Breaking News

ကျော်မင်းထွန်း(NEW YORK) - ၂၀၂၅ သီတင်းကျွတ်

Art - Agung Htet 

၂၀၂၅ သီတင်းကျွတ်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၅

တဆောင်းမကူးသေးဘူး
ချောင်းဦးမှာ အလောင်းပူးကုန်ပြီ။

သီတင်းဝါလကျွတ် မကျွတ်တော့မသိဘူး
စီးထားတဲ့ဖိနပ်တွေက မချွတ်ပဲကျွတ်ကုန်ပြီ။

သီတင်းကျွတ်မှာ မြတ်စွာဘုရားက
တာဝတိံသာက ဆင်းလာတယ်၊
အခုတော့ ပါရာမော်တာနဲ့ ဒရော့ဗုံးတွေ
ကောင်းကင်ပေါ်က ဆင်းလာတယ်။

အဘိဓမ္မာနေ့ပူဇော်ဖို့ မီးထွန်းကြတာ
မြို့ရွာတွေပြာပုံအတိ မီးလောင်ဖို့ မဟုတ်ဘူး။

သီတင်းကျွတ်မှာကြာဖြူနံ့သင်း မသင်းတော့မသိဘူး၊
ယမ်းနံ့ မီးခိုးနံ့ကတော့ မြန်မာတပြည်လုံးသင်းနေပြီ။

သီတင်းကျွတ်မှာ ဝသာနမိုးရွာ မရွာဆိုတာထက်
ဗုံးမိုးရွာ မရွာက ပိုအရေးကြီးနေတယ်။     ။

 Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar