Breaking News

မြန်မာကျပ် ၁၉၅ ဘီလီယံ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး ဖမ်းမိတယ်လို့ အာဏာသိမ်းစစ်အစိုးရ ကြေညာ

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၈ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၂၅


မြန်မာကျပ် ၁၉၅ ဘီလီယံ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး ဖမ်းမိတယ်လို့ အာဏာသိမ်းစစ်အစိုးရ ကြေညာ

ရခိုင်ပြည်နယ် နဲ့ မလေးရှားတို့ကို ပို့ဆောင်မယ့် ကျပ်ငွေ ၁၉၅ ဘီလီယံ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်တိုင်း လှည်းကူး၊ ရွှေပြည်သာ၊ ထန်းတပင်၊ သုံးခွ၊ လှိုင်သာယာ နဲ့ တွံတေးတို့မှာ ကွင်းဆက်လိုက် ဖေါ်ထုတ်ပြီး ဖမ်းဆီးရမိတယ်လို့ အာဏာသိမ်း စစ်အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ နဲ့ နောက်ရက်တွေမှာ ကွင်းဆက်အရ ဆက်လက် ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပြီး ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေလိုပဲ Arakan Army နဲ့ ဆက်စပ်မှုရှိတဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေလို့ အာဏာသိမ်းစစ်အစိုးရရဲ့ သတင်းထုတ်ပြန်မှုမှာ ဖေါ်ပြထားပါတယ်။ 

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အမျိုးအစားတွေကတော့ အိုက်စ်၊ ကက်တမင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသကနေ အဆင့်ဆင့် သယ်ဆောင်လာခဲ့တာလို့လည်း ဖော်ပြထားပါတယ်။ ကျပ်ငွေ ၁၉၅ ဘီလီယံ ပမာဏဟာ အမေရိကန် ဒေါ်လာနဲ့ တွက်ရင် သန်း ၅၀ နီးပါးနဲ့ ညီမျှတဲ့ ပမာဏဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်ဝန်းကျင်တုန်းကလည်း မူးယစ်ဆေးဝါး ကျပ်ငွေ ၂၅၇ ဘီလျံ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား၊ ကက်တမင်း၊ အိုက်စ်တွေကို ရန်ကုန်မြို့မှာပဲ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ တာဖြစ်ပါတယ်။ အဆိုပါ ဖမ်းဆီးရမိစဥ်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း SSPP/SSA ထိန်းချုပ်ဧရိယာ ဖြစ်တဲ့ ဝမ်ဟိုင်းဒေသက သယ်ဆောင်လာတယ်လို့ ဖေါ်ပြခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးများကို ရခိုင်ပြည်နယ် မြေပုံမြို့နယ်က တဆင့် ဖြတ်သန်းသယ်ဆောင်တဲ့အခါ အဆိုပါဒေသကို ထိန်းချုပ်ထားတဲ့ AA အဖွဲ့က အကောက် ကောက်ခံပြီး ဖြတ်သန်းခွင့်ပြုတယ်လို့လည်း ဖေါ်ပြခဲ့ပါတယ်။ 

လက်နက်ကိုင် အဖွဲ့တွေ အများအပြားရှိတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေဟာ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိရာ ဒေသတွေ အဖြစ်နဲ့ ဆယ်စုနှစ်များစွာကတည်းက ထင်ရှားခဲ့တာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်မှာ ဖမ်းဆီးရမိတဲ့ သတင်းတွေ ပိုမိုတွေ့ရှိလာရတာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှု နိမ့်ကျလာချိန် လက်နက်ကိုင် ပဋိပက္ခတွေ ပိုမိုဖြစ်ပွားလာချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ငွေကြေးအရင်းအမြစ်တခု ဖြစ်တဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုက ရတဲ့ အခွန်အကောက်၊ တနေရာက တနေရာကို ပို့ဆောင်ပေးခတွေက ရရှိတဲ့ဝင်ငွေတွေ နဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွက် လိုအပ်တဲ့ ရံပုံငွေဖြည့်တင်းကြတာမျိုးတွေက အရင်ခေတ်ကာလတွေက အသွင်သဏ္ဌာန်မျိုးအတိုင်း ဆက်လက်ဖြစ်ပေါ် နေပုံရပါတယ်။ 

မူးယစ်ဆေးဝါးတွေက မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်း ရေလမ်း သင်္ဘောဆိပ်ရှိရာ မြို့တွေကို သယ်ဆောင်လာပြီး မလေးရှား ဘက်လို တောင်ဘက် ကမ်းရိုးတန်းတလျှောက် သယ်ယူပို့ဆောင်ကြတာ ရှိသလို ဘင်္ဂလားဒေ့ရှ် လို နိုင်ငံတွေက တဆင့် ကမ္ဘာ့နေရာ အသီးသီးဆီ ဖြတ်သန်းသယ်ဆောင်ကြတာ လည်း ဖြစ်ပါတယ်။ အချို့သော မူးယစ်ဆေးဝါးတွေကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံထဲကို နယ်စပ်က တောတောင်တွေကို တိတ်တဆိတ် ဖြတ်သန်းသယ်ဆောင်ပြီး အခြားနေရာဒေသတွေကို ပို့ဆောင်ကြတာလည်း ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်လို မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ကို ဖြတ်ကျော်သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေ နယ်ခြားစောင့်တပ်က မကြာခဏဖမ်းဆီး ရမိကြောင်း ထိုင်းနိုင်ငံသတင်းတွေထဲ တွေ့နေရတာလည်း ဖြစ်ပါတယ်။ ဖမ်းဆီးရမိနေတဲ့ သတင်းတွေ တွေ့နေရတယ် ဆိုရင် ဖမ်းဆီးခံရခြင်း မရှိဘဲ လွတ်သွားတဲ့ ပမာဏတွေလည်း ရှိနေလိမ့်မယ်လို့ နားလည်ရပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ မြန်မာနိုင်ငံ နေရာ အများအပြားမှာ တရားဥပဒေ စိုးမိုးမှုမရှိတော့တဲ့ အခြေအနေကြောင့်လည်း ဒီလို မူးယစ်ကုန်ကူးမှု လုပ်ငန်းက ပိုမိုကြီးထွားလာတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မကြာသေးခင် လတွေက ချင်းပြည်နယ် ဟားခါးမြို့နယ်ထဲမှာ ယင်းမာပင်ဒေသက PDF တပ်ရင်းတရင်းက သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေကို ချင်းကာကွယ်ရေးအဖွဲ့တဖွဲ့က ဖမ်းဆီးကာ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ အဆိုပါ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်ကနေ စစ်ကိုင်းတိုင်း အဲဒီကတဆင့် ချင်းပြည်နယ်ကို ဖြတ်ပြီးအိန္ဒိယနယ်စပ်ကို ဖြတ်ကျော်သယ်ဆောင်မယ် လို့ ယူဆရပါတယ်။ 

၁၉၅၀ ပြည့်နှစ်ကျော်ကာလတွေက တရုတ်နိုင်ငံ ပြည်တွင်းစစ်မှာ စစ်ရှုံးလာတဲ့ ကူမင်တန် တပ်တွေ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲ ဝင်ရောက်လာစဥ်က စပြီး ရှမ်းပြည်နယ်ဟာ မူးယစ်ဆေးဝါးထုတ်လုပ်တာနဲ့ အဆိုပါ ထုတ်လုပ်သယ်ဆောင်တာကို အကာအကွယ်ပေးတဲ့ လက်နက်ကိုင်အဖွဲ့တွေရယ်လို့ ဖွဲ့စည်းမိခဲ့ကြပြီး မူးယစ်ဆေးဝါးနဲ့ ဘိန်းဘုရင်တွေ တဦးမက ပေါ်ထွက်လာခဲ့ပြီး ဘိန်းဖြူ မူးယစ်ဆေးဝါး ထွက်ရှိရာ ရွှေတြိဂံ နယ်မြေအဖြစ်နဲ့ ကမ္ဘာကျော်ခဲ့တာ ဖြစ်ပါတယ်။ 

တရုတ်ဖြူကျူးကျော်မှုက စတင် အရှိန်ရခဲ့တဲ့ တရားမဝင် စိုက်ပျိုး ထုတ်လုပ်ကြတဲ့ ဘိန်း၊ ဘိန်းဖြူတွေနဲ့ အခုနောက်ပိုင်း ဆယ်စုနှစ်တွေမှာ စိတ်ကြွဆေး၊ အိုက်စ်၊ ကတ်တမင်း စတဲ့ အမျိုးကွဲတွေ ကို ထုတ်လုပ်ရာ အဖြစ် ရှမ်းပြည်နယ်က လူသိများနေဆဲ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးက သယံဇာတ ထုတ်ယူတာထက် ပိုမိုလွယ်ကူပြီး လွယ်လွယ်ကူကူ ငွေရနိုင်တဲ့ လုပ်ငန်း၊ အမြတ်ရနှုန်း အကောင်းဆုံးလုပ်ငန်းတခု ဖြစ်လာပြီး တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်တာ သယ်ဆောင်ရောင်းဝယ်တာကို ကာကွယ်ပေးဖို့ လက်နက်ကိုင်အဖွဲ့တွေ လိုအပ်တာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ အုပ်ချုပ်တဲ့အစိုးရစစ်တပ်ရဲ့  အမိန့်အာဏာရှိသူ အရာရှိကြီးအချို့ကိုယ်တိုင် မူးယစ်ဆေးဝါး လုပ်ငန်းကနေ အကျိုးခံစားခွင့်ရရှိတာ၊ ပါဝင်ပတ်သက်တာ ရှိခဲ့ကြတာ တွေ့ရပါတယ်။ 

အခုလို လက်နက်ကိုင် တိုက်ခိုက်မှု ပိုမိုကျယ်ပြန့်လာတဲ့အခြေအနေ၊ တရားဥပဒေစိုးမိုးမှု ဆိုးရွားစွာ ကျဆင်းလာတဲ့ အခြေအနေမျိုးမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုရော သယ်ဆောင်ရောင်းဝယ်မှုပါ ပိုမိုကျယ်ပြန့်လာတာ ထူးဆန်းတဲ့ ဖြစ်စဥ်တော့မဟုတ်ပါဘူး။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်တန်းဒေသအချို့တို့မှာ ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာခဲ့တာ ကုလသမဂ္ဂ အစီရင်ခံစာတွေမှာလည်း တွေ့နိုင်ပါတယ်။ ယခင်က အာဖဂန်နစ်စတန် နိုင်ငံက ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှုအများဆုံး ဖြစ်ပေမယ့် ၂၀၂၃ ခုနှစ်မှာ မြန်မာက ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှု တန်ချိန် ၁၀၀၀ ကျော်နဲ့ အများဆုံး ဖြစ်လာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ အာဖဂန်နစ်စတန်က တာလီဘန် အစိုးရက ဘိန်းစိုက်ပျိုးမှုကို စီမံချက်နဲ့ နှိမ်နှင်းခဲ့တာကြောင့် အာဖဂန်အနေနဲ့ ထုတ်လုပ်မှုလျော့ကျလာချိန် မြန်မာနိုင်ငံက ပြည်တွင်းစစ်ဖြစ်ပွားပြီး ဘိန်းထုတ်လုပ်မှု တိုးမြင့်လာခဲ့တာကြောင့် အာဖဂန်ရဲ့ ထုတ်လုပ်မှု ပမာဏထက် ၃ ဆ လောက်များပြားလာပြီး ကမ္ဘာ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့တာဖြစ်ပါတယ်။   

ဒီကိန်းဂဏန်းက ဘိန်းထုတ်လုပ်မှု ကိန်းဂဏန်းသာ ဖြစ်ပြီး အိုက်စ်၊ မက်သာအက်ဖီတမင်း (စိတ်ကြွဆေးပြား)၊ ကက်တမင်း အစရှိတဲ့ အခြားသော ဓာတုနည်းနဲ့ ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ မပါဝင်သေးပါဘူး။ 

ပြည်တွင်းစစ် ဖြစ်ပွားမှု နှစ် ၈၀ နီးပါးသက်တမ်းရှိလာတဲ့ မြန်မာနိုင်ငံ အနေနဲ့ တခုနဲ့ တခု အပြန်အလှန် ဆက်နွှယ်နေတဲ့ ပြဿနာ ၂ ရပ်ဖြစ်တဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံရေးအရ အသုံးချဖို့ ဝါဒဖြန့်လက်နက်အဖြစ် အသုံးချဖို့နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရပ်တည်ရေး စတဲ့ ရှုထောင့်အသီးသီးကနေ အသုံးပြုနေကြတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar