Breaking News

TNLA ဆုတ်ခွာချိန် PDF တပ်တွေရဲ့ ခံစစ်ဗျူဟာ

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၃၀ မြင်ကွင်း

မိုးမခ ၊ အောက်တိုဘာ ၃၁၊ ၂၀၂၅


TNLA ဆုတ်ခွာချိန် PDF တပ်တွေရဲ့ ခံစစ်ဗျူဟာ

အောက်တိုဘာ ၂၇-၂၈ ကူမင်းဆွေးနွေးပွဲ သဘောတူညီချက်အရ တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ အာဏာသိမ်း စစ်တပ်အကြား တပ်တွေရောက်ရှိတဲ့ နေရာမှာ ရပ်ပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကိုတော့ ပြန်ပေးအပ်ရမယ့် အနေအထား ရောက်ရှိလာခဲ့ပါတယ်။ 

ဒီမြို့ ၂ မြို့ကနေ TNLA ဆုတ်ခွာရုံပဲလား သို့မဟုတ် လားရှိုးမြို့လို လွှဲပြောင်းပေးရမှာလား ဆိုတဲ့အသေးစိတ် သဘောတူညီမှုတွေ ရှင်းရှင်းလင်းလင်းမသိရ သေးသည့်တိုင် TNLA နဲ့ တွဲပြီး တိုက်ခိုက်ခဲ့တဲ့ PDF လက်နက်ကိုင် အဖွဲ့တွေကတော့ ၄င်းတို့ ဆက်လက်နေရာယူပြီး မြို့ကို ကာကွယ်မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မိုးကုတ်မြို့နဲ့ ပတ်သက်လို့ မိုးကုတ်ဗျူဟာက ထုတ်ပြန်ကြေညာထားပြီး မိုးမိတ်မြို့ အနေအထားတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။ 

လားရှိုးမြို့ကနေ MNDAA ပြန်လည်ဆုတ်ခွာခဲ့စဥ်ကတော့ အိမ်နီးချင်း တရုတ်နိုင်ငံက အပစ်ရပ်သဘောတူညီမှုကို စောင့်ကြည့်တဲ့ သက်သေ အဖွဲ့အစည်းအဖြစ် ရှိခဲ့ပြီး လားရှိုးမြို့ထဲ စစ်ကောင်စီ တပ်တွေဝင်လာနိုင်ဖို့ လမ်းကြောင်းတွေ လုံခြုံရေးတွေကို MNDAA အနေနဲ့ တာဝန်ယူခဲ့ရတဲ့ သာဓက ရှိခဲ့ပြီး အခု မိုးကုတ်နဲ့ မိုးမိတ်မြို့တွေ ပြန်လည်လွှဲအပ်မယ်လို့ သဘောတူညီမှုမှာတော့ TNLA တပ်ဖွဲ့ အနေနဲ့ အလားတူ လုပ်ဆောင်မှာလား သို့မဟုတ် ၄င်းတို့ဆုတ်ခွာရုံ ဆုတ်ခွာသွားမှာလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိကြရသေးတဲ့ အနေအထားဖြစ်ပါတယ်။

မိုးကုတ်မြို့နဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်း ၂ ခုဖြစ်တဲ့ ကျောက်မဲ မိုးကုတ်လမ်းနဲ့ သပိတ်ကျဥ်း မိုးကုတ်လမ်း ၂ သွယ်ကနေ အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေက ချဥ်းကပ်နိုင်ခြေရှိနေတာလည်း ဖြစ်ပါတယ်။ စဥ့်ကူအထက်ဘက် မန္တလေး-မြစ်ကြီးနားလမ်း ပေါ်က မိုးကုတ်သွားတဲ့ လမ်းခွဲဖြစ်တဲ့ ဖော့တောလမ်းဆုံကို မကြာသေးခင်သီတင်းပတ်က အာဏာသိမ်းစစ်တပ်တွေက သိမ်းယူခဲ့သလို မကြာခင်လပိုင်းက သိမ်းယူထားတဲ့ ကျောက်မဲမြို့ကနေ မိုးကုတ်သွားကားလမ်းအတိုင်းလည်း လာနိုင်ခြေရှိနေတာ ဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်တပ်အနေနဲ့ အဆိုပါ လမ်းကြောင်းတွေအတိုင်း ချီတက်ခဲ့ရင် TNLA နဲ့ အပစ်ရပ်ထားတာမို့ တိုက်ပွဲဖြစ်ချင်းဖြစ်ရင် PDF တပ်ဖွဲ့တွေနဲ့သာ တိုက်ခိုက်မှုဖြစ်ပွားမယ့် အနေအထားလို့ ဆိုနိုင်ပါတယ်။ PDF တပ်ဖွဲ့တွေထက် တိုက်ခိုက်ရေးအတွေ့အကြုံရှိပြီး လက်နက်ခဲယမ်း အင်အားလည်း ပိုမိုတောင့်တင်းတယ်လို့ ဆိုနိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ TNLA မပါဘဲနဲ့ PDF တပ်ဖွဲ့တွေအနေနဲ့ စစ်တပ်ရဲ့ ထိုးစစ်ကို ခံနိုင်ရည်ရှိမလားဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ပေး ကွပ်ကဲမှုအောက် မိုးကုတ်ဗျူဟာ အနေနဲ့ မြို့ကို ဒီအတိုင်း လက်လွှတ်ဆုံးရှုံးခံမလား ခုခံတိုက်ခိုက်မလား ဆိုတဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ ဆက်နွယ်တဲ့မေးခွန်းမျိုး အမေးခံနေရတဲ့ သဘောဖြစ်ပြီး အဆိုပါရှုထောင့်အရ ဆို ရှုံးနိုင်ခြေ ရှိတယ်လို့မှန်းဆချက် ဖြစ်နိုင်ခြေရှိနေသည့်တိုင် ခုခံတိုက်ခိုက်ရတော့မယ့် အနေအထားဖြစ်ပါတယ်။ ဒါက နိုင်ငံရေး ရှုထောင့်၊ ဂုဏ်သိက္ခာရှုထောင့်က စဥ်းစား ချဥ်းကပ်တဲ့ အနေအထားဖြစ်ပါတယ်။ 

နောက်ရှုထောင့်တခုကတော့ စစ်ရေးအမြင်သက်သက်နဲ့ သုံးသပ်ကြည့်မယ်ဆိုရင် အနိုင်ရနိုင်ချေနည်းတာ၊ သို့မဟုတ် မနိုင်တဲ့ တိုက်ပွဲကို လက်နက်၊ လူအင်အား အဆုံးရှုံးခံပြီး မတိုက်သင့်ဘူးဆိုတဲ့ အမြင်ဖြစ်ပါတယ်။ ဒီတိုက်ပွဲ၊ မြို့ကို ခုခံကာကွယ်မယ့် တိုက်ပွဲက စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးမဟာဗျူဟာ အရ အလွန်အရေးပါတဲ့ နေရာဖြစ်သလား ဆိုတာလည်း ထည့်သွင်းစဥ်းစားရမယ့် အနေအထားဖြစ်ပါတယ်။ မိုးကုတ်မြို့ဟာ ကျောက်မျက်ထွက်ရှိတာကြောင့် ဝင်ငွေအားဖြင့် ပမာဏတခုထိ အရေးပါတာ မှန်သော်လည်း မိုးကုတ်မြို့ကို လပိုင်း ထိန်းချုပ်ထားနိုင်ရုံထက် နှစ်နဲ့ချီ ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမျိုးမှာ သယံဇာတက ဝင်ငွေရရှိနိုင်မယ့် သဘောလည်း ဖြစ်ပါတယ်။ 

ရန်သူအနေနဲ့ ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့နဲ့ အပစ်ရပ်ထားတာကြောင့် အခြားရင်ဆိုင်စရာ လက်နက်ကိုင် အဖွဲ့ တဖွဲ့မှ မရှိတဲ့အနေအထားမျိုးဖြစ်ပြီး မိုးကုတ်၊ မိုးမိတ်ကို ရှိတဲ့ အင်အားနဲ့ စုစည်းပြီး အသာစီးနဲ့ ထိုးစစ်ဆင်နိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ PDF တပ်ဖွဲ့တွေ အနေနဲ့ ခံစစ်နဲ့ ခုခံရမယ့် အနေအထားမျိုးက စစ်ရေးအရ အားသာချက် ရှိမနေတဲ့ သဘောဖြစ်ပါတယ်။ 

မိုးကုတ်၊ မိုးမိတ်ကို အဆုံးတိုင်ခုခံတိုက်ခိုက်မလား သို့မဟုတ် အကန့်အသတ် အခြေအနေတခုထိ တိုက်ခိုက်တာမျိုး လုပ်ဆောင်မလားဆိုတာတော့ PDF တပ်ဖွဲ့တွေ အဖက်ဖက်က သုံးသပ်ပြီး ဆုံးဖြတ်ချက်ချရမယ့် အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ မိုးကုတ်၊ မိုးမိတ်ကို ခုခံကာကွယ်ဖို့ အတွက် စစ်ရေး မဟာမိတ်ဖွဲ့မှု၊ အကူတပ်အင်အား အဆင်သင့်ပြင်ဆင်ထားနိုင်ခြေ၊ ဒီဒေသမှာ မိမိတို့ တပ်တွေသာ ထီးထီးခုခံတိုက်ခိုက်ရတဲ့ အခြေအနေမျိုး မရောက်အောင် အနေအထား ဖန်တီးနိုင်ခြင်း ရှိ/ မရှိစတဲ့ ရှုထောင့် အချက်အလက်၊ ဖြစ်နိုင်ခြေတွေ အားလုံးတွက်ချက်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက် တရပ်ကို အမြန်ဆုံးချမှတ်ရမယ့် အနေအထားမှာ ရောက်ရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar