Breaking News

၄ လ အတွင်း TNLA လက်လွှတ်လိုက်ရတဲ့ ရှမ်းမြောက်ဒေသရဲ့ တတိယမြောက်မြို့

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၆ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၅


၄ လ အတွင်း TNLA လက်လွှတ်လိုက်ရတဲ့ ရှမ်းမြောက်ဒေသရဲ့ တတိယမြောက်မြို့ 

၂၀၂၅ ခုနှစ်ရဲ့ နှစ်လယ်ကာလ ဇူလိုင်လက စတင်ရေတွက်ရင် ၄ လကြာ ကာလအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ဒေသရဲ့ မြို့ ၃ မြို့ကို လက်လွှတ်ခဲ့ရတာ တွေ့ရပါတယ်။ ယခုနှစ် ဇူလိုင်လလယ်မှာ နောင်ချိုမြို့ လက်လွှတ်ခဲ့ရပြီး အောက်တိုဘာ ၁ ရက်နေ့မှာ ကျောက်မဲမြို့နဲ့ ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ သီပေါမြို့တို့ကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်ဟာ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်း တလျှောက်မှာ ရှိနေတဲ့ နောင်ချိုမြို့ ကို သိမ်းယူပြီးနောက် နယ်မြေအဆက်အစပ်အရရော လမ်းကြောင်းအနေအထားအရပါ အစီအစဥ်သဖွယ် ဖြစ်နေတဲ့ ကျောက်မဲမြို့ကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး ကျောက်မဲမြို့ကို လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကျော်မှာ သိမ်းယူနိုင်ခဲ့တဲ့နောက် ပြည်ထောင်စုကားလမ်းအတိုင်း သီပေါမြို့ဆီရောက်လာတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ် အနေနဲ့ နောင်ချိုမြို့ သိမ်းတိုက်ပွဲမှာ မြို့ဆီရောက်ဖို့ လနဲ့ချီ တိုက်ခိုက်ခဲ့ရသလို နောင်ချိုကနေ ကျောက်မဲသိမ်းနိုင်တဲ့ အထိ ၂ လကျော်ကြာမြင့်ခဲ့တာ တွေ့ရပါတယ်။ ကျောက်မဲမြို့ သိမ်းပြီးနောက် ကျောက်မဲမြို့ လောက်မကြီးပေမယ့် ရှမ်းမြောက်ရဲ့ ပြည်ထောင်စု လမ်းပေါ်မှာ ရှိနေတဲ့ သီပေါမြို့ကို ၂ ပတ်အကြာမှာ သိမ်းယူခဲ့တာ တွေ့ရပါတယ်။ ဒီဒေသကို ထိန်းချုပ်ထားတဲ့ TNLA နဲ့ ရှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်စိုးမိုးဖို့ ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်တို့အကြား ခုခံတိုက်ခိုက်မှုတွေက မြို့တွေအတွင်း ဖြစ်ပွားတာထက် တမြို့နဲ့ တမြို့အကြားက စစ်ရေးမဟာဗျူဟာအရ ခုခံဖို့ကောင်းတဲ့နေရာတွေ မှာ ဖြစ်ပွားခဲ့ကြတာလို့ ယူဆရပါတယ်။ 

နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေထဲမှာ ရပ်ကွက်တကွက်ချင်း သို့မဟုတ် တလမ်းဝင်တလမ်းထွက် တိုက်ပွဲတွေ ဖြစ်ပွားတာမျိုး မဟုတ်ပါဘူး။ KIA နဲ့ စစ်ကောင်စီတပ်တို့ ၁၀ လနီးပါး တိုက်နေတဲ့ ဗန်းမော်မြို့ တိုက်ပွဲတွေနဲ့ မတူကွဲပြားတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ TNLA အနေနဲ့ ခုခံတိုက်ခိုက်မှုတွေ လုပ်ပေမယ့် ရှိသမျှ ဒီမြို့ ၃ မြို့အတွက် ရှိသမျှ အင်အားအကုန်ထုတ်သုံးပြီး ခုခံမယ့် ရည်ရွယ်ချက်မျိုး မဟာဗျူဟာမျိုး ရှိနေပုံ မရဘူးလို့ အကဲခတ်ကြည့်နိုင်ပါတယ်။ 

တအာင်းလူမျိုးတွေရဲ့ ပင်မဒေသဖြစ်တဲ့ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ စတဲ့မြို့တွေနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က နယ်စပ်ကူးဂိတ်ပေါက် အနီးက မူဆယ် ၁၀၅ မိုင်တို့ကို ပိုပြီးခုခံကာကွယ်မယ့် ရည်ရွယ်ချက်မျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

နောက်ကြောင်း ပြန်ကောက်ရရင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ က စတင်ခဲ့တဲ့ ရှမ်းမြောက်ဒေသက ညီနောင်မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့ ရဲ့ စစ်ဆင်ရေး ပထမပိုင်း ၃ လဝန်းကျင် နဲ့ ဒုတိယပိုင်း ၆ လ ဝန်းကျင်ကာလတွေမှာ  TNLA, MNDAA, AA လက်နက်ကိုင် ၃ ဖွဲ့အပြင် ၄င်းတို့ကို ဝိုင်းဝန်းပူးပေါင်းထားကြတဲ့ ရှမ်းမြောက်ဒေသပြင်ပက တော်လှန်ရေး လက်နက်ကိုင် အင်အား ထောင်နဲ့ချီတဲ့ တပ်တွေက အာဏာသိမ်းစစ်တပ်ရဲ့ စခန်းတွေ၊ တိုင်းစစ်ဌာနချုပ်တွေနဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်စခန်းတွေကို ၆ လနဲ့ ၉ လကြာကာလအတွင်း ဆက်တိုက်ဆိုသလို သိမ်းယူနိုင်ခဲ့ပြီး ထိုအချိန်ကာလဟာ နိုင်ငံရေး စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ရေချိန်အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ 

TNLA အနေနဲ့ အဲဒီအနေအထားမျိုးကနေ ယခုနှစ် နှစ်လယ်ပိုင်း ၄ လကြာ ကာလအတွင်း မြို့ ၃ မြို့ကို ဘာကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရသလဲ ဆိုတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ရင် အယူအဆ ကောက်ချက်အမျိုးမျိုး ရှိနေကြလိမ့်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖိအား၊ မဟာမိတ် လက်နက်ကိုင် အင်အားစုတွေအကြား နယ်မြေ ထိန်းချုပ်ခွင့်၊ အခွန်ကောက်ခံခွင့်နဲ့ လူမျိုးစုတွေအကြားက အကျိုးစီးပွား ပဋိပက္ခ ဖြစ်မှုတွေက စစ်အာဏာရှင်တပ်ကို တစုတစည်းထဲ တော်လှန်တိုက်ခိုက်ရေးကို အားယုတ်လျော့အောင် ဖြစ်စေခဲ့တယ်လို့ လည်းအချို့က ကောက်ချက်ချကြပါတယ်။ သယံဇာတ ထုတ်ယူခွင့်၊ စစ်သားစုဆောင်းရေးနဲ့ ထိစပ်နေကြတဲ့ နယ်မြေတွေမှာ စခန်းချ စစ်ဆေးတဲ့ ဂိတ်တွေဖွင့်လှစ်ခွင့်တွေ နဲ့ပတ်သက်လို့ မကြေလည်မှုတွေက အဓိကအကြောင်းအချက်တွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

 TNLA တပ်ဖွဲ့ကိုယ်၌က ဝေဖန် အကြံပြုမှုတွေကို လေ့လာပြီး သုံးသပ်သင်ခန်းစာယူနေတယ်လို့ သတင်းမီဒီယာ တချို့ကို ပြောဆိုထားပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးကို ဇက်တုံ့ဆွဲ ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒက အဓိကကျတဲ့ အချက်တခု ဖြစ်သလို  ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်ကုန်ခါနီးထိ စုစည်းထားနိုင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ရေးဦးဆောင်မှုအောက်က မဟာမိတ်တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ မစုစည်းနိုင်တော့တဲ့ အကြောင်းကလည်း ဒုတိယအရေးပါတဲ့အချက် တချက်ဖြစ်ပါလိမ့်မယ်။ MNDAA အပစ်ရပ်စဲခဲ့ခြင်း၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ/ တပ် အနေနဲ့ ၁၀၂၇ ကို ငွေကြေး၊ လက်နက် မကူညီနိုင်တော့ခြင်းတွေကလည်း အထက်က အကြောင်းအရင်းတွေ အပြင် နောက်ထပ်အရေးကြီးတဲ့ အကြောင်းဖြစ်ပါလိမ့်မယ်။ 

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း ဒုတိယပိုင်းမှာ တစုတစည်းထည်း ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ကြပေမယ့် အခုလို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိုးစစ်ဆင်လာချိန်မှာ တဖွဲ့ချင်း ခုခံနေကြရတဲ့ အနေအထားက နွေဦးတော်လှန်ရေး၊ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး ကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေလိမ့်မှာ ဖြစ်ပါတယ်။ 

သီပေါမြို့ လက်လွှတ်ရပြီးနောက်မှာ အာဏာသိမ်းစစ်တပ်အနေနဲ့ နောက်ပစ်မှတ်ထားတဲ့ မြို့က ဘယ်မြို့ ဖြစ်လာနိင်လဲ ဆိုတဲ့ မေးခွန်းလည်း ရှိလာနိုင်ပါတယ်။ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းက စီးပွားရေးရော၊ စစ်ရေးအရပါ မဟာဗျူဟာ ကျနေတာမို့ ဒီလမ်းကြောင်းကို ဦးစားပေး ထိန်းချုပ်ဖို့ ကြိုးစားမယ်လို့ ရိုးရှင်းစွာ မှန်းဆနိုင်ပါတယ်။ လားရှိုးမြို့က ပြန်လည်ရထားပြီး ဖြစ်လို့ သိန္နီ၊ ကွတ်ခိုင်တို့က ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။ အဆိုပါ မြို့ ၂ မြို့အနက် သိန္နီမြို့ကို MNDAAက အပြည့်အဝ ထိန်းချုပ်ထားတာ ဖြစ်ပြီးကွတ်ခိုင်မြို့ကိုတော့ TNLA နဲ့ MNDAA တို့က ထိန်းချုပ်ထားကြတာဖြစ်ပါတယ်။ 

MNDAA နဲ့ အပစ်ရပ်ထားတဲ့ အာဏာသိမ်းစစ်တပ် အနေနဲ့ သိန္နီကို ပြန်လည်ပေးအပ်ဖို့ ဖိအားပေးမှုတွေ အရင်ကတည်းက ရှိနေနှင့်ပြီးဖြစ်ကာ အပစ်ရပ် သဘောတူညီချက်ကို ထိခိုက်စေနိုင်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာမလား သို့မဟုတ် တရုတ်နိုင်ငံအနေနဲ့ ကိုးကန့်အဖွဲ့ကို ဖိအားပေးပြီး စွန့်လွှတ်စေမလားဆိုတာတော့ စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar