လေးလေး - “စာမို့လို့ ရေး”
လေးလေး - “စာမို့လို့ ရေး”
မိုးမခ ၊ အောက်တိုဘာ ၁၇ ၊ ၂၀၂၅
“စကားမို့ဆို ပျားမို့ချို စာမို့လို့ရေး” တဲ့।မန်းတင်ရဲ့”ဘဝအစုံ အရွယ်စုံ”စာအုပ်ထဲဖတ်ရတာပါ။နာမည်ကျော် တပေကုလားရွာက ကျောင်းထိုင်ဘုန်းကြီးက မန်းတင်ကို မိန့်လိုက်တဲ့စကား။
“စကားမို့ဆို ပျားမို့ချို စာမို့လို့ရေး” တဲ့ စကားဆိုတာ ပြောချင်တာ ပြောတာပဲ। မပြောပါနဲ့လို့ တားလို့မရဘူး। ပျားရည်ဆိုတာလည်း ချိုတာပဲ। မချိုနဲ့လို့ ပြောလို့မရဘူး। စာဆိုတာလည်း ရေးချင်တာရေးတာပေါ့”။
စာမို့လို့ ရေးဆိုတာလေး ပြောချင်လို့ အစချီနေတာပါ။
ဆရာမြသန်းတင့်ရဲ့ ခရီးသွားစာအုပ်တွေ ခုတလော မနည်းမနောဖတ်ရတယ် ။
“စာရေးဆရာအကျော်အမော်တွေဟာ ကျနော်တို့ရဲ့ မသေမပျောက်နိုင်တဲ့ အဖော်တွေဖြစ်တယ်”လို့ပြင်သစ်စာရေးဆရာကြီး အန်ဒရေမော်ရွိုင်း ပြောခဲ့တာ အမှတ်ရစရာပါ။ မြသန်းတင့်ရဲ့ “လွမ်းမောဖွယ်ကမ္ဘောဇ”စာအုပ်ဖတ်တော့ ၁၉၈၀ တဝိုက်၊ ဆရာတို့ စာရေးဆရာတွေ ရှမ်းပြည်ထဲစာပေဟောပြောပွဲထွက်ခဲ့တဲ့ မြင်ကွင်းတွေဖတ်ရ၊ ဒီထဲ ထိုအချိန်က စာရေးဆရာတွေကို လားရှိုးကနေ ဒိုင်ခံဖိတ်ပြီး ဧည့်ဝတ်ကျေခဲ့တဲ့ ကမ္ဘောဇခင်လှိုင် အကြောင်း ဖတ်ရတာ ပိုပြီးစိတ်ဝင်စားစရာဖြစ်ရတယ်။ မြသန်းတင့်က ကမ္ဘောဇခင်လှိုင် ဆိုတာကို သူ အရင်က မမြင်ဖူး ပေ မယ့် လူတောထဲ ထင်းခနဲနေအောင် ဆရာဝန်မှန်း တန်းသိစေသူလို့ ရေးဖွဲ့ခဲ့တယ်။
ပြီးတော့ နံနက်စာကို အိပ်ရာထဲ စားတတ်သူလို့ ရေးဖွဲ့ပြန်တယ်။ “ဒါ အင်္ဂလိပ်တွေအကျင့်လို့ ဆိုလိုက်ပြီး” အိပ်ရာထဲတွင် နံနက်စာစားသည့် မြန်မာ ဆို၍ ကျနော် တွေ့ဖူးသလောက်ဆိုလျှင် ကမ္ဘောဇခင်လှိုင်နှင့် အိုးဝေဦးညိုမြတို့ နှစ်ဦးကိုသာ တွေ့ဖူးသေးသည်”လို့ ရေးပြန်တယ်။
ဒီလိုမျိုး အရေးအဖွဲ့ကို စာအုပ်တနေရာမှာ ခုလို ဖတ်ရပြန်တယ်။
“ကလောင်အမည်လည်း မဟုတ်၊ စာရေးဆရာအမည်လည်း မဟုတ်ဘဲ ကိုယ့်မြို့ ကိုယ့်ဇာတိကို နာမည်ရင်းထဲတွင် ထည့်၍ မှည့်သူဆို၍ မြန်မာနိုင်ငံတွင် ကျနော် သိသလောက် နှစ်ယောက်သာ ပေါ်ဖူးသေးသည်။ တယောက်က အဂ်လိပ်ခေတ်က နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်ခဲ့သော ဦးသာယာဝတီမောင်မောင်၊ နောက်တဦးက ကမ္ဘောဇခင်လှိုင်။”
ဆရာမြက ကမ္ဘောဇခင်လှိုင် အမေကို မေးကြည့်တော့ အမေဖြစ်သူက သူ နာမည်ပေးတုန်းက ကမ္ဘောဇ ဆိုတာ မပါဘူး၊သူ့ဘာသာ သဘောကျလို့ မှည့်တာဖြစ်မယ်၊ သူ့အဖေ ထောင်ထားတဲ့ ကမ္ဘောဇအလုပ်ရုံကို သဘောကျလို့ မှည့်ထားတာလား မပြောတတ်လို့ ပြောပါသတဲ့။ ဆရာမြသန်းတင့်က ကာယကံရှင်ကို ဒဲ့မေးခန့်ဟန် မရ။
“လွမ်းမောဖွယ်ကမ္ဘောဇ”ဖတ်အပြီး နှစ်အတန်ကြာတော့ ကမ္ဘောဇခင်လှိုင်ရဲ့”ဆေးပညာရှာခရီးသည်တဦး၏ မနား ရသော ဘဝခရီးများ”ဆိုတဲ့စာအုပ်ဖတ်ရတယ်။သူ့ဘဝဇာတ်ကြောင်း သူကိုယ်တိုင် ပြန်ရေးထားတဲ့ စာအုပ်ပါ။ စစ်ပြီးစ ဆေးကျောင်းရောက်တော့ သူတို့ဆေးကျောင်းမှာ မောင်ခင်လှိုင် နှစ်ယောက်ဖြစ်နေတယ်။ အဆောင်ကို စာရောက်လာရင် ဘယ်ခင်လှိုင့်စာမှန်း မသိဖြစ်ရ၊ ခုံနံပါတ်ကလည်း ရှေ့ဆင့်နောက်ဆင့်ဆိုတော့ ဆရာတွေ မျက်စိလည်၊ ဒီမှာတင် ဟင်္သာတနယ်၊ စိန့်ကျောင်းက အောင်လာတဲ့ ခင်လှိုင်က သူ့ကျောင်းနာမည် ဒေါက်ကလပ်(စ) ရှေ့ထားပြီး ဒေါက်ကလပ်(စ်) ခင်လှိုင် ဖြစ်သွား။ သူကတော့ “ကျနော်ကလည်း ရှမ်းပြည်နယ်ကို ချစ်၍ ကမ္ဘောဇ ဟု ရှေ့မှထည့်ကာ ကမ္ဘောဇခင်လှိုင်ဟု တက္ကသိုလ်ရုံးတွင်သွား၍ နာမည်ဖြည့်စွက် ပြောင်းလိုက်ကြသည်။”
ကဲ-စာမို့လို့ ရေး။
ကျနော့်လက်ထဲရှိတဲ့ မြသန်းတင့်ရဲ့ “လွမ်းမောဖွယ်ကမ္ဘောဇ”စာအုပ်ကို ၂၀၁၇ ခုနှစ်က ဒုတိယအကြိမ်၊ အမေ့ဥယျာဉ်စာအုပ်တိုက်ထုတ်။ ကမ္ဘောဇခင်လှိုင်ရဲ့ “ဆေးပညာရှာခရီးသည်တဦး၏ မနားရသော ဘဝခရီးများ” ဆိုတဲ့စာအုပ်က ၂၀၁၈ ခုနှစ်၊ စိတ်ကူးချိုချိုစာအုပ်တိုက်ထုတ်၊ပထမအကြိမ်တို့ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar