Breaking News

ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ် အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေ ပြန်လွှဲအပ်ဖို့ ဒုတိယမြောက် သဘောတူညီမှု

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၂၈ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၅


ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေ ပြန်လွှဲအပ်ဖို့ ဒုတိယမြောက် သဘောတူညီမှု

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း၊ ဒုတိယလှိုင်းတွေမှာ တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းယူထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့ ၂ မြို့တို့ကို အာဏာသိမ်းစစ်တပ် လက်ထဲပြန်လွှဲအပ်ပေးဖို့နဲ့ အောက်တိုဘာ ၂၉ ရက်နေ့ ညသန်းခေါင်မှစပြီး TNLA နဲ့ စစ်တပ်အကြား အပစ်အခတ်ရပ်စဲဖို့ အောက်တိုဘာ ၂၇-၂၈ ရက်အတွင်း ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ သဘောတူညီချက် ရခဲ့ကြောင်း ယနေ့ မွန်းလွဲပိုင်းမှာ သတင်းမီဒီယာတွေကို အသိပေးကြေညာခဲ့ပါတယ်။ 

လက်နက်ကိုင် ၂ ဖွဲ့အကြား ဆွေးနွေးမှုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ပြီးခဲ့တဲ့ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာ ကျင်းပခဲ့ပြီး TNLA ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး တာဂျုတ်ဂျား ဦးဆောင်တဲ့အဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ အဖွဲ့တို့ ဆွေးနွေးခဲ့ကာ ကြားက ညှိနှိုင်းတဲ့ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း တက်ရောက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားကြပါတယ်။ 

သဘောတူညီချက် အသေးစိတ်နဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန်ကြတာမျိုး မတွေ့ရဘဲ အဓိက အချက်အလက်အားဖြင့် နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူကြရာမှာ TNLA တပ်ဖွဲ့အနေနဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ကနေ ဆုတ်ခွာပေးဖို့ နဲ့ စစ်တပ်ဘက်က တအာန်းဒေသကို လေကြောင်းတိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်း မလုပ်ဖို့၊ ရောက်ရှိတဲ့နေရာတွေမှာ ရပ်တန့်ထားဖို့ ပါရှိတယ်လို့ ဖော်ပြထားကြပါတယ်။ 

ယခုနှစ်ဆန်းမှာ MNDAA နဲ့ စစ်တပ်တို့ အပစ်ရပ်တဲ့ သတင်းထွက်ပေါ်လာခဲ့ပြီးနောက် ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန် နှေးကွေးသွားခဲ့သလို ဧပြီလမှာ လားရှိုးမြို့ကို ပြန်လည်လွှဲပြောင်းပေးတဲ့ ဖြစ်ရပ်က စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေအကြား အမြင်အမျိုးမျိုး တုံ့ပြန်မှုအမျိုးမျိုး ပေါ်ထွက်စေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ယခု TNLA အပစ်ရပ်တဲ့ သတင်းက စစ်အာဏာရှင် ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေ ကို ထပ်ပြီး စိတ်အားလျော့စေတဲ့ ဖြစ်ရပ်တခုလို့ ဆိုနိုင်မှာဖြစ်ပါတယ်။ 

မြောက်ပိုင်း ညီနောင်မဟာမိတ်လက်နက်ကိုင် ၃ ဖွဲ့ အနက် ပထမဦးဆုံးအပစ်ရပ်ပြီး မြို့တမြို့ ပြန်လွှဲအပ်ပေးခဲ့တဲ့ အဖြစ်အပျက်က နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင် တဖွဲ့ချင်းရဲ့ လက်နက်ကိုင်တော်လှန်ရေး အကျိုးစီးပွားချင်း ၁၀၀ ရာနှုန်းထပ်တူ ကျမနေတာကို လှစ်ဟပြလိုက်သလို ဖြစ်ခဲ့တာပါ။ ၁၀၂၇ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ စစ်အာဏာရှင်စနစ် ကျဆုံးရေး ဖြစ်တယ်လို့ စစ်ဆင်ရေးစတင်ချိန် မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ အဖြစ် နဲ့ ရှမ်းမြောက်ဒေသမဟုတ်တဲ့ အခြားသော ဒေသတွေက PDF လက်နက်ကိုင် အဖွဲ့အများအပြားက ထောင်ဂဏန်းနဲ့ ချီတဲ့ စစ်သည်အင်အားပူးပေါင်း တိုက်ခိုက်ခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

အဆိုပါ စစ်ဆင်ရေးတွေက တနိုင်ငံလုံးက လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အာဏာရှင် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရာမှာ အတူတကွပူးပေါင်းပါဝင်နိုင်ကြတယ် ဆိုတဲ့ စုစည်းညီညွတ်မှု ကို ပြသနိုင်ခဲ့ကြပေမယ့် ယခုနှစ် ဇန်နဝါရီ အပစ်ရပ်သဘောတူညီမှုက စစ်ရေးအရ စုစည်းညီညွတ်မှုကို တန့်စေပြီး နိုင်ငံရေးအရ မေးခွန်းထုတ်တာ၊ အကျိုးစီးပွား မတူညီတာတွေကို မီးမောင်းထိုးပြသလို ဖြစ်စေခဲ့တာပါ။ 

အဆိုပါ ကာလတွေအတွင်းမှာပဲ TNLA နဲ့ ထိစပ်နယ်မြေတွေက အခြားသော တိုင်းရင်းသားလက်နက်ကိုင် အကြားနယ်မြေ စိုးမိုးမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံ၊ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွေက စုစည်းညီညွတ်မှုကို အားနည်းစေတဲ့ နောက်ထပ် အကြောင်းအချင်းရာတွေ ဖြစ်လာခဲ့တာပါ။ 

ဒီဖြစ်ရပ်တွေပြီးနောက် လအနည်းငယ်အကြာ TNLA အနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကို စတင်ခုခံကာကွယ်ခဲ့ရာက ဇူလိုင်လမှာ နောင်ချိုမြို့ လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီနောက် ၂ လဝန်းကျင် အကြာ ကျောက်မဲမြို့ ထပ်မံလက်လွှတ်ခဲ့ရပြီး တတိယမြောက် သီပေါမြို့ကိုတော့ သီတင်း ၂ ပတ်သာသာမှာ ထပ်မံဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေက TNLA အနေနဲ့ စစ်ရှုံးတယ်လို့ မသတ်မှတ်နိုင်သည့်တိုင် မြို့၊ နယ်မြေတွေ ဆုတ်ခွာပေးရတဲ့ အခြေအနေ တဖက်မှာ လက်နက်၊ ငွေကြေး အထောက်အပံ့ရယူနိုင်တဲ့ UWSA လို အဖွဲ့ကို တရုတ်နိုင်ငံက တင်းတင်းကြပ်ကြပ် ဖိအားပေးထားခြင်းက TNLA အဖို့ ပိုမိုရုန်းကန်အားထုတ်စေရတဲ့ အနေအထားဖြစ်ပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်းက အညာ PDF တပ်ဖွဲ့တွေ အနေနဲ့လည်း ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းကာလတွေလို လူအင်အားနဲ့ ကူညီတိုက်ခိုက်ပေးနိုင်တဲ့ အခြေအနေမျိုး မတွေ့ကြရတော့ပါဘူး။ 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ရည်မှန်းချက်၊ သဘောသဘာဝ နဲ့ အညာ ဒေသက PDF တပ်ဖွဲ့တွေရဲ့ ရည်မှန်းချက်၊ အကျိုးစီးပွားအကြားကွာဟမှုတွေ ရှိလာတာလားလို့ မှန်းဆစရာ ဖြစ်လာပါတယ်။၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းကစလို့ TNLA တပ်ဖွဲ့တွေကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ ဝိုင်းဝန်းကူညီကြဖို့ အချို့က နှိုးဆော်တိုက်တွန်းခဲ့ကြပေမယ့် လက်တွေ့မှာ ဖြစ်ပေါ်လာခြင်း မရှိခဲ့ပါဘူး။ TNLA အနေနဲ့ ၄င်းတဖွဲ့ထည်း ခုခံတွန်းလှန်နေရတဲ့ အခြေအနေက လအတန်ကြာမှာ ထိန်းချုပ်ထားတဲ့ မြို့အချို့ကို ဆက်တိုက်ဆိုသလို လက်လွှတ်ရပြီး အပစ်ရပ် သဘောတူညီမှုကို သဘောတူရတဲ့ အခြေအနေထိ ဆိုက်ရောက်စေခဲ့တာ ဖြစ်ပါတယ်။ 

ဒီသဘောတူညီမှုနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အနေအထားကို နားလည်ပေးဖို့ အညာဒေသက စစ်အာဏာရှင်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် အချို့က လူထုကို တိုက်တွန်းပြောဆိုနေကြသလို မိမိတို့ ပိုမိုပြီး အားစိုက်ရုန်းကန်ကြရမယ်လို့လည်း အားပေးစကား ပြောဆိုနေကြတာ တွေ့ရပါတယ်။ 

MDY PDF လို့ ခေါ်တဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့က ၄င်းတို့ရဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ် သွားမယ့် အကြောင်း TNLA  ရဲ့ အပစ်ရပ် ကြေညာချက်ထွက်ပေါ်တဲ့ နေ့တွင်းချင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ MDY PDF အဖွဲ့ဟာ NUG အစိုးရ လက်အောက်က ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ် အမိန့်ပေး ကွပ်ကဲမှုအောက်မှာ ရှိတဲ့ အဖွဲ့ဖြစ်ကြောင်း ဖေါ်ပြပြီး TNLA အပစ်ရပ်သော်လည်း ၄င်းတို့က ဆက်လက်ခုခံတိုက်ခိုက်သွားမယ် ဆိုတဲ့ သဘောမျိုး ပြည်သူလူထုကို အသိပေးထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

မိုးကုတ်ဗျူဟလို့ ခေါ်တဲ့ မိုးကုတ်မြို့ အခြေစိုက် ဖွဲ့စည်းထားတဲ့ PDF တပ်ဖွဲ့ကလည်း TNLA က မိုးကုတ်မြို့ကို စစ်တပ်ဆီ ပြန်လွှဲပေးမယ် ဆိုပေမယ့် ၄င်းတို့အနေနဲ့ မိုးကုတ်မြို့ကို ဆုတ်ခွာမပေးဘဲ တိုက်ခိုက်မယလို့ ကြေညာချက် ထုတ်ပြန်ခဲ့တာလည်း တွေ့ရပါတယ်။ 

ဒီအခြေအနေတွေက TNLA နဲ့ စစ်တပ်တို့အကြား အပစ်ရပ်သဘောတူညီမှု ထုတ်ပြန်ပြီးနောက် နေ့တွင်းချင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ဖြစ်ပြီး အာဏာသိမ်းစစ်တပ် အနေနဲ့ TNLA ကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ မလိုတော့တဲ့ အနေအထားမှာ MDY-PDF ၊ မိုးကုတ်ဗျူဟာ တို့ကို အင်အားပိုမိုသုံးပြီး ဖိတိုက်လာနိုင်ခြေ ရှိနေတယ်လို့ အများက ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း အထက်ပိုင်းဒေသတွေအဖို့ မကြာခင်ကာလတွေမှာ စစ်ရေးအရ လှုပ်ရှားမှုတွေ ပိုပြီး တွေ့လာရနိုင်ခြေ ရှိနေတယ် မှန်းဆရပါတယ်။ TNLA နဲ့ အာဏာသိမ်းစစ်တပ်အကြား အပစ်ရပ် သဘောတူညီမှု ဘယ်လောက်ထိ ကြာရှည်ခံမလဲ၊ အာဏာသိမ်းစစ်တပ်အနေနဲ့  နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ ရှိတဲ့ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ပြန်လညရရှိဖို့ ဘယ်လို နည်းလမ်းတွေ သုံးလာမလဲဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar