဖြစ်ပေါ်စေဖို့နဲ့ အနာဂတ်မှာလည်း ဒီလိုပဋိပက္ခတွေ ရှောင်လွှဲနိုင်အောင် လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ နိုင်ငံရေးကိုနားလည်ပြီး ကောင်းမွန်တဲ့အနာဂတ်ကိုလည်း မျှော်ကြည့်ကာ ဆုံး ဖြတ်နိုင်ကြဖို့ အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar