အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၅၂ )
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၅
12/10/25 Diary in the darkness - Monday
လူတွေက တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ဒီနေ့ဘာထူးလဲလို့ နှုတ်ဆက်ကြတယ်။ သေမထူး နေမထူးပါလို့ ပြန်နှုတ်ဆက်ကြတယ်။
မနက် ၃ နာရီကျော်လောက်နိုးတယ်။ ဖါးအောက်ဆရာတော်ရဲ့တရားကိုနာတယ်။ ဆရာတော်ကြီးတရားကိုနာရတာ ကြည်နူးရတယ်။ ဆရာတော်ကြီးက ကိုယ်တိုင်တရားကျင့်ပြီးမှ တရာပြသူဖြစ်မှန်း သိသာတယ်။ သူဟောတဲ့တရားက ရိုးရှင်းပြီးနာလည်လွယ်တယ်။ သူ့ရဲ့အလုပ်ပေးတရားက ထိရောက်တယ်။ လိုက်လုပ်ရတာ အကျိုးရှိတယ်။ တရားနာရင်း ပြန်အိပ်ပျော်သွားတယ်။ မနက် ၇ နာရီကျော်မှနိုးတယ်။ စိတ်လက်ကြည်ကြည်သာသာ ရှိတယ်။
Talking about news ကို YouTube နဲ့ နားထောင်တယ်။ မနက်စာကိုထုံစံအတိုင်းစားတော်ပဲပြုတ်နဲ့စားတယ်။ သမိုင်းဆရာဆီဖုန်းဆက်။ လမ်းလျှောက်။ လဖက်ရည်သောက်။ အင်္ဂလိပ်ကျူရှင်ဆရာလဲ လက်ဖက်ရည်ဆိုင် ရောက်လာတယ်။ အလယ်တန်း အထက်တန်း အင်္ဂလိပ်ဖတ်စာအုပ်ထဲ့ကဗျာတွေ မိတ္တူကူးပြီးပေးတယ်။ ဘာသာပြန်ကြည့်ဖို့ပါ။
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေက အင်းစိန်က စာပေမိတ်ဆွေဆီသွားတယ်။ အားလုံးအိုကုန်ကြပြီ။ တချို့ကို မိသားစုက အိမ်ပြင်ပေးမထွက်တော့ဘူး။ ကျန်းမာရေး မကောင်းကြတော့။
နယ်ကရောက်လာတဲ့ပန်းချီဆရာတစ်ယောက်နဲ့တွေ့တယ်။ အာဏာမသိမ်းခင်က စာနယ်ဇင်းသရုပ်ဖေါ်ရေးတဲ့ပန်ချီဆရာပါ။ သူ့အမေ ဆေးရုံတက်နေရတယ်။ ဆေးဖိုးအတွက် သူ့ပန်းချီကားတွေ လိုက်ရောင်းနေတာ တွေ့ရတယ်။ ကိုယ်လဲ ဘာမှမကူနိုင်။ တောင်မင်းမြောက်မင်း မကယ်နိုင်တဲ့ဘဝ။
စစ်ပွဲတွေကတော့ တပြည်လုံး နေရာအနှံ့မှာ ပြင်းထန်နေတယ်။ ရခိုင်မှာတော့ အေအေက အရေးပါတဲ့ စခန်းကုန်းကျသွားတယ်။ မိုးကုတ်ကိုလဲ စစ်ကောင်စီတပ်တွေက ထိုးစစ်ပြင်နေတယ်။ ရွေးကောက်ပွဲနီးလေ တိုက်ပွဲတွေက ပြင်းထန်လေ။
မလေးရှားက သံတမန်လာတယ်။ စစ်ကောင်စီက သူ့ကို ဂါရဝ လာပြုတာလို့ ကြေညာတယ်။ မလေးကတော့ အာစီယံမူငါးချက် လာပြောတာဖြစ်ကြောင်း ကြေညာတယ်။ ဒေါ်နယ်ထရမ့်လဲ အာစီယံအစည်းဝေးလာတက်မယ် ဆိုတဲ့သတင်းထွက်နေတယ်။
လူတွေက တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ဒီနေ့ဘာထူးလဲလို့ နှုတ်ဆက်ကြတယ်။ သေမထူး နေမထူးပါလို့ ပြန်နှုတ်ဆက်ကြတယ်။
အန်ကယ် တူမီး
အခန်းဆက်တွေ ဖတ်ချင်ရင်တော့ -
12/10/25
-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
