Breaking News

စစ်အာဏာသိမ်းပြီး ၅ နှစ် ပြည့်ခါနီးချိန်နဲ့ အတုအယောင် ရွေးကောက်ပွဲမတိုင်ခင် ၂ လအလို

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၂၈ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၅


စစ်အာဏာသိမ်းပြီး ၅ နှစ် ပြည့်ခါနီးချိန်နဲ့ အတုအယောင် ရွေးကောက်ပွဲ မတိုင်ခင် ၂ လအလို 

စစ်အာဏာသိမ်းပြီးနောက် ၄ နှစ်ခွဲကျော် ၅ နှစ်ပြည့်ဖို့ ၃ လဝန်းကျင်လောက် လိုသည့်ကာလမှာ မြန်မာနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ပျက်စေခဲ့ပြီးနောက် နောက်တကြိမ် ရွေးကောက်ပွဲတရပ် ကျင်းပဖို့ အာဏာသိမ်းထားတဲ့ စစ်တပ်က လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်နီးပါး ကာလအတွင်း ရှိနှင့်ပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အသစ်ပေါ်ထွက်လာတဲ့ အရွယ်အစားအမျိုးမျိုးရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့တာကြောင့် နယ်မြေစိုးမိုးမှု အများအပြား လက်လွတ်ဆုံးရှုံးထားရတဲ့ အာဏာသိမ်းစစ်တပ် အနေနဲ့ မကျင်းပလို့ မဖြစ်တဲ့ ရွေးကောက်ပွဲကို အပိုင်းတွေခွဲကျင်းပရမယ့် အနေအထား ဖြစ်လာခဲ့တာပါ။ 

အခုလာမယ့် ရွေးကောက်ပွဲရဲ့ ပထမပိုင်းကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမှာဖြစ်လို့ ဒီပထမအသုတ် ရွေးကောက်ပွဲမှာ ပါဝင်တဲ့နယ်မြေတွေမှာ ယှဥ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ကာလ စတင်ကြောင်း စစ်တပ်ရဲ့ သြဇာအောက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါတယ်။ 

၂၀၁၀ ခုနှစ် နောက်ပိုင်း ကျင့်သုံးခဲ့တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို အာဏာသိမ်းစစ်တပ်က လိုသလို ပြင်ဆင်ပြီးကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိမှန်း အများစုက သိရှိထားကြပါတယ်။ ဒါက သာမန်လူတောင် သိနိုင်တဲ့ ကောက်ချက်၊ ကျိုးကြောင်းဆင်ခြင်မှုတရပ်လည်း ဖြစ်ပါတယ်။ 

ပါတီစုံ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲလို့ ဆိုရင် လွတ်လပ်မှု၊ တရားမျှတမှု ရှိဖို့ ဆိုတဲ့အချက်ကို နိုင်ငံတကာက အလေးပေး ပြောဆိုကြတာ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း နိုင်ငံတကာက တရားမျှတမှု အရရော၊ လွတ်လပ်မှုအရပါ အားနည်းလွန်းတဲ့အခြေအနေတွေကြောင့် အားပေးဖို့ ဝန်လေးနေကြတာလည်း ဖြစ်ပါတယ်။ 

စစ်တပ်က စစ်အာဏာသိမ်းတယ်လို့ မသုံးနှုန်းသည့်တိုင် နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေကို ပြင်ဆင်ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီတွေအားလုံးကို အသစ်မှတ်ပုံပြန်တင်ခိုင်းခြင်းဟာ ၄င်းတို့ မလိုလားတဲ့ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD အလိုအလျောက် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ရှိနေမယ့် အဖြစ်ကို မလိုလားလို့ လုပ်ဆောင်တာ ထင်ရှားနေတာပါ။ NLD ပါတီ မှတ်ပုံပြန်မတင်တဲ့ အနေအထားက ၄င်းတို့လိုလားတဲ့ အနေအထားဖြစ်သည့်တိုင် စစ်ဗိုလ်ဟောင်းတွေ မပါဝင်တဲ့ အခြားသော နိုင်ငံရေးပါတီတခုခုကို လူထုက ထောက်ခံအားပေးမယ့် အဖြစ်မျိုးလည်း မရောက်အောင် လိုအပ်တဲ့ ဥပဒေပြင်ဆင်မှုတွေ လုပ်ဆောင်ပြီး တနိုင်ငံလုံး အဆင့်ယှဥ်ပြိုင်နိုင်တဲ့ ပါတီနည်းနိုင်သမျှ နည်းအောင် ပါတီမှတ်ပုံတင် ဥပဒေကို ပြင်ဆင်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေက တရားမျှတမှုဆိုတဲ့ အချက်ကို ထိခိုက်ပျက်စီးစေတဲ့ အချက်တွေ ဖြစ်ပြီး လွတ်လပ်မှု ဆိုတဲ့ အပိုင်းမှာလည်း စစ်အာဏာသိမ်းပြီးနောက် ပြင်ဆင်ခဲ့တဲ့ ဥပဒေ၊ ဆိုင်းငံ့ထားတဲ့ နိုင်ငံသားအခွင့်အရေးတွေ အောက်၊ နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ တိုက်ပွဲ၊ စစ်အုပ်ချုပ်ရေး၊ အရပ်ဘက် အုပ်ချုပ်ရေး မရှိတဲ့ စစ်ပွဲကာလ အခြေအနေတွေအောက်မှာ ရွေးကောက်ပွဲ ၊ မဲဆွယ်မှု၊ မိမိတို့ မြို့ရွာမှာ မနေနိုင်တဲ့ မဲဆန္ဒရှင်တွေ သန်းဂဏန်းရှိနေတဲ့ အနေအထားက ဘယ်လိုမှ တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ဆိုလို့မရတာ သေချာပါတယ်။ 

ဒါဆို ဘာကြောင့်ဒီရွေးကောက်ပွဲကို ကျင်းပဖို့ အာဏာသိမ်းစစ်တပ်က ဆုံးဖြတ်တာပါလဲ။ စစ်အာဏာသိမ်းစဥ်က ပေးခဲ့တဲ့ အကြောင်းပြချက်၊ ကတိ အကျိုးအကြောင်းကို ဆက်လက်ကိုင်စွဲရမယ့် အချက်က တချက် နဲ့ အာဏာသိမ်းထားတဲ့ စစ်အစိုးရ အနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ထောက်ခံမှုနဲ့ ရပ်တည်မှုကို ရဖို့အတွက်က ရွေးကောက်ပွဲ တရပ်ကို မဖြစ်မနေ လုပ်ဆောင်ရမယ့် သဘောလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအရေးကို ရှုမြင် အကဲဖြတ်ရာမှာ ဒီမိုကရေစီ နည်းကျ အစိုးရတရပ် ပေါ်ထွက်လာဖို့ထက် တည်ငြိမ်တဲ့ အခြေအနေတရပ်ကို ထိန်းသိမ်းနိုင်ရေး ဆိုတဲ့ ရှုထောင့်က သုံးသပ်တဲ့ သဘောမျိုးလို့ ကောက်ချက်ချ ရပါတယ်။ အာဏာသိမ်းစစ်တပ်ကို လိုလားခြင်း မလိုလားခြင်းဆိုတာထက် အိမ်နီးချင်းနိုင်ငံ၊ ၄င်းရဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ နိုင်ငံ၊ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးနေတဲ့ အနေအထားကို အသုံးချပြီး ပြင်ပနိုင်ငံ တခုခုက ပါဝင်လာမယ့် အခြေအနေမျိုး မရောက်ဖို့ ထိန်းကျောင်းရမယ်လို့ မှတ်ယူထားပုံလည်း ယူဆရပါတယ်။ 

အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ရုရှား နဲ့ တရုတ် တို့အနေနဲ့ ၄င်းတို့နဲ့ အိမ်နီးချင်း နိုင်ငံတနိုင်ငံမှာ အကျိုးစီးပွား ဆန့်ကျင်ဘက် ဖြစ်တဲ့ အင်အားကြီးနိုင်ငံတွေက ပါဝင်ပတ်သက်တာ ၊ စွက်ဖက်တာမျိုးကို လက်ခံနိုင်တဲ့ မူဝါဒ မရှိကြတဲ့ သဘောလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ 

ဒီအခြေအနေ၊ ရှုမြင်မှု၊ လက်တွေ့ကျတဲ့ နိုင်ငံရေး ပေါ်လစီတွေက တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲကို ကျင်းပဖို့ တိုက်တွန်းအားပေး( တနည်းအားဖြင့် ဖိအားပေးတယ်လို့တောင် ဆိုနိုင်)တဲ့ အခြေအနေ ဖြစ်လာစေပါတယ်။ 

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ သူ့မတိုင်ခင် ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းခဲ့စဥ်ကလို အချိန်ဆွဲဖို့ ရည်ရွယ်ချက်မျိုး စိတ်ကူးမျိုးရှိခဲ့မှာ အသေအချာပင် ဖြစ်ပါတယ်။ စစ်အာဏာသိမ်းစဥ်က ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့ ပြောဆိုပြီး အချိန်ကာလ အကန့်အသတ်ကို ပြောဆိုခြင်း မရှိခဲ့တာတွေ့ရမှာပါ။ 

အခြေအနေတွေ တည်ငြိမ်မှ တိုင်းပြည်က ပုံမှန်အခြေအနေ ရောက်မှ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာမျိုးနဲ့ သူ့ရဲ့ ညွှန်ကြားချက်အောက်က ရုပ်ပြ ဒုသမ္မတဦးမြင့်ဆွေနဲ့ ကာလုံကို ၆ လ၊ ၁ နှစ်နဲ့ သက်တမ်းအကြိမ်ကြိမ်တိုးပြီး အချိန်ဆွဲခဲ့တာ တွေ့ရမှာပါ။ သို့ပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင် မျှော်လင့်မထားတာက စစ်ရေးအရ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေတဲ့ ၁၀၂၇ စစ်ဆင်ရေး နဲ့ ၄င်းရဲ့ သက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။ ဒီ စစ်ဆင်ရေးမှာ တရုတ်နိုင်ငံရဲ့ မီးစိမ်းပြမှု၊ အားပေးမှုတွေ ပါဝင်တယ်လို့ အများက မှတ်ယူယုံကြည်ကြသလို အာဏာသိမ်းစစ်တပ်ကလည်း အလားတူပဲ ယူဆခဲ့တာ ဖြစ်ပါတယ်။ 

သို့ပေမယ့် စစ်တပ် အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒီလှိုင်းထဲ နစ်မြုပ်မသွားအောင် ပြန်လည် ဆယ်တင်ခဲ့တာလည်း တရုတ်နိုင်ငံပဲ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဦးတည်ရာတွေက တရုတ်နိုင်ငံက လိုလားတဲ့ အခြေအနေမျိုးထက် ကျော်လွန်ပြီး ဦးတည်နေတာကို သတိပြုမိချိန်မှာ စစ်တပ်ကို ပြန်လည်ရွေးချယ် ကူညီခဲ့တာဖြစ်ပါတယ်။ 

အခု မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်တပ် အုပ်ချုပ်ရေး နိဂုံးမဟုတ်သလို စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ ကြံ့ခိုင်ရေးပါတီ အနိုင်ရအောင် အဖက်ဖက် ပြင်ဆင်လုပ်ဆောင်မယ့် ရွေးကောက်ပွဲ တခုသာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ကြတဲ့ စစ်တပ်နဲ့ မဟာမိတ်လည်းမဟုတ်၊ စစ်ဗိုလ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီလည်း မဟုတ်တဲ့ ပါတီ၊ ကိုယ်စားလှယ်လောင်းတွေအဖို့က မြေပေါ်နိုင်ငံရေးမှာ အခြား ရွေးချယ်စရာ မရှိဘူးဆိုတဲ့ ကျိုးကြောင်းပြချက်နဲ့ ဝင်ရောက်ယှဥ်ပြိုင်ကြတာမျိုးလို့ ကောက်ချက်ချနိုင်ပါတယ်။ 

၂၀၂၅ အကုန်နဲ့ ၂၀၂၆ ရွေးကောက်ပွဲ ပြီးနောက် ၄င်းတို့သာ အနိုင်ရလိမ့်မယ်လို့ ယုံကြည်နေတဲ့ ကြံ့ခိုင်ရေးပါတီ အနေနဲ့ နိုင်ငံတကာက ၂၀၁၁ အခင်းအကျင်းမျိုး ရှုမြင်မှာ မဟုတ်တာကို ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ သမိုင်းဟာ တပတ်လည်လေ့ရှိတယ် ဆိုကြပေမယ့် အဖြစ်အပျက်အားလုံး အခြေအနေအားလုံး ထပ်တူကျ တပတ်လည်တာမျိုး မဟုတ်တာတော့ အသေအချာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar