Breaking News

မျိုးသန့်ထွန်း(စစ်ကိုင်း) - နယူးယောက်က မြန်မာ့ပန်းချီပြပွဲ

မျိုးသန့်ထွန်း(စစ်ကိုင်း) - နယူးယောက်က မြန်မာ့ပန်းချီပြပွဲ

မိုးမခ ၊ အောက်တိုဘာ ၂၈ ၊ ၂၀၂၅


စစ်အာဏာသိမ်းခံရတဲ့ ဗမာပြည်မှာ ပန်းချီဆရာတွေဟာ လွတ်လွတ်လပ်လပ် ပန်းချီကားမဆွဲနိုင်တာ တွေ့ရပါတယ်။ ပန်းချီကားအချို့ကို စစ်အစိုးရက ပိတ်ပင်မှုတွေ တားဆီးမှုတွေ အများအပြား ရှိခဲ့ပါတယ်။

အမေရိကမှာတော့ ပန်းချီဆရာဟာ ကိုယ့်စိတ်တိုင်းကြိုက်ပုံဖော်လို့ရပါတယ်။လွတ်လပ်စွာရေးဆွဲလို့ရတာဟာ ဒီမိုကရေစီနိုင်ငံရဲ့ အခွင့်အရေးတရပ် ဖြစ်နေပါတယ်။

နယူးယောက်မှာ ”ပီတိလူကြီးများ နားခိုရာဂေဟာ”နေရာလေး ရှိပါတယ်။

အင်္ဂလိပ်လို ”Pitti Adult Daycare Center “လို့ ခေါ်ပါတယ်။ နေရာက 51-35 Reeder Street,3rd Floor Elmhurst မှာ ရှိပါတယ်။ နယူးယောက်ကို လာရင် ပီတိက ကြိုဆိုပါတယ်။ ပီတိမှာ ကဗျာဆရာကြီး မောင်စွမ်းရည်တို့လည်း ရှိပါတယ်။ စာပေဟောပြောပွဲတွေလည်း လုပ်ပါတယ်။

”နယူးယောက် မြန်မာအသံ”စာစောင်လည်း ပီတိက ထုတ်ဝေနေပါတယ်။ စာစောင်ကိုလည်း ဒီပန်းချီဆရာ အောင်ကျော်မိုးကပဲ ဒီဇိုင်းရေးဆွဲပါတယ်။ အဲဒီစာစောင်ကို လူတိုင်းအတွက် အခမဲ့ယူနိုင်ပါတယ်။

အဲဒီမှာ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈-၁၉ နေ့တွေက “ပန်းချီဆရာ အောင်ကျော်မိုး ရဲ့ တကိုယ်တော်ပန်းချီပြပွဲလေး”လုပ်ပါတယ်။ ပန်းချီပြပွဲကို လူစုံတက်စုံ လာကြပါတယ်။ 

နယူးယောက်က ကဗျာဆရာကြီး မောင်စွမ်းရည်နဲ့ သတင်းဆရာကြီး ဦးခင်မောင်ကြီး တို့လည်း လာရောက်ကြည့်ရှုကြပါတယ်။ နယူးယောက်က ပညာတတ်များ၊ ကဗျာဆရာများ၊ စာရေးဆရာများ၊ ဧည့်သည်များလည်း လာရောက်အားပေးကြပါတယ်။ မြန်မာ့အစာစားစရာများနဲ့ တည်ခင်း ဧည့်ခံပါတယ်။ 

ပန်းချီပြပွဲကို အခမ်းအနားနဲ့ ဖွင့်လှစ်ပါတယ်။ အခမ်းအနားမှာ ပီတိ တည်ထောင်သူ ကိုအောင်နိုင်လီက ဝမ်းသာပီတိစကား ဆိုပါတယ်။ ဆရာကြီးမောင်စွမ်းရည်က သူ့ဝါသနာဟာ ပန်းချီဖြစ်တယ် ဆိုတဲ့အကြောင်း ယနေ့အထိ သူ ပန်းချီဆွဲနေတုန်းပဲလို့ ဝမ်းသာအားပါးတရ ပြောပါတယ်။ ပန်းချီအောင်ကျော်မိုးကို ဆရာစွမ်းက ကလေးတစ်ယောက်လိုပဲ မြင်မိတယ်တဲ့။ ဆရာကြီးဦးနန်းဝေရဲ့ တပည့်ဖြစ်လို့ ဗန်ဒါပင်(ဗာဒံပင်)ဆိုင်လေး အပေါ်ထပ်က ယမကာနေရာလေး ရောက်ဖူးခဲ့သူ ဖြစ်မယ်။

ဒီနေရာမှာ သူ့ဆရာဦးနန်းဝေ အကြောင်း ထည့်ပြောပြမှ ပြည့်စုံတယ်လို့ ထင်ပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲကို သူ့ဆရာဦးနန်းဝေက အနီရောင်ဝတ်စုံဝတ်ပြီး လမ်းလျှောက်လေ့ရှိတယ်တဲ့။ တခါက ကျောင်းအထဲမှာ လမ်းလျှောက်နေတုန်းရှေ့မှာ “ရန်သူတွေ”မြင်လိမ့်မယ် လာ မြန်မြန်လျှောက်လို့ သူ့တပည့် ကိုအောင်ကျော်မိုးက ပြန်ပြောပြဖူးပါတယ်။ ဟိုတုန်းက တကသသမဂ္ဂအဆောက်အအုံထဲမှာ ဆရာဦးနန်းဝေ ပန်းချီကားတွေ ချိတ်ဆွဲပြသထားပါသတဲ့။ ဆရာနန်းဝေရဲ့ အမေ အန်တီသန်းက “သကတ အထဲမှာ ထမင်းဆိုင် ဖွင့်ထားပါသတဲ့။ ပန်းချီဆရာ ဦးနန်းဝေတို့ဟာ အမေတစ်ခုသားတစ်ခုပါလို့ သိရပါတယ်။ အမေက သူ့သား ဆရာနန်းကို သိပ်ချစ်တာပဲတဲ့။ တခါ တခါ ဆရာနန်းရဲ့အမေက သူ့သားကို ဒီအရည်တွေ သောက်လာပြန်ပြီလားလို့ ပြောသတဲ့။ 

ဒေါက်တာသန်းထွန်း(သမိုင်းပညာရှင်)နဲ့ ဦးနန်းဝေ တို့တွေဟာ စရိုက်ချင်းတူလို့ အတွဲများပါတယ်။ တစ်နေ့နှာ ဆရာကြီးနန်းဝေဟာ သူ မကျေနပ်တဲ့သူ တွေ့ရင် သူ့တပည့် အောင်ကျော်မိုးကို ငါ့ဖင်မှာ (ကန်တော့ပါရဲ့) သွေးစုနာပေါက်နေလို့ လှန်ပြပါသတဲ့။ အဲ့သလို ရွဲ့တတ်ကြောင်း ပန်းချီအောင်ကျော်မိုးက ပြောပြပါတယ်။ ဒေါက်သန်းထွန်းက ရှေးဟောင်းဘုရားတွေ လေ့လာရေးဆို ဆရာနန်း ခေါ်သွားလေ့ရှိပါတယ်။ 

ဆရာနန်းက ဒေါက်တာသန်းထွန်းသုတေသနမှာ ပန်းချီဆွဲပြီး ကူညီလေ့ရှိပါတယ်။ ဆရာသန်းထွန်က ပန်းချီကြီး ဆရာနန်းဝေဟာ ပန်းချီမဆွဲခင် သူ့ကို ဓာတ်ဆီဖြည့်ပေးရပါတယ်။ ဒါမှ ပန်းချီဆွဲဖို့ အားအင်ရလာပါသတဲ့။

ဒါပေမဲ့ ဆရာဦးနန်းဝေရဲ့ တပည့်ဖြစ်တဲ့ ပန်းချီအောင်ကျော်မိုး တို့၊ ပန်းချီစံမင်း တို့၊ ပန်းချီအင်ဒူး တို့ဟာ ပန်းချီမဆွဲခင် သူ့ဆရာလို လူ ဓာတ်ဆီမဖြည့်ကြဖူးလို့ ထင်ရပါတယ်။ 

တော်လှန်ရေးပန်းချီဆရာ စံမင်းနဲ့ အင်ဒူးလ်တို့ကတော့ စောစောက လူ့ဘဝက ထွက်ခွာသွားခဲ့ပါတယ်။ ပန်းချီဆရာအောင်ကျော်မိုးက တခါ တခါ သူ့အချစ်ဆုံးသူငယ်ချင်း ကိုစံမင်းတို့ကို တမ်းတမ်းတတ ဖြစ်နေတတ်ပါတယ်။ 

နာမည်ကြီး ဗိဿနိုးဦးတင်ဝင်းဟာ ပန်းချီအောင်ကျော်မိုးရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပါတယ်။ နယူးယောက်ကို ဦးတင်ဝင်း လာရင် ပြတိုက်တွေ လိုက်ပို့ပေးရပါတယ်။ တလောကပဲ ဗိဿနိုးဦးတင်ဝင်းဟာ နယူးယောက်က သူ့သမီးဆီ လာရင်း ကွယ်လွန်ခဲ့ပါတယ်။ ပန်းချီအောင်ကျော်မိုးလည်း သူ့သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်ရပါတယ်လို့ ပြောပါတယ်။ 

ပန်းချီဆရာကြီးနန်းဝေ ရေးဆွဲခဲ့တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပန်းချီကားဟာ သမိုင်းဝင် ပန်းချီကား ဖြစ်ခဲ့ပါတယ်။ ဆရာကြီးဦးနန်းဝေဟာ သူ စိတ်ကြိုက်ပုဂ္ဂိုလ်ကျော်တွေကို ပုံတူ (Portraits ) များ ရေးဆွဲလေ့ရှိပါတယ်။ သူ့စိတ်ထဲက ကျေနပ်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ရပါ့မယ်။ မကျေနပ်ရင် မဆွဲပါဘူး။ ဒါဟာ ပန်းချီဆရာရဲ့ လွတ်လပ်ခွင့်ပါပဲ။ သူ့လိုပဲ ပန်းချီအောင်ကျော်မိုးကလည်း သူ့စိတ်ကြိုက်ပန်းချီဆွဲလေ့ရှိပါတယ်။ ဆရာစွမ်းရဲ့ ပုံတူ Sketch ဆွဲပေးဖူးပါတယ်။ နယူးယောက် မြန်မာအသံ စာစောင်ထဲမှာ ပန်းချီနဲ့ ဒီဇိုင်းတွေဟာ သူ့လက်ရာတွေပါပဲ။ ပန်းချီစံမင်း၊ ပန်းချီအောင်ကျော်မိုးတို့ဟာ ဆရာကြီးဦးနန်းဝေရဲ့ တပည့်အရင်းတွေ ဖြစ်ပါတယ်။

သူတို့တွေဟာ ဆရာဦးနန်းဝေရဲ့ တပည့်ပီပီ တက္ကသိုလ်အထဲမှာပဲ ပန်းချီကားတွေကို ပုံဖော်လေ့ရှိပါတယ်။ တက္ကသိုလ်ဘွဲ့နှင်းသဘင်တို့၊ သစ်ပုတ်ပင်တို့၊ စာကြည်တိုက်တို့၊ ကျောင်းဓမ္မရုံတို့၊ လိပ်ခုံးအဆောက်အအုံတို့ဟာ သမိုင်းဝင်အဖြစ်အပျက် နိုင်ငံရေးသဘောတရားတွေနဲ့ ပန်းချီကားတွေက ပန်းချီအောင်ကျော်မိုးရဲ့ နှလုံးသားထဲကို စီးဆင်းနေပါတယ်။

ဆရာကြီးနန်းဝေဟာ တကသအဆောက်အအုံကို ဗိုလ်နေဝင်းက ဗုံးခွဲခဲ့ပြီးနောက်မှာ ပန်းချီဆက်မဆွဲတော့ပါဘူး။ သူ့ပန်းချီကားတွေဟာ တကသ ဗုံးခွဲတဲ့ထဲ ပါသွားပါတယ်။ ဆရာနန်းဟာ စိတ်နာပြီး ပန်းချီဆက်မဆွဲတော့တာလည်း ဖြစ်နိုင်ပါတယ်။ အာဏာရှင်ရဲ့ ရက်စက်မှုတွေဟာ မြန်မာလူထုက ယနေ့အထိ စိတ်ထိခိုက်ခံစားနေရတုန်းပါပဲ။ စစ်တပ်က အာဏာသိမ်းတိုင်း ဘဝပျက်တဲ့မိသားစုတွေ ရှိနေဆဲပါ။ အချို့ပန်းချီဆရာတွေဟာ စိတ်ထိခိုက်ပြီး ပန်းချီမရေးတော့တဲ့အထိ ဖြစ်ပါတယ်။

ပီတိမှာ ပြုလုပ်တဲ့ ပန်းချီဆရာအောင်ကျော်မိုးရဲ့ တကိုယ်တော်ပွဲမှာ ရန်ကုန်တက္ကသိုလ်အငွေ့အသက်တွေပါတဲ့ ပန်းချီကားတွေ ပြသထားပါတယ်။

ပန်းချီကားများ အစုံအလင် ပြသထားပါတယ်။ သူ့ပန်းချီကားထဲက ကျနော် စိတ်ဝင်စားမိတာ ကံ့ကော်ပန်းပွင့် ပန်းချီကားနဲ့ တက္ကသိုလ်ဓမ္မာရုံပန်းချီတို့ ဖြစ်ပါတယ်။ ကျန်တဲ့ UCL စာကြည့်တိုက်ကားလည်း စိတ်ဝင်စားမိပါတယ်။

ပီတိပန်းချီပြပွဲမှာ ကိုအောင်နိုင်လီရဲ့ ဇနီး မမေသက်ခိုင် က နောက်တခါ ပန်းချီပြပွဲနဲ့အတူ ကျောက်မျက်ပြပွဲလေး တွဲလုပ်ချင်ကြောင်း အကြံပြုထားပါတယ်။ ကောင်းပါတယ်။ မြန်မာ့အနုပညာများ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။

ဒီနောက် ပန်ချီးဆြာအောင်ကျော်မိုးက သူ့ပြပွဲကြောင်း ပြောပါတယ်။

သူဟာ ပီတနဲ့ ပန်းချီဆွဲတဲ့သူပါတဲ့။ အခု ပီတိမှာ သူ့ပြပွဲလုပ်ရလို့ ပိုပြီးပီတိဖြစ်ကြောင်း ပြောပါတယ်။ ပီတိဂေဟာမှာ ပန်းချီပြပွဲလုပ်လို့ ဝမ်းသာပီတိ ဖြစ်မိကြောင်း ပန်းချီဆရာ မျက်ရည်ကျနေပုံပေါက်ပါတယ်။ စာရေးသူလည်း အဝေးက မြင်မိလို့ပါ။

သူဟာ ရယ်စရာရွှင်စရာ ဟာသလည်း ပြောတတ်ပါတယ်။ သူဟာ ပန်းချီနဲ့ ဟာသဆရာလို့လည်း ပြောလို့ရပါတယ်။ ပန်းချီကားတွေဟာ ပန်းချီဆရာ သေရင် ဈေးပိုရတတ်ကြောင်း သူ့အတွေ့အကြုံနဲ့ ပြောသွားပါတယ်။

ဒါပေမဲ့ ပန်းချီအောင်ကျော်မိုး အခုတော့ အသက်ရှိ ပန်းချီဆွဲနေလျက် ရှိပါတယ်။ ပန်းချီကားတွေ ဆက်လက်ဆွဲနေပါတယ်။ သူ့ပန်းချီကားအောက်မှာ ပန်းချီဆရာ့ လက်မှတ်နဲ့ ခုနှစ်သက္ကရာာဇ် ပါရှိပါတယ်။ 

အထီးကျန်ရင် ပန်းချီဆွဲကြပါလို့ တိုက်တွန်းပါတယ်။ သူ ပြောတာ ထောက်ခံပါတယ်။ လူတွေဟာ အထီးကျန်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတတ်ပါသတဲ့။ 

ပန်းချီဆွဲရင်း စိတ်ညစ်တာတွေ ကုစားလို့ရပါတယ်။ ဒါကြောင့် ပန်းချီဆွဲပါ။

ပန်းချီဆရာအောင်ကျော်မိုးက နှစ်ပေါင်း ၅၀ ကျော် ပန်းချီနဲ့ ဒီဇိုင်းပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ပန်းချီဆရာကြီးဦးနန်းဝေရဲ့ လက်ရင်းတပည့်လည်း ဖြစ်ပါတယ်။

ဒီပန်းချီဆရာဟာ ရန်ကုန်တက္ကသိုလ်ထဲက ပန်းချီဆရာပါ။ နာမည်ကြီး ”ကံကော်ရွာ”ပန်းချီထဲက တဦး ဖြစ်ပါတယ်။

ပြပွဲက ပန်းချီကားတွေဟာ ကျောင်းထဲက ဘွဲ့နှင်းသဘင်၊ စာကြည့်တိုက်၊ သိပ္ပံဆောင်၊ လိပ်ခုံး၊ ကံ့ကော်ပွင့်၊ နောင်အင်းလေး၊ ဈေးတန်းလေး စတဲ့ ပန်းချီကားများ ပြသထားပါတယ်။ လက်ရာကောင်းတဲ့ ပန်းချီဆရာ ဖြစ်ပါတယ်။ သူဟာ အမေရိကန်ရောက် ပန်းချီဆရာ ဒီဇိုင်းဆရာ ဖြစ်ပါတယ်။

နယူးဂျာစီက လောကချမ်းသာစေတီတော်ဟာလည်း သူ့ဒီဇိုင်းထုတ် တည်ဆောက်ထားပါတယ်။ လောကချမ်းသာ ဘုန်းကြီးကျောင်းထဲက ဗုဒ္ဓဘာသာဝင် ပန်းချီကားများဟာ ပန်းချီဆရာအောင်ကျော်မိုးရဲ့ လက်ရာကောင်းတွေ ဖြစ်ပါတယ်။

သိမ်အထဲက ရွှေတိဂုံပန်းချီကားဟာ ဆရာအောင်ကျော်မိုးရဲ့ အကောင်းဆုံးလက်ရာလို့ ပြောလို့ရပါတယ်။ ဘုန်ကြီးကျောင်းတဝင်းလုံးက ပန်းချီ၊ ပန်းပုတွေဟာ သူ့လက်ရာတွေပါ။

လက်ရာပြောင်မြောက်လွန်လှပါတယ်။ ဒါကြောင့် “ဒီပန်းချီဆရာဟာ သေရင် နတ်ပြည်တက်မယ့် ပန်းချီဆရာ”ဖြစ်ကြောင်း ရေးလိုက်ချင်ပါတယ်။ 

ဆရာအောင်ကျော်မိုး နတ်သားဖြစ်ရင် မမေ့နဲ့နော်! (ဆရာ ကန်တော့နော်)

ပီတိမှာ လုပ်တဲ့ ပန်းချီအောင်ကျော်မိုးရဲ့ တကိုယ်တော်ပန်းချီပြပွဲမှာ ”အနုပညာရဲ့ အသွင်ပြောင်းလဲစေနိုင်သော စွမ်းအား”အမြင်ကို ရရှိစေပါတယ်။

Artist Aung Kyaw Moe’s The Exhibition (2025) was the transformative power of art.

စာဖတ်သူအားလုံး လေးစားလျက်။

မျိုးသန့်ထွန်း(စစ်ကိုင်း)

၁၉၊၁၀၊၂၀၂၅။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar