မောင်ဘဦး - ရင်ထဲက ဆန္ဒအမှန်
မောင်ဘဦး - ရင်ထဲက ဆန္ဒအမှန်
မိုးမခ ၊ အောက်တိုဘာ ၄ ၊ ၂၀၂၅
"...အကြော်က ကုန်သွားပြီ...တော့။ ... အဲဒါက ကျောင်းက ဆရာမတွေ လာယူမှာ... "
"... ရှင်။ ကျောင်းက... "
"... ဟုတ်တယ်။ ကျောင်းဖွင့်ရက်တိုင်း တသောင်းဖိုး-တသောင်းဖိုး အော်ဒါ မှာထားတာ... "
အကြော်ဗန်းဆီသို့ လှမ်းမိလေသော လက်၊ လမ်းခရီးတဝက်၌ တုံ့ခနဲ ရပ်တန့်သွားလေ၏။
၅၀၀ ဖိုး ၄ ခုမှာ ဒီဖိုကသာ ရတော့သည်မို့၊ အကြော် ၅၀၀ ဖိုး ၄ ခုကို အရင်ဝင်ဝယ်မည်။ ပြီးလျှင် ဈေးလေးဆီသွား... ၊ ချဉ်ရွက်ကလေး ဝင်ဝယ်မည်။ ချဉ်ရွက်ကလေးပေမင့် အနည်းဆုံးက 'ငါးရာ'။
အဖေ့ ဘရိတ်ဖတ်ဖို့ ရိုးရိုး ပဲကြော်နဲ့ မုန့်ဟင်းခါးတစ်ထောင်ဖိုးကိုတော့ ဈေးပြန်ရင်းမှ ဝယ်မည်။ ကိုယ်ကတော့ အကြော် ၁-ခုနှင့် ညက ထမင်းအကျန်လေးကို ရေနွေးကြမ်းနဲ့ မျှောချပြီး ဘရိတ်ဖတ်ရမည်။ ကျန်အကြော်၃-ခုကိုတော့ အကြော်ချက် ချက်စားမည်ဟူသော စိတ်ကူးလေးနှင့် အရင်ဝင်လာခဲ့သည်။ စိတ်ကူးလေးကား ပျက်ပြယ်သွားလေပြီ။ 'စီဒီအမ်ကျောင်းအုပ်ကြီး၊ အပျိုကြီးဒေါ်ခင်မာ၊ နောက်ဟင်းတမျိုးသာ စီမံပါတော့။'
၅ နှစ်တာ ကာလအတွင်း ၅/- တိုင်းမြို့ကြီးကပြည်သူတွေကလည်း အတင်းပြောင်းလဲသွားပါပကော။
အရင်ကဆို ၅/- မြို့တော်ကြီးတွင်၊ စီဒီအမ်ဝင်တဲ့ ဆရာမတွေကို တလေးတစား။ နန်းတွေဆို တက်ညီလက်ညီ အက်စ်-ပီ (ဆိုရှယ်ပန်းနစ်ရှ်မင့်) အပြည့်။
စီဒီအမ်ဝန်ထမ်းတွေကို အကာအကွယ်ပေးကြရုံမက တတ်နှိုင်သမျှ အထောက်အပံ့ အကူအညီတွေ ပေးကြသည်။ ၅၀၀ဘိုးလောက် အကြော်လာဝယ်လျှင်ကိုပဲ သိကြပြီ။ စီဒီအမ်။
ဘာဝယ်ဝယ်၊ ဘေးနားမှာ ရှိနေသူ တဦးဦးက ဇွတ် ဝင်ရှင်းသွားကြသည်။ 'အကြော်ဖို' ဆိုလျှင်လည်း အကြော်အပိုလေးများ၊ အကြော်ကြွေလေးများပင် ထည့်ပေးလိုက်သေးသည်။
သူတို့ သူတို့လေးတွေ၏ သားငယ် သမီးငယ်လေးတွေကို မျှဝေပညာ သင်ကြားပေးရင်း၊ သူတို့သူတို့က ပြန်လည်၍ မျှဝေလိုက်သည်များကို သုံးဆောင်ကြရသည့်အရသာမှာ ဘာနဲ့မှ မလဲနှိုင်။ စီဒီအမ် ဝင်ကြသည့် မိမိတို့ဘဝတွေကိုလည်း ဘာနဲ့မှ မလဲနိုင်။ မကြာခင်လေးမှာတင် တော်လှန်ရေးကြီး အောင်ပွဲဆင်တော့မည် လေ။
ပြီးတော့...၊ အဲသည့်ကာလ၊ နန်းဆရာဆရာမတွေမှာက အပြင်ထွက်ဝယ်ဖို့ ဝေးစွ။ ကျောင်းဝင်းထဲကိုပင် တံခါးမ,ကြီးဖက်က မဝင်ရဲ။ မလွယ်ပေါက် နောက်ဖေး တံခါးလေးကသာ ဘေးဘီကို ဟိုကြည့်သည်ကြည့် ကြည့်ပြီးမှ ဝင်ရဲကြသည်။ ကျောင်းစိမ်းယူနီဖေါင်းကိုလည်း နားနေခန်းထဲကျမှ လဲကြရသည်လေ။ နန်းတွေခမျာ မိမိတို့နေအိမ်မှ အပြင်ထွက်ဖို့၊ အပြင်မှ မိမိတို့နေအိမ်သို့ ပြန်ဝင်ဖို့ကိုပင် ကျီးလန့်စာစား။ ကျောင်းသားမိဘတိုင်းက 'နန်း'ဆိုလျှင်... သွား။
"...အခုတော့ ဒီလို မဟုတ်ပြီ၊
ဪ... အခုတော့ အရင်လို မဟုတ်ပြီ...။'
ဂီတစာဆို စိန်မောင်မြင့်၏ 'ပြောင်းလဲနေသောရွာကလေး'၊ တေးဟစ်လို့ ဆိုလိုက်ချင်တော့သည်။
တော်လှန်ရေး ၅နှစ်တာကာလ၊ အစစ ပြောင်းလဲကုန်ကြပြီ။ ကလေးတွေတော်တော်များများက ကျောင်းထွက်ကုန်ကြပြီ။ တချို့မှာ စစ်ရှောင်မိဘများနှင့်အတူ စားဝတ်နေရေး ကုန်းကြရုန်းကြ။ တချို့မှာက ရန်ကုန်မန္တလေး မြို့ကြီးပြကြီးတွေဆီသို့ အသက်မွေးဝမ်းကျောင်းပညာသင် သွားကြ။ မြို့ကြီးပြကြီးတွေဆီက ရေဆေးဆီလိုက်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ တဲခိုခန်းတွေမှာ ဝန်ထမ်းတွေ လုပ်ကြ။ တချို့မှာတော့ မြို့ကြီးပြကြီး အရပ်ကြီးဆီက... အစိုးရ...၊ (နိုင်ငံတကာက မသတ်မှတ်သော်လည်း ထိုကျောင်းအပ်သည့် ပြည်သူအချို့က ထင်ကြ သတ်မှတ်ကြသည့်) အစိုးရစာသင်ကျောင်းတွေဆီကို ပြောင်းပြီးအပ်နှံကြ။
နန်းတချို့မှာ အိမ်ကထွက်တည်းက ယူနီဖောင်းနှင့် သွားရဲလာရဲကုန်ကြပြီ။ သွားရဲလာရဲရုံမျှမက၊ သူတို့ မ နေကြသည့် ဘောပိုင်ရှင် အဘတို့လို လာဘ်ပေးလာဘ်ယူ၊ လက်ဖက်ရည်ဘိုးသာမက မြိုးမြိုးမြက်မြက်တွေအထိ၊ တောင်းရဲတောင်းရက် ကုန်ကြပြီ။
တချို့မှာ ခွေးအဆွဲခံရသည့်ကလေး ပြန်လွတ်ပေးဖို့၊ ကျောင်းတက်နေပါကြောင်း ထောက်ခံစာတွေ။ တချို့တွေကား ကျောင်းပြောင်းလက်မှတ်တွေ။ တချို့တွေကား ကိုယ်ပိုင်ကျောင်းမှာ လစာကောင်းကောင်းနှင့် သာသာယာယာ။ ၅နှစ်တာကာလအတွင်း ၅/-တိုင်းမြို့ကြီးမှာ ပြောင်းလဲခြင်းတွေက အမျိုးမျိုး။
တခါတလေများ၊ ဆရာ ဆရာမ စုံတွဲလေးတွေကို အားမကျဘဲ၊ အပျိုကြီး လုပ်ခဲ့မိတာ မှားများမှားခဲ့သလိုလို။
ဟုတ်သည်လေ။ သူငယ်ချင်း အိဖြူတို့များ၊ ယောကျာ်းကသာ စီဒီအမ် ဝင်ပြီး သူကိုယ်တိုင်က မဝင်။ ကလေး ၂ ယောက်-မီးဖွားခွင့်နဲ့ကို ဝင်စရာမလို။ ပြီးတော့၊ ဗိုက်ခွဲမွေးတုန်းက၊ မြစ်အနောက်ဖက် စီဒင်ယောကျာ်းက လိုက်ပြီးပြောပေးလို့ အခန်းခ၊ ခွဲခ၊ အစစ သက်သာလိုက်သေး။ ၇-သောင်းခွဲသာ ကုန်ကျသည်တဲ့။
စီဒင်-မူပြ မိမိ၏ညီမလေးတုန်းကများ၊ ချောင်းဦးနယ်ဖက်က ဈေးသက်သာတယ်ဆိုလို့ သွားမွေး၊ ဘုန်းကြီးကျောင်းထဲ ကျပ်ကျပ်တည်းတည်း နေရ၊ ၄ သိန်းလောက်လည်း ကုန်ကျ။ သည့်အပြင်၊ 'အသားဝါ'ဝင်လို့ ကလေးပါ အဖတ်မတင်။
မိမိကဲ့သို့ မူအုပ်ဆရာမကြီး၊ စီဒင်-အမာခံ စိုးစိုးသည်ပင် ယောကျာ်းဖြစ်သူကို စီဒင်အထွက်ခိုင်းခဲ့သည်။ ခုများဖြင့် လျှပ်စစ်ရုံးကို မီတာလခတွေ သွင်းပေး၊ ဝင်ငွေအသက်ရှူလေး အတော်ချောင်လည်သည်တဲ့ လေ။
ဆရာမကြီး ဒေါ်ခင်မာမှာ မြို့ပေါ်က မဟုတ်။ မြို့ကနေ ၁၄မိုင်ကျော်ဝေးသည့် ရွာငယ်လေးက ဖြစ်သည်။ အဖေအမေ၊ သူမနှင့် ညီမလေး၊ ၄-ယောက်သာရှိပြီး၊ ညီမလေးက မူပြ။ တာဝန်ကျရွာမှ ပရိဘောဂလက်သမားလေးနှင့် အကြောင်းပါသည်။ အမေဖြစ်သူမှာ မနှစ်က မန္တလေးမှ ကင်ဆာဆေး ၂ကြိမ်မြောက်သွင်းပြီးအပြန်၊ စခတွေ ရွာကိုမီးဝင်ရှိူ့နေလို့၊ ညီမလေးအိမ်သား၏ရွာသို့ စစ်ရှောင်နေစဉ် ဆုံးပါးခဲ့သည်။ အဲသည်ရွာမှာပင် သင်္ဂြိုဟ်ခဲ့ရသည်။
ညီမလေး အိမ်သားမှာလည်း မြို့သို့ ပရိဘောဂအလုပ်က အပြန် ပြည်တော်သာရပ်ကွက်ထဲ၌ စခတို့၏ စစ်မှုထမ်းပေါ်တာ အဆွဲခံရပြီး သိန်း ၃၀ နှင့် ရွေးလိုက်ရသည်။ ရွာတွင် အလုပ်အကိုင် မရှိရသည့်အထဲ မီးဖွားစရိတ်ပင် အကြွေးတင်နေ၍၊ အမေရှိတုန်းက ကင်ဆာဆေးသွင်းဖို့ ရောင်းချထားတဲ့ ယာခင်းဖိုးလေး မကုန်ခင်၊ လင်မယား ၂ ယောက်ကို စားရိတ်ပေးပြီး အိန္ဒြိယ-အိုက်ဇောသို့ အလုပ်လုပ်အသွားခိုင်းရသည်။ ညီမလေးက ယက္ကန်းခတ်တတ်သည်လေ။
အိန္ဒြိယသို့ အလုပ်သွားလုပ်ရသည်ကလည်း မလွယ်လှ။ အိုက်ဇောကမှ တော်သေးသည်။ မဏီပူ(မဏိပူရ)ဘက်ဆိုလျှင် ရဲက ဖမ်းသေးသည်။ တလောလေးကမှ မဏိပူမှာ ထောင်အချခံရသူများ လွတ်လာ၍ တချို့ ရွာပြန်လာကြသည်။ လမ်းစရိတ်က အရင်ကထက် ၇ ဆ၊ ၈ဆ တက်သည်။ မတတ်နှိုင်။ သည်မှာက အလုပ်မရှိ၊ ပြေးရလွှားရ၊ ဟိုကြောက်ရ သည်ကြောက်ရ၊ အသွားခိုင်းလိုက်ရသည်။ မိမိသည်ပင် သွားချင်ပါသေး။ ဖအေကြီး ငုတ်တုတ်နဲ့မို့သာ။
သူတို့မှ အိုက်ဇော ရောက်ရုံရှိသေး၊ အဖေ လေဖြတ်သလို ဖြစ်သွားသည်။ ဆေးခန်းလာပြရင်း သားအဖနှစ်ယောက် မြို့သို့ ရောက်နေသည်မှာ ၄-လ ရှိပြီ။ လာရင်းက သမားတော်နဲ့ပြဖို့။ သို့သော် သမားတော်က ခရီးလွန်နေသည်မို့ အထွေထွေရောဂါကုဆရာဝန်လေးနှင့်သာ လောလောဆယ် ပြနေရသည်။ ပြနေသည့် ဆရာဝန်လေးကလည်း တနေ့က မန္တလေးသို့ 'ဆမ'သွားထုတ်စဉ် မြင်းမူနားမှာ တိုက်ပွဲဖြစ်နေ၍ တော်တော်နှင့် ပြန်မလာနိုင်သေးပါ တဲ့။ သူနာပြု ၃-လတက်ပြီး ၎င်းဆေးခန်းမှာလုပ်နေသည့် တပည့်တော်ခဲ့ဖူးသူက ပြောပြသည်။ သည်တော့ ရွာမပြန်သေးဘဲ အမျိုးရှိရာ မြို့မှာတင် နေလိုက်သည်။ သည်ခေတ် ဆမ မရှိသေးသော်လည်း မြို့တော်ကြီးမှာ ဘယ်လိုဘယ်လို ဆေးခန်းဖွင့်ခွင့်လိုင်စင်တွေ ရလေသည် မသိ။
အမေ 'ခီမို'ဆေးတွေ သွားသွင်းရတုန်းကလည်း မန္တလေးဆေးခန်းမှာ ရွာနီးချုပ်စပ်က သူနာပြု၃လသင်တန်းတက်ပြီးသူလေးတွေ တော်တော်များများ တွေ့ခဲ့ရသည်လေ။
စိတ်ထဲမှာ အားငယ်အားလျော့လေတိုင်း၊ အမေ့ဆီက အတွေ့အကြုံစကားကို ပြန်လည်အောက်မေ့ကာ အားအင်တွေ ပြန်လည်ပြည့်လာစမြဲ။ အမေရှိစဉ် အမြဲပြောလေ့ရှိသည်က၊ "အားတင်းထား ငါ့သမီး...။ ညည်းတို့ ဒုက္ခ၊ ဘာဟုတ်သေးလဲအေ...။ ၁၉၉၀ ရွေးကောက်ပွဲ သောင်ပြိုကမ်းပြိုနိုင်လေကတည်းက အမေတို့ဆီက ဆရာဝန်အမတ်ကတော်... ၊ စစ်ကောင်စီ ဒုက္ခလိုက်ပေးလို့ မုန့်ပျားသလက်တောင် ရောင်းစားရရှာသယ်။ အမေ့သူငယ်ချင်း ''သရီးကျောင်း"ကဆရာမ၊ သက်သက်မဲ့ ထောင်တစ်ရက်ချပြီး အလုပ်ဖြုတ်ခံရသအေ။ ညည်းတို့ခေတ်မယ်က နုကြည်ရယ် ပီဒီအက်ရယ် ဘာရယ်တွေနဲ့၊ ပြန်လှန်ရဲကြသအေ့။ ဟိုတုန်းကများ ဘာမှမရှိဘူး။ ဘယ်သူမှမရှိဘူး။ သတင်းလေးသိချင်လို့တောင် လေဒီယိုလေးဘဲ အားကိုးရသာ။ အရာရာ ခေါင်းငုံ့ပြီး ခံခဲ့ကြရသအေ...။ ညည်းသူငယ်ချင်းတွေကို ပြောထား၊ အားတင်းထားကြ... လို့။"
တနေ့က ဘဝတူ သူငယ်ချင်းဆရာမတစ်ယောက်နဲ့ တွေ့လို့ စကားပြောဖြစ်ကြသည်။ နန်းတွေကို စစ်သင်တန်း အတက်ခိုင်းသည့် အကြောင်း။
"ဘယ်သူမှ မတက်ချင်ကြဘူး ဆိုလား။ မဖြစ်မနေတက်ရမယ် စာထွက်သတဲ့။ အလုပ်ထွက်ချင်ပေမဲ့ မိဘတွေကြောင့် တက်ကြရသတဲ့ အေ... ။"
ဆင်သေကို ဆိတ်ရေဖုံးပြ၊ အကြောင်းပြ မခိုင်လုံ။ ရယ်စရာပင်ကောင်းသေးတော့။ အာဏာသိမ်းတည်းက ဝန်းထမ်းအားလုံး ရုန်းထွက်ခဲ့ကြရင် ခုချိန်မှာ လူလိုသူလို နေနေရပြီလေ။
ပြီးတော့ မန္တလေးမှာ မန်းတက္ကသိုလ် ရာပြည့်ပွဲ ရှိသည် တဲ့။ ၁၉၂၅ ဇူလိုင်လ ၄ ရက်မှာ မန္တလေး ဥပစာကောလိပ် စ,ဖွင့်ခဲ့လို့၊ အခု၂၀၂၅၊ နှစ်၁၀၀တောင် ပြည့်ခဲ့ပြီကော။ ပြည်မြန်မာ၏ပညာရေးသည်ကား၊ 'ရာ'သာပြည့်ပေသိ၊ မြေကြည့်၍ ခရမ်းပျိုး၊ အမျိုးမျိုး ပြောင်းလဲ၊ စစ်အာရှင်အပေါင်း အကုန်ပြိုလဲမှသာ ကောင်းပေတော့မည်။
"မန်းတက္ကသိုလ်ရာပြည့်ကို၊ ဟို... မတရားစစ်အာဏာသိမ်းလင်မယား လာမှာမို့ လုံခြုံရေးတွေ တင်းကြပ်ထားသည်" တဲ့။ "နန်းဆြာဆြာမတွေ စိတ်ပျက်နေကြပါသည်" တဲ့။ စိတ်ပျက်တာကို လူမမြင်၊ ကြိုဖို့ဆိုဖို့ အကတိုက်နေကြတာကိုသာ ကမ္ဘာကြီးက မြင်။ ကမ္ဘာကြီးကို ပြောင်းပြန်မြင်အောင် တမင်လုပ်ပြနေကြသော ဝင်နန်းများ။
မိမိတို့ ၅/ မြို့ကြီး၌ပင် ဒီသီတင်းကျွတ်လပြည့်ကျော်တွင်၊ ၈-ရက်ပွဲ ခေါ် ဘုရားကြီးပွဲ ကျင်းပမည် ဆိုပါလား။ ဟိုတုန်းကလို ဈေးဆိုင်ခန်းတွေတော့ ရောင်းရလိမ့်မည် မထင်။ ဘုရားပေါ်က ဆိုင်ခန်းတွေ 'ဖရီး'လို့ ကြားသည်။ ဝန်နန်းတွေကိုသာ အပျော်ခိုင်းကြမည့်ပုံပါ လေ။ ဝင်နန်းတွေကလည်း ငွေသာအရင် မ,စပါ၊ 'ဖိုးကြိုင်းတုပ်'ထဲက ပါဘဲ။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကတော့၊ 'နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အပါအဝင် အဆင့်ဆင့်တာဝန်ပေးထားတဲ့ အဖွဲ့အားလုံးကို အကြမ်းဖက် အုပ်စုတွေအဖြစ် ထုတ်ပြန်ကြေညာလိုက်သည်'ဟု ကြားသိရသည်။
ဒီလိုဆိုတော့၊ အဲသည့် 'အကြမ်းဖက်အုပ်စုတွေ'ကို ပံ့ပိုးကူညီသူ မည်သူမဆိုသည် အကြမ်းဖက်သူတွပဲပေါ့။ ဒီလိုဆို 'ဝန်နန်းတွေအကုန်' အကြမ်းဖက် အားပေးတွေချည်းဘဲပေါ့။ ဝန်နန်းတွေ၊ မဝင်ဘဲနန်းသည့် အနုပညာစီးပွားရေးသမားတွေ၊ သဗ္ဗ-သဗ္ဗေ၊ စစ်အုပ်စုနဲ့ပတ်သက်သမျှတွေအားလုံး အကုန်အကြမ်းဖက်တွေ။
စကစဘဘက်ကတော့ အာဏာသိမ်းပြီးကတည်းက 'ရန်-ငါ' ပြတ်သည်။ မိမိတို့လို စီဒီအမ်တွေကို ခရီးသွားစဉ် တွေ့လို့ကတော့ မချောင်။
မိမိအနေဖြင့်၊ မိမိတို့၏ ဦးဆောင်အစိုးရ အန်နျူဂျီနှင့် တော်လှန်ရေးမိတ်ဖက်အဖွဲ့တွေအားလုံး ရန်-ငါ ပြတ်ပြတ်သားသား ရှိစေချင်သည်။ အထူးသဖြင့်ကတော့ ရုန်းမထွက်သည့် ရုံးတက်နန်းတွေအပေါ် ပြတ်ပြတ်သားသား ဖြစ်စေချင်သည်က၊ ရင်ထဲကဆန္ဒ အမှန်။
နွေဦးတော်လှန်ရေး ရဲဘော်အားလုံး၊ ဘေးဘယာဝေးကွာ ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
မောင်ဘဦး
(၈၇၊ ကျွတ်ဆန်း ၁၂)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar