လေးလေး - ပိုစတာဆရာရဲ့ အိုင်ဒီယာ
လေးလေး - ပိုစတာဆရာရဲ့ အိုင်ဒီယာ
မိုးမခ ၊ အောက်တိုဘာ ၂၉ ၊ ၂၀၂၅
ဒီစာရေးဖို့ တွေးနေတုန်း တိုက်တိုက်ဆိုင်ဆိုင် ပန်းချီဆရာ၊ ကာတွန်းဆရာငွေကြည်က လူပုံတူပန်းချီ ရေးရတာ ခက်တယ်၊ သူ ပန်းချီကျောင်းသားဘဝက ပုံတူရေးပေမယ့် နောက်ပိုင်းတော့ ကယ်ရီကေးချား တွေပဲ ရေးဖြစ်ပြီး ပုံတူပန်းချီ မရေးဖြစ်တော့ဘူး။ ပုံတူပန်းချီ ပြန်ရေးဦးမယ်လို့ ပို့စ်ရေးတင်ထားတာပါ။ အခု ပြောမယ့် ပိုစတာဆရာ ဘရင်ကလေးကတော့ လူပုံတူရေးပြီး နာမည်ကြီးခဲ့သူပါ။
ပိုစတာဆရာ ဘရင်ကလေးလို့ သုံးရတာက ကာယကံရှင်ကိုယ်တိုင်က မန္တလေးက သူ့အလုပ်ခန်း မှာ “ပို စတာဘရင်ကလေး” လို့ ဆိုင်းဘုတ်တင်ခဲ့လို့ပါ။ ၁၉၅၉ ခုနှစ်မှာ ဆရာအောင်သင်းက သူ့ပထမဆုံး စာမူ ”သရက်ထောင် ဖောက်ခဲ့စဉ်က”ကို မြဝတီမဂ္ဂဇင်းက ရွေးလိုက်တယ်။ သူ မြဝတီကို စာမူပို့ပြီး တလလောက် ကြာတော့ သူ နေနေတဲ့ ရန်ကုန်တက္ကသိုလ်က စစ်ကိုင်းဆောင်ကို ဧည့်သည်တယောက် ရောက်လာတယ်။
သရက်ထောင် ဖောက်ခဲ့စဉ်က စာမူကိုင်ပြီး သူဟာ ပန်းချီဘရင်ကလေးပါ၊ ဒီစာမူကို ကိုအောင်သင်း ရေးတာနော်၊ ဟုတ်ပါတယ်၊ ထောင်ဖောက်တုန်းက သုံးတဲ့လွှက လက်ကိုင်ပါတဲ့ လွှလား၊ သံလွှကို သုံးတာလား၊ လက်ကိုင်ပါတဲ့ လွှပါ၊ အိုခေပါ၊ ကိုအောင်သင်း စာမူကို ပန်းချီရေးဖို့ ကျနော့် အပ်ထားလို့ လိုအပ်တာလေး လာမေးတာပါ။ ကျေးဇူးပါ ဆိုပြီး ပြန်သွားတယ်။ အဲဒါ ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ။
၁၉၅၉ ခုနှစ်၊ မေလထုတ် မြဝတီမဂ္ဂဇင်းမှာ”သရက်ထောင် ဖောက်ခဲ့စဉ်က”စာမူ ဖော်ပြပါရှိလာတော့ မဂ္ဂ ဇင်းသရုပ်ဖော်ပုံက ဝိုးတဝါးအလင်းရောင်အောက်မှာ သံတိုင်တွေကြားက တိုးထွက်နေသူဟာ အောင်သင်းပုံ ဖြစ်နေပါတော့တယ်။ အောင်သင်းကို သိတဲ့သူတွေက ဆံပင်ကျကအစ မင်းပုံပဲလို့ ပြောကြတယ်။ ဒီတော့မှ အောင်သင်း သိလိုက်ရတာဟာ ဘရင်ကလေးက သံဖြတ်လွှ အကြောင်းပြပြီး သူ့ကို လာကြည့်သွားတယ် ဆိုတာပါပဲ။
ဆရာအောင်သင်းက နောင်တော့ တွေးမိတာက မြဝတီက ဘရင်ကလေးကို ပုံအပ်ပြီးခိုင်းတာတော့ မှန်တယ်၊ ဒါပေမဲ့ ဘရင်ကလေးက ဘရင်ကလေးကို ပြန်ခိုင်းပြီး သေသေချာချာ အလုပ်လုပ်သွားခဲ့တယ်။ အောင်သင်းက ပန်းချီဘရင်ကလေး ပေးသွားတဲ့ ဩဝါဒဟာ “မင်းနာမည်ကို မင်း ရိုသေပါ၊ မင်း ကိုယ်မင်း ခိုင်းပါ”လို့ ခံယူခဲ့ပါသတဲ့။
အဲဒီပန်းချီဘရင်ကလေးပဲ လူထုဦးလှ ဆုံးတော့ ဒေါ်အမာ့ဆီ ရောက်လာပြီး ဦးလှ ပုံတူ သူ ဆွဲချင်တယ်ပြောလို့ ဒေါ်အမာက ဦးလှပုံ လေး ငါးပုံ ထုတ်ပေးလိုက်တယ်။
ဦးလှ ထုတ်ခဲ့တဲ့ လူထုဂျာနယ် စာလုံးရေးသူက ဦးဘရင်ကလေးပဲ။ ဦးလှ ဆုံးပြီး တနှစ်လောက်ကြာတော့ ဦးဘရင်ကလေးတယောက် ဦးလှ ပုံတူပန်းချီကားကြီးနဲ့ ပေါက်ချလာပြီး မိသားစုဆုံမှ ပုံတူပန်းချီကို ဖွင့်ကြည့်ကြဖို့ မှာသွားခဲ့တယ်။ မိသားစုဆုံလို့ ဖွင့်ကြည့်လိုက်တော့ သူ့ကားကြီးကို ဖွင့်လိုက်တဲ့အခါ စာတအုပ်ကို ပေါင်ပေါ်တင်ပြီး ဖွင့်ထားရင်း ကိုင်ထားတဲ့ ဦးလှရဲ့ ကိုယ်တပိုင်းပုံကြီး ပေါ်လာတယ်။ ကျမ ရုတ်တရက် ဘာမှမပြောနိုင်ဘူး။ သူ အသက်ရှိတုန်းက ကြည့်တတ်တဲ့ အကြည့်မျိုးနဲ့ ကြည်ကြည်လင်လင် ကြည့်နေတဲ့ သူ့မျက်နှာကိုပဲ အသက်မရှူမိဘဲ ကြည့်နေပါတယ်။”
ဦးလှ ပေါင်ပေါ် တင်ထားတဲ့ စာအုပ်က လူထုဂျာနယ်၊ နောက်ခံဘက်ဂရောင်းက နာဂတောင်တန်း၊ ဦးလှ ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပုံပြင်တွေ ထောင်နဲ့ချီရေးခဲ့တာကို ဂုဏ်ပြုလိုတာနဲ့ နာဂတောင်တန်း နောက်ခံရေးတာ၊ ဦးလှဟာ လူထုတိုက်ထဲ ထိုင်ပြီး စာတွေပဲ တကုပ်ကုပ် ရေးနေသူမို့ ဦးလှ ပုံတူဆွဲတော့ အပြင်ကို တမင်ထုတ်ပြီး ဆွဲထားတာလို့ ပန်းချီဦးဘရင်ကလေးက ပြောခဲ့ပါတယ်။ သူ့ကိုယ်သူ ပိုစတာဘရင်ကလေးလို့ ဆိုင်းဘုတ်ချိတ်ခဲ့တဲ့ ပုံတူပန်းချီကျော် ဦးဘရင်ကလေးရဲ့ အိုင်ဒီယာနဲ့ အလုပ်လုပ်ခဲ့ပုံတွေက မှတ်တမ်းတင်စရာ။
စာကိုး- သူတို့နှင့်ကျနော်(အောင်သင်း)
- လွမ်းဆွတ်သတိရစိတ်နဲ့ရေးတဲ့စာ(ညီပုလေး)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar