Breaking News

မောင်တူး - ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ်ကယ်တင်ခန်း တိုင်းပြည်ကယ်ခန်း

မောင်တူး - ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ်ကယ်တင်ခန်း တိုင်းပြည်ကယ်ခန်း

မိုးမခ ၊ အောက်တိုဘာ ၁၇ ၊ ၂၀၂၅


စာရေးဆရာ "ကိုရွှေအောင်" ရဲ့ "ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ် ကယ်တင်ခန်း" Digital Book စာအုပ်ကို ၂၀၂၅ စက်တင်ဘာလက ထုတ်ဝေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေကို ပြည်တွင်းပြည်ပ စာစောင် ဂျာနယ် သတင်းစာတွေမှာ ဖော်ပြခဲ့ဘူးသမျှ ဆောင်းပါး ၁၂ ပုဒ် ပါဝင်တယ်။ NLD ပါတီ ခေါင်းဆောင်ဘဝ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်ဖြစ်လာအပြီးဘဝ၊ NLD ပြည်သူ့အစိုးရခေါင်းဆောင် ဖြစ်လာအပြီး ကိုဗစ်ကပ်ရောဂါကြီးကို အောင်အောင်မြင်မြင်ကိုင်တွယ်ခဲ့ပုံတွေ၊ မော်လမြိုင်၊ မန္တလေး၊ ရန်ကုန်၊ သာယာဝတီ လူထုတွေ့ဆုံပွဲတွေကို ကိုင်တွယ်ခဲ့ပုံတွေအဆုံး အမေစုရဲ့ စွမ်းဆောင်ချက်တွေကို ဖော်ပြထားတဲ့ စာအုပ်ပေါ့။ ဒီစာအုပ်မှာ ကဗျာဆရာ မောင်လွင်မွန် (ကသာ) ကလည်း အမှာစာ ရေးထားပါတယ်။ စာအုပ်အမည်က "ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ် ကယ်တင်ခန်း" လို့ ပေးထားပေမယ့် စာတအုပ်လုံးကို ဖတ်ကြည့်အပြီးမှာတော့ ကျနော့်အမြင် ပြောရရင် "ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည် ကယ်တင်ခန်း" လို့တောင် နာမည် ပေးသင့်ပါတယ်။


စာအုပ်ပါ ဆောင်းပါး ၁၂ ပုဒ်မှာ


၁။ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ် ကယ်တင်ခန်း

၂။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ပျော်တော်ဆက်ပုံပြင်

၃။ ဒေါ်အောင်ဆန်းစုကြည်နှင့် သီချင်းနှစ်ပုဒ်

၄။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ

၅။ ကိုဗစ်မှာ ပြည်သူသာအဓိက

၆။ ဒေါ်အောင်ဆန်းစုကြည် စကားဝိုင်း Join

၇။ NLD ခရီးရှည်

၈။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နွယ်ကြိုးတကိုက်စာ

၉။ ဒေါ်အောင်ဆန်းစုကြည် လိုက်ဖ်

၁၀။ မန္တလေးစကားဝိုင်းက အမြင်တစ

၁၁။ ရှေ့ကနေ နောက်ကကာ ဘေးကရံ

၁၂။ မော်လမြိုင် စကားဝိုင်းက ဆိုင်ကယ်သံ တို့ ပါဝင်ကြတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်တက္ကသိုလ် ကယ်တင်ခန်းကတော့ ၁၉၉၆ ခုနှစ်လောက်က စစ်အာဏာရှင်အလိုကျ ရန်ကုန်တက္ကသိုလ် အာဏာပိုင်တွေနဲ့ စီးပွားရေး သမားတွေပေါင်းပြီး ရန်ကုန်တက္ကသိုလ်ကို ရောင်းဖို့ စီစဉ်ခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်က BBC ရေဒီယို အင်တာဗျူးမှာ ဒါကို ပြောလိုက်တော့ ရောင်းမဲ့ အစီအစဉ် ပျက်သွားပြီး သမိုင်းဝင် တက္ကသိုလ်ကြီးလည်း အခုအထိ ဆက်ရှိနေတဲ့ အကြောင်းပါ။ ဒါလောက်တင်မက အမေစုက ကယ်တင်ပြီး ရန်ကုန်တက္ကသိုလ်ကြီးကို ရေရှည် ဆက်ခိုင်မာသွားစေရေး အဆင့်ဆင့် ဆက်လုပ်သွားပုံတွေကတော့ စာအုပ်ထဲ ဆက်ဖတ်ကြည့်ကြပါ။


"ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ပျော်တော်ဆက်ပုံပြင်" ဆောင်းပါးကတော့ ဘုရင်ရဲ့ ပျော်တော်ဆက်က နန်းရင်းဝန် ဖြစ်ချင်ပုံကို အမေစုက ပုံပြင်လေးနဲ့ ပြောခဲ့တဲ့အကြောင်း ပြန်လည် ဖော်ပြထားတာပါ။ ခြံစောင့်က သမတလုပ်ချင်နေတာနဲ့ နှိုင်းယှဉ်ပြီး သမတဖြစ်ချင်နေသူကို ဂျပေါင်ကု ဆိုပြီးတော့တောင် ရေးသားထားပါရဲ့။


ဒေါ်အောင်ဆန်းစုကြည်နှင့် သီချင်းနှစ်ပုဒ် ဆောင်းပါးကတော့ "ပြည်တော်ဝင်" သီချင်းနဲ့ "အကျင့်ဆိုး" သီချင်းပါ။ ပြည်တော်ဝင်ကို သိပေမယ့် "အကျင့်ဆိုး" ကတော့ ဖေ့စ်ဘုတ်မှာ စိန်ဂျွန်းထွန်းရွှေ သီဆိုတာကို မကြာသေးခင်ကမှ နားဆင်လိုက်ဘူးပါတယ်။ တဦးနဲ့တဦး မနာလို ဂုဏ်ပြိုင်တာတွေ ဇွဲမရှိ အလုပ် လက်ကြောမတင်း စိတ်ကောင်းမရှိသူတွေရဲ့ လူ့သဘော မနောတွေကို ဆရာရွှေတိုင်ညွန့်က ရေးစပ်ခဲ့တာပါ။ ဒီသီချင်းတွေကို အမေစုက ၂၀၁၆ ခုနှစ် ဦးသိန်းစိန်ကနေ ဦးထင်ကျော်ကို သမတလွှဲပြောင်းပွဲမှာ ဖွင့်စေခဲ့တာပါ။ အမေစု သဘောကတော့ 'အကျင့်ဆိုး' သီချင်းနဲ့ NLD အဖွဲ့ဝင်တွေကို သတိယှဉ် သတိထား စေချင်တဲ့ သဘောပါ။ ဒါပေမဲ့ အကျင့်ဆိုးတွေ အမြဲကျင့်ကြံနေကြတဲ့ ကြံ့ဖွတ်နဲ့ စစ်တပ်ကတော့ ဒီသီချင်း ၂ ပုဒ်ကြောင့် အမေစုကို မကျေနပ်ကြဘူးတဲ့။ ကျန်တာတွေကတော့ စာအုပ်မှာ ဆက်ဖတ်ကြပါစို့။


"ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ " ဆောင်းပါးကတော့ ၂၀၂၀ ရွေးကောက်ပွဲကြီးဟာ (လူကို မကြည့်နဲ့ ပါတီကိုကြည့်) မဲထည့် ဆိုတဲ့ ဒေါ်စုရဲ့ ပြောကြားချက်ကို ပြည်သူတရပ်လုံးက လိုက်နာခဲ့ကြလို့ သောင်ပြိုကမ်းပြို NLD နိုင်သွားတဲ့ပွဲမို့ ရွေးကောက်ပွဲအမည်ကိုက ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ လို့ ဆိုထားတာပါ။ ပြည်သူက အမေစု တမျက်နှာ သူ့စကားတခွန်းကိုသာ နားထောင်ပြီး မဲထည့်ခဲ့ကြတာမို့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဖြစ်တယ်ဆိုပြီး ရေးသားထားပါတယ်။ အခုဆိုရင် မဲစာရင်းမှားလို့ အာဏာသိမ်းတာဆိုပြီး အဘက ပြောပြောနေတာမဟုတ်လား။ ဒီဆောင်းပါးမှာတော့ ကိုဗစ်ကာလကြီးမှာ ပြည်သူတွေက "ကိုဗစ်ထက် အဘ ပြန်လာမှာကိုကြောက်လို့" သက်ကြီးအိုကြီးတွေ ကိုယ်ဝန်သည်တွေကစ အုံနဲ့ ကျင်းနဲ့ သွားရောက် မဲပေးအနိုင်ရခဲ့ကြောင်း ဖော်ပြထားပါတယ်။ ပြောချင်တာကတော့ NLD မဲမသမာမှုမရှိ၊ သန့်ရှင်းစွာ ပြိုင်ဆိုင်ခဲ့ပြီး အနိုင်ရခဲ့ကြောင်း။ အခု အာဏာသိမ်းစစ်တပ်ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပြီးမှ အခုမှသာ မဲစာရင်းမှားကြောင်း လိမ်ညာနေတာပါ။ NLD အပြတ်အသတ် နိုင်ခဲ့ကြောင်း နိုင်ငံတတကာကလည်း အသိအမှတ်ပြုခဲ့တာပါ။ အဲံဒီတုန်းက အဘတို့ မဲနိုင်ရေး အောင်မြေသွားနင်းတာကို ရွှေဘိုသားတွေက ဒေါက်ဖိနပ်လျှောက်သံနဲ့ ဝိုင်းကြိုခဲ့တာလေးတောင် ထည့်ရေးထားသေးပါရဲ့။


"ကိုဗစ်မှာ ပြည်သူသာအဓိက" နဲ့ " ဒေါ်အောင်ဆန်းစုကြည် စကားဝိုင်း Join" ဆောင်းပါး ၂ ပုဒ်မှာတော့ ကိုဗစ်ကာကွယ်ရေး အမေစုရဲ့ အစီအမံ ပန်ကြားချက်တွေကို ပြည်သူတရပ်လုံးက လိုက်နာခဲ့လို့ ကိုဗစ် တိုက်ဖျက်ရေး အောင်မြင်ခဲ့ပုံတွေ၊ ဒေါ်အောင်ဆန်းစုကြည်က ဖေ့စ်ဘုတ်ဖွင့်ပြီး လူထုနဲ့ တိုက်ရိုက် ပြောဆို ရှင်းလင်းခဲ့ပုံတွေ ပါဝင်ပါတယ်။


NLD ခရီးရှည် ... ကတော့ ၂၀၂၀ ပြည့် နိုဝင်ဘာမှာ ထုတ်တဲ့ "NLD ခရီးရှည်" စာအုပ် အညွှန်း ရေးထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး NLD လူငယ်တွေကအစ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာတင်မျိုးဝင်း၊ ဦးညီပု စတဲ့ ထိပ်သီးခေါင်းဆောင်တွေအထိ ဆွေးနွေးမေးမြန်း ပြောကြား ထားကြတဲ့ ရုပ်သံ စကားဝိုင်းတွေကို စာအုပ် ပြန်ထုတ်ထားတာပေါ့။ NLD ရဲ့ သမိုင်းတလျှောက်ခက်ခဲလှတဲ့ ထောင်တွင်းအတွေ့အကြုံတွေ စည်းရုံး ခရီးအတွေ့အကြုံတွေပါ။ စကားပြောတွေမှာ ဦးဆောင် ချိတ်ဆက် ပေးသူဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးသမားလည်း ဖြစ်တယ်၊ မီဒီယာသမားလည်း ဖြစ်တယ်လို့တောင် ညွှန်းထားပါသေးတယ်။


ဒေါ်အောင်ဆန်းစုကြည်နဲ့ နွယ်ကြိုးတကိုက်စာ " ဆောင်းပါးကတော့ မိုးမခမှာ ရေးတာပါ။ ဒေါ်စုအိမ်က ဆွမ်းကျွေးပွဲမှာ ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ဆရာတော်က မျောက် ၈ သောင်းကို ကယ်တင်ခဲ့တဲ့ မျောက်မင်းကြီးအကြောင်းကို ဟောခဲ့ပါတယ်။ မျောက်မင်းက တဖက်ကမ်းကို ခုန်ကူးပြီး အားနည်းတဲ့ မျောက်တွေ ကူးသွားနိုင်ရေး နွယ်ကြိုးရှည်ကြီးကိုဖြတ်ရာမှာ သူ့ခါးမှာ ပတ်နိုင်ဖို့ နွယ်ကြိုး တကိုက်စာ ကျန်သွားတယ်။ ဒါကြောင့် ခါးမပတ်နိုင်တော့ပဲ့ မျောက် တွေကို သူ့ကျောပေါ်ကနေ နင်းဖြတ်စေတာပေါ့။ ဒီအခါ ဒေဝဒတ်အလောင်းမျောက်က တအားကုန်ခုန်ချ ဖြတ်ကူးတာကြောင့် မျောက်မင်းဟာ နှလုံးကွဲကြွေ သေလွန်ရတယ်။ ဆရာတော်က အာဇာနည်တွေဟာ လောကတ္ထစရိယာ အကျိုးကြည့်လွန်းတဲ့အတွက် ကိုယ်ကျိုးကြည့်ဖို့ အားနည်းတာကြောင့် လောကပါနစ်နာရပုံကို ဟောသွားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကရော နွယ်ကြိုးတကိုက်စာ ချန်ဖို့ စဉ်းစားမည့်သူလား။ စာအုပ်မှာ ဖတ်ကြည့်ကြပါ။


ဒေါ်အောင်ဆန်းစုကြည် လိုက်ဖ်


မန္တလေးစကားဝိုင်းက အမြင်တစ


ရှေ့ကနေ နောက်ကကာ ဘေးကရံ


မော်လမြိုင် စကားဝိုင်းက ဆိုင်ကယ်သံ စတဲ့ ဆောင်းပါးလေးပုဒ်မှာလည်း အထက်က ဆောင်းပါးတွေလိုပဲ အစိုးရခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံက လူထုနဲ့ တိုက်ရိုက်တွေ့ဆုံ Live လွှင့်ပြီး တိုက်ရိုက် ဖြေကြ မေးကြ ရှင်းလင်းကြတာတွေကို ပြန်လည်ရေးသားထားတာပါ။ အရင်က နိုင်ငံတော် အကြီးဆုံးသူဆီ အဆင့်ဆင့် သွားပြီးမှ တွေ့နိုင်တာကို သူ့လက်ထက်မှာ ပြောင်းလည်းခဲ့ပုံတွေ ရေးသားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ ဆက်အုပ်ချုပ်နေရင် လူထုနဲ့ အပတ်စဉ် တွေ့ဆုံပွဲတွေလုပ်ပြီး ဘယ်လောက်များ ပွင့်လင်း မြင်သာကုန်မလည်း သိပ်ကောင်းသွားကြမှာပါ။


"ရှေ့ကနေ နောက်ကကာ ဘေးကရံ " ဆောင်းပါးမှာဆိုရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့ရှေ့က ဦးဆောင်ကြပါ။ ဒါမှမဟုတ် လူထုနောက်ကနေ ကာဖို့လိုရင် နောက်ကနေ ကာပေးပါ။ ဘေးကနေရံဖို့လိုရင် ဘေးကနေ ရံပေးကြပါဆိုပြီး ဒုတိယအကြိမ် လွှတ်တော် သက်တမ်း ၂ နှစ်မြောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက် အနှစ်ချုပ်ကို ပုံဖော် ရေးသားထားတာပါ။


စာရေးဆရာ ကိုရွှေအောင် ရေးသားတဲ့ "ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ်ကယ်တင်ခန်း" စာအုပ်တအုပ်လုံး ဖတ်အပြီးမှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေး၊ အုပ်ချုပ်ရေး၊ လူထုဆက်ဆံရေး၊ သတင်းမီဒီယာ လုပ်ငန်းကျွမ်းကျင်မှု၊ သဘောထားကြီးမှု၊ စိတ်ရှည်သီးခံမှု စတဲ့ အရည်အခြင်းကောင်းတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ နှစ်ရှည်လများ အကျဉ်းကျနေတဲ့ကြားက လွတ်မြောက်နေချိန် နှစ်ကာလလေးတွေ နည်းနည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူလူထုကြီးအတွက် ဘယ်လောက်တောင်မှ လုပ်ကိုင်ဆောင်ရွက်သွားခဲ့သလဲ။ ဖတ်ကြည့်က သိကြရမှာပါ။ ။


စာအုပ်အမည် – ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ် ကယ်တင်ခန်း

စာရေးသူ – ကိုရွှေအောင်

စာမျက်နှာ – 126 (Ditigal Book)

ဖြန့်ချိရေး - Three Flowers +66 61 036 3172

တန်ဖိုး - ၁၉၉ ဘတ်




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar