၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့် နောက်ပြန်သုံးသပ်ခြင်းနဲ့ ရှေ့အလားအလာ
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၂၇ မြင်ကွင်း
မိုးမခ ၊ အောက်တိုဘာ ၂၈
၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့် နောက်ပြန်သုံးသပ်ခြင်းနဲ့ ရှေ့အလားအလာ
၂၀၂၃ ခုနှစ်ကုန်ဆုံးခါနီးလပိုင်း အောက်တိုဘာ ၂၇ ရက်နေ့ နံနက်စောစော ရှမ်းပြည်နယ်မြောက်ပိုင်းက နေရာဒေသအများအပြားမှာ စစ်ကောင်စီ တပ်စခန်း၊ ကုန်သွယ်ရေးလမ်းမရှိ ဂိတ်စခန်းများနဲ့ အခြားသော စစ်ရေးပစ်မှတ်တွေကို မြောက်ပိုင်းညီနောင် မဟာမိတ် လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ဖြစ်တဲ့ တအာန်းလက်နက်ကိုင်အဖွဲ့ TNLA, ရက္ခိုင့်တပ်တော်AA, နဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA တို့ ဦးဆောင်တဲ့ လက်နက်ကိုင် အဖွဲ့တွေက တပြိုင်နက်ထည်း တိုက်ခိုက်ပြီး ၁၀ လပိုင်း ၂၇ ရက်နေ့ကို အစွဲပြုကာ ၁၀၂၇ စစ်ဆင်ရေး လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေး စတင်လိုက်ကြောင်း လူသိရှင်ကြား ကြေညာခဲ့ပါတယ်။
အဆိုပါ စစ်ဆင်ရေး စတင်တဲ့ နေ့ရက်က ရေတွက်ရင် ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ၂ နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ စစ်ဆင်ရေးက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး လူမှုအသွင်အပြင်၊ သယံဇာတနဲ့ နိုင်ငံတကာ ဆက်ဆံရေး၊ ဒေသတွင်း နိုင်ငံတွေရဲ့ မြန်မာနိုင်ငံ အပေါ်မူဝါဒတွေကို ဘယ်လောက် သက်ရောက် ရိုက်ခတ်မှုရှိခဲ့သလဲ အဲဒီသက်ရောက်ရိုက်ခတ်မှုတွေက မဝေးတဲ့အနာဂတ် အခင်းအကျင်းတွေကို ဘယ်လို သက်ရောက်နိုင်သလဲ ဆိုတာတွေ သုံးသပ်ကြည့်ဖို့ ၂ နှစ်ပြည့်ကာလဟာ မှတ်တိုင်တခုလို့ ဆိုရင် မှားမယ် မထင်ပါဘူး။
၁၀၂၇ စစ်ဆင်ရေးဟာ လပိုင်းအတွင်း နှစ်အနည်းငယ်အတွင်း စီစဥ်လုပ်ဆောင်တဲ့ စစ်ဆင်ရေး တခုတော့မဟုတ်ပါဘူး။ အဆိုပါ ညီနောင်မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေမှာ စစ်အာဏာမသိမ်းမီကာလတွေကတည်းက ရည်မှန်းချက်ရှိထားတဲ့ ပူးပေါင်းစစ်ဆင်ရေး စိတ်ကူး အစီအစဥ်တရပ်ဖြစ်တယ်လို့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း အဆိုပါ စစ်ဆင်ရေးမှာပါဝင်တဲ့ တပ်ခေါင်းဆောင်တဦးက ထုတ်ဖေါ်ပြောဆိုဖူးပါတယ်။
ညီနောင် မဟာမိတ် ၃ ဖွဲ့ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုတွေ မတိုင်ခင်ကာလတွေကတည်း NCA လို ငြိမ်းချမ်းရေးဆွေးနွေးမှုတွေထဲ ပါဝင်ခြင်း မရှိတဲ့ အဖွဲ့တွေဖြစ်ပြီး ၂၀၁၉ ခုနှစ်သြဂုတ်လက ဂုတ်တွင်းတံတားက ရဲကင်းစခန်းတွေနဲ့ မန္တလေး မူဆယ်လမ်းပိုင်း ပြင်ဦးလွင်တို့ကို တပြိုင်နက်ထည်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလက တိုက်ခိုက်မှုမျိုးကို အခြေခံပြီး စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာ မှာ ပိုပြီးအင်အားကောင်း တဲ့ တပ်အင်အား လက်နက်အင်အားနဲ့ စစ်မျက်နှာ အများအပြားမှာ စစ်ဆိုင်နေရတဲ့ စစ်အစိုးရရဲ့ တပ်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီး သီတင်းပတ်တွေအတွင်းမှာပဲ ညီနောင်မဟာမိတ်တွေ ဦးဆောင်တဲ့ တပ်တွေက မြို့တွေ၊ တပ်ရင်းတွေ၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တွေကို သိမ်းယူနိုင်ခဲ့သလို လက်နက်ခဲယမ်းအများအပြားလည်း သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းတွေ ရာထောင်ချီ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အထဲ ဗိုလ်မှုးချုပ် အဆင့်တွေပါ အများအပြားပါဝင်ခဲ့တာပါ။ အချိန်တိုအတွင်း လျင်မြန်စွာသိမ်းယူနိုင်ခဲ့တဲ့ စစ်ရေးအောင်မြင်မှုတွေက မြန်မာနိုင်ငံအခြားဒေသတွေအထိ စိတ်ဓါတ်တက်ကြွစေပြီး ကရင်နီ (ကယား) ပြည်မှာ ၁၁၁၁ စစ်ဆင်ရေး လို့ခေါ်တဲ့ ၁၁ လ ၁၁ ရက်နေ့ စစ်ဆင်ရေး၊ ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် စတဲ့စစ်ဆင်ရေးတွေ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို စစ်ရေးအောင်မြင်မှု အများအပြားရရှိခဲ့ပြီး လအနည်းငယ်အကြာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှု တိုက်တွန်းမှုတွေနဲ့ အပစ်ရပ် သဘောတူညီခဲ့ကြပါတယ်။
အပစ်ရပ် သဘောတူညီမှုက ၆ လ သာသာ ကြာမြင့်ပြီးနောက် ၂၀၂၄ ခုနှစ် ဇူလိုင်လဝန်းကျင်မှာ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းကို ဆက်လက်ဖေါ်ဆောင်ကြရာမှာ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ စတဲ့မြို့တွေ ကိုပါ သိမ်းယူနိုင်ခဲ့သလို ရှမ်းမြောက်ဒေသမှာ စစ်ရေးအောင်ပွဲတွေ ရရှိနေချိန် MDY-PDF လို့ ခေါ်ဆိုတဲ့ တပ်ဖွဲ့တွေကလည်း ရှမ်း-မန်းစစ်ဆင်ရေး နဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်တွေက နေရာအချို့ကိုပါ သိမ်းပိုက်နိုင်တဲ့ အထိ အောင်မြင်မှုတွေ ရခဲ့တာ ဖြစ်ပါတယ်။
သို့ပေမဲ့ သြဂုတ်လ နောက်ပိုင်း အာဏာသိမ်းစစ်အစိုးရအပေါ်ထားရှိတဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒ အကွေ့အချိုးနဲ့ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်တဲ့ ဒေသတွေမှာ အခြေစိုက်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ် ပေးလာတဲ့ ဖိအားတွေက ၁၀၂၇ စစ်ဆင်ရေး ရဲ့ အောင်မြင်မှုတွေကို တန့်သွားစေခဲ့တာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုရပ်တန့်သွားရတဲ့ အကြောင်းရင်းကို တရုတ်နိုင်ငံရဲ့ ဖိအားတခုထည်းကြောင့်လို့တော့ ကောက်ချက် မချနိုင်ပါဘူး။ နယ်မြေ သိမ်းယူအောင်မြင်မှုတွေကနေ ပေါ်ထွက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်းအကြား အကျိုးစီးပွား ဆန့်ကျင်ဘက်ဖြစ်မှုတွေ၊ လူမျိုးရေး ဝါဒချင်း အားပြိုင်မှု၊ အကျိုးစီးပွား ပဋိပက္ခဖြစ်မှုတွေ၊ သယံဇာတ ခွဲဝေမှု၊ အခွန်အကောက်ကောက်ခံခွင့် ခွဲဝေမှုတွေမှာ အလုပ်ဖြစ်တဲ့ ဖြေရှင်းမှု အခြေခံ၊ ပလက်ဖောင်းနဲ့ နည်းလမ်းတွေ ရှိမနေကြတာကလည်း အားနည်းစေတဲ့ အချက်တွေ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး နဲ့ ဗမာလူမျိုး လက်နက်ကိုင် အဖွဲ့တွေ အကြားဆက်ဆံရေး အနေအထားကလည်း စစ်ဆင်ရေး ပထမပိုင်း ဒုတိယပိုင်း အနေအထားမျိုး အခု လက်ရှိကာလမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့တာ တွေ့ရပါတယ်။ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ကို နွေဦးတော်လှန်ရေး အောင်မြင်တဲ့အထိ တိုက်ခိုက်ကြမယ့် ရည်မှန်းချက်တွေ ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်ကို အစောပိုင်းကာလတွေက စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းတို့က PDF အဖွဲ့တွေက မှတ်ယူထားခဲ့ကြပေမယ့် တရုတ်နိုင်ငံ ရဲ့ တိုက်တွန်းမှုနဲ့ လားရှိုးမြို့ပြန်ပေးလိုက်ရတာ နဲ့ MNDAA က အပစ်ရပ်သဘောတူ လိုက်တဲ့ အဖြစ်က မျှော်လင့်ချက်ကို ပျက်စီးစေခဲ့တာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ၂ နှစ်အကြာမှာ TNLA ၊ AA တို့အနေနဲ့ အာဏာသိမ်းစစ်တပ်နဲ့ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပေမယ့် MNDAA က အပစ်အခတ်ရပ်စဲထားတာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်တပ် အနေနဲ့ ၄င်းတို့ ရင်ဆိုင်ခဲ့ရတဲ့ စစ်ရေးဆုံးရှုံးမှုတွေအပေါ် သင်ခန်းစာယူခဲ့သလို စစ်အင်အား ဖြည့်တင်းဖို့ စစ်မှုမထမ်းမနေရ ဥပဒေကို အတင်းအဓမ္မ အသက်သွင်းပြီး လူအင်အားအချိန်မီဖြည့်တင်းခဲ့တာ ဖြစ်ပါတယ်။ ဒရုန်းနဲ့ပတ်သက်တဲ့ နည်းပညာ၊ သင်တန်းတွေ လပိုင်းအတွင်း ပြင်ဆင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီအချက်တွေက အာဏာသိမ်းစစ်တပ်ဘက်က လူအင်အား၊ စစ်ရေးပိုင်းဆိုင်ရာ ပြင်ဆင်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အတိုင်းအတာတခုထိ သက်ရောက်မှုရှိစေခဲ့တာပါ။
၂ နှစ်တင်းတင်းပြည့်ချိန်မှာ ၁၀၂၇ စစ်ဆင်ရေးကနေ စစ်ဆင်ရေး ပြီးဆုံး သွားပြီလား ဆိုတဲ့ မေးခွန်းလည်း မေးစရာရှိပါတယ်။
စစ်ဆင်ရေးပြီးဆုံးသွားတယ်လို့တော့ ညီနောင် လက်နက်ကိုင် ၃ ဖွဲ့အထဲက ဘယ်အဖွဲ့ကမှ တရားဝင် ထုတ်ပြောတာမရှိပါဘူး။ သို့ပေမယ့် ၃ ဖွဲ့အကြား တဖွဲ့က အပစ်ရပ်ထားသလို အခြားသော မဟာမိတ်လက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ လက္ခဏာတွေလည်း သိပ်မတွေ့ရတော့တဲ့ အနေအထား ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းယူနိုင်ခဲ့တဲ့ မြို့အချို့ လွန်ခဲ့တဲ့ ၄/၅ လတာ ကာလအတွင်း ပြန်လက်လွှတ်လိုက်ရတဲ့ အနေအထားမျိုးလည်း တွေ့မြင်လာရတာ ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးကနေ သုံးသပ်သင်ခန်းစာယူနိုင်တဲ့ အရာတွေက ဘာတွေလဲ ဆိုတာကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရော မဟာမိတ် PDF လက်နက်ကိုင်အဖွဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရတို့ စုပေါင်း သုံးသပ်ဆွေးနွေးပြီး အနာဂတ် စစ်ရေး၊ နိုင်ငံရေး လုပ်ဆောင်မှုတွေအတွက် အကျိုးရှိစေဖို့ သင်ခန်းစာထုတ်ယူနိုင်ကြဖို့ အရေးကြီးကြောင်း နှိုးဆော်လိုက်ရပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar