Breaking News

မလေးရှားနိုင်ငံခြားရေး ဝန်ကြီး နေပြည်တော်ခရီးစဥ်၊ ဖားကန့်နဲ့ မြစ်ကြီးနားမြို့တွေကို ညမထွက်ရ အမိန့်ထုတ်

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၉ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၂၅


မလေးရှားနိုင်ငံခြားရေး ဝန်ကြီး နေပြည်တော်ခရီးစဥ်၊ ဖားကန့်နဲ့ မြစ်ကြီးနားမြို့တွေကို ညမထွက်ရ အမိန့်ထုတ်

အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားရတဲ့ မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မိုဟာမက်ဟာဆန်နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံ နေပြည်တော်ကို လာရောက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ မကြာခင်က ဝန်ကြီးချုပ်ရာထူးခန့်အပ်ခံခဲ့ရတဲ့ ညိုစောတို့ နဲ့ တွေ့ဆုံပြီးနောက် အောက်တိုဘာ ၉ ရက်နေ့မှာပဲ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ 

ဒီခရီးစဥ်ဟာ မလေးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ဆိုတဲ့သဘော မဆောင်ဘဲ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အနေနဲ့ လာရောက်တဲ့ ခရီးစဥ်ဆိုတာ ရှင်းလင်းသိသာစေပါတယ်။ မလေးရှားနိုင်ငံဘက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ အချက် ၅ ချက်ပါ အာဆီယံဘုံသဘောတူညီမှုကို အသားပေးဖော်ပြထားပြီး မလေးရှားနိုင်ငံအနေနဲ့ အာဏာသိမ်းထားတဲ့ မြန်မာစစ်အစိုးရနဲ့ သံတမန်ရေး ဆက်ဆံတဲ့ သဘော မသက်ရောက်စေတဲ့ ရေးသားမှုမျိုးနဲ့ သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပြန်လည်ရရှိဖို့အတွက် ရည်ရွယ်တဲ့ အလုပ်သဘောခရီးစဥ်လို့ ဖော်ပြထားပါတယ်။ 

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို အာဏာသိမ်းစစ်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်က လက်ခံတွေ့ဆုံရာမှာ ယာယီသမ္မတ ရာထူးကို အလေးပေးဖော်ပြထားပေမယ့် တပ်မတော် ဧည့်ဂေဟာမှာ လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ အတူလိုက်ပါသွားခဲ့ပြီး အခြားသော မလေးရှားနိုင်ငံ အစိုးရအဖွဲ့က တာဝန်ရှိသူတစုံတဦးမှ ပါဝင်ခြင်း မရှိပါဘူး။ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အားလုံးပါဝင်ဖို့ လိုအပ်ကြောင်း အကြံပြုပြောဆိုခဲ့တယ်လို့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာစစ်အစိုးရဘက်က မလေးရှားနိုင်ငံခြားရေး ဝန်ကြီးခရီးစဥ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲကို ထောက်ခံအားပေးတဲ့ သဖွယ်ဖေါ်ပြထားကာ ရွေးကောက်ပွဲ စောင့်ကြည့်တဲ့အဖွဲ့တွေ စေလွှတ်မယ်လို့ ပြောဆိုခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။ စစ်အစိုးရ ထုတ်ပြန်ချက်မှာ စစ်ခေါင်းဆောင်ဘက်က ပြောဆိုတဲ့ ရွေးကောက်ပွဲ ပြင်ဆင်မှု နဲ့ ပတ်သက်တဲ့ ဝါဒဖြန့် ပြောဆိုမှုတွေကို အသားပေးဖော်ပြထားတာ တွေ့ရသလို အာဆီယံ နဲ့ ပတ်သက်လို့ အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်တဲ့ အခြေအနေ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ဖော်ပြထားတာတွေ့ရပေမယ့် အာဆီယံဘုံသဘောတူညီမှု အချက် ၅ ချက်ကိုတော့ ဖော်ပြတာ မတွေ့ရပါဘူး။ 

အခု ခရီးစဥ်ကို အကဲဖြတ်ကြည့်ရင် အာဆီယံအဖွဲ့အနေနဲ့ မြန်မာအာဏာသိမ်းစစ်အစိုးရအပေါ် ယခင်နှစ်တွေကလောက် သဘောထားတင်းမာမှု မရှိတော့တဲ့ အနေအထားမျိုးလို့ ဆိုနိုင်ပါတယ်။ အာဆီယံမှာ နိုင်ငံရေးရာထူးတာဝန်ယူထားတဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေကို တက်ခွင့်မပေးသေးသည့်တိုင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသူ နိုင်ငံခြားရေးဝန်ကြီး အဆင့် ရှိသူက နေပြည်တော်ကို တရားဝင်ခရီးစဥ်အနေနဲ့ လာရောက်ခြင်းဟာ အာဏာသိမ်းစစ်အစိုးရ အဖို့ သံတမန်ရေးအရ အသိအမှတ်ပြုတဲ့သဖွယ် ဝါဒဖြန့်ဖို့ အခွင့်အရေး ရစေတာလည်း ဖြစ်ပါတယ်။ 

ဒုတိယအချက်အနေနဲ့ ယခုနှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အာဆီယံအဖွဲ့အနေနဲ့ လုံးလုံး အသိအမှတ်မပြုတဲ့ ရပ်တည်ချက် သဘောထား မရှိတာကို သက်သေပြလိုက်သလို ဖြစ်ပြီး စစ်အစိုးရ အနေနဲ့ ၄င်းတို့ ကျင်းပမယ့် ရွေးကောက်ပွဲကို တရုတ်၊ ရုရှား တို့လို နိုင်ငံတွေသာမက အာဆီယံ အဖွဲ့ကပါ လက်ခံထားတယ်လို့ ပြောဆိုနိုင်တဲ့ အနေအထားရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီအချက်ကို စစ်အစိုးရ အနေနဲ့ ၄င်းတို့ရဲ့ အောင်မြင်မှု၊ တိုးတက်မှု တရပ်အနေနဲ့ ဂုဏ်ယူနေမှာ မလွဲပါဘူး။ 

အာဆီယံအဖွဲ့ အနေနဲ့ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လမ်းကြောင်းမျိုး မရှိတော့တဲ့ အနေအထားဟာ အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စိတ်ပျက်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်ထပ် သတင်းအကြောင်းအရာ တခုကတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဖားကန့်မြို့နယ်နဲ့ မြစ်ကြီးနားမြို့နယ်မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ကိုကျင့်သုံးပြီး လူစုလူဝေးမလုပ်ဖို့နဲ့ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက အောက်တိုဘာ ၈ ရက်နေ့နေ့စွဲနဲ့ ကြေညာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ လအနည်းငယ်ကမှ အာဏာသိမ်းတပ်ရဲ့ စစ်ကြောင်းတွေ ဖားကန့်ဒေသထဲ ပြန်လည်ဝင်ရောက်လာခဲ့ပြီး အဲလို ဝင်ရောက်လာချိန်မှာ KIA နဲ့ ကြီးကြီးမားမား တိုက်ပွဲ ဖြစ်ပွားတာ မတွေ့ခဲ့ရပါဘူး။ 

၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း အာဏာသိမ်းစစ်တပ် အနေနဲ့ ဖားကန့်မြို့နယ်ထဲမှာ စခန်းတချို့သာ ကျန်နေခဲ့ပြီး လအတန်ကြာ စစ်ရေးလှုပ်ရှားမှု မလုပ်နိုင်တော့တဲ့ အနေအထားနဲ့ ဖားကန့်ဒေသကို KIA က ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။ သို့ပေမဲ့ ၂၀၂၅ နှစ်ဆန်းပိုင်း ဧပြီလကုန်ပိုင်းက စပြီး အာဏာသိမ်းစစ်တပ်အနေနဲ့ ဖားကန့်ဒေသကို ရာဂဏန်းကနေ ထောင်ဂဏန်းနီးပါးရှိတဲ့ စစ်ကြောင်းပြန်လည် ဝင်ရောက်လာခဲ့ပြီး ၂ လခန့်အကြာမှာတော့ ဖားကန့်မြို့အထိ စစ်ကြောင်းပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ 

ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်နဲ့ ရင်ဆိုင်နေရတဲ့ KIA အနေနဲ့ ဖားကန့်ဒေသထဲ စစ်ကြောင်းပြန်လည် ဝင်ရောက်လာတာကို ကြီးကြီးမားမား ခုခံတိုက်ခိုက်ခဲ့တာမတွေ့ရပါဘူး။ အာဏာသိမ်းစစ်တပ်က ဖားကန့်ဒေသကို ပြန်လည်ဝင်ရောက်လာတဲ့ အကြောင်းက နယ်မြေထိန်းချုပ်ရေး ဆိုတဲ့ အချက်အပြင် KIA တပ်အနေနဲ့ ကျောက်စိမ်းတူးဖေါ်မှုက ရရှိနေတဲ့ အခွန်အကောက်ဝင်ငွေတွေကို ဖြတ်တောက်လိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်တာ ထင်ရှားပါတယ်။ 

အဆိုပါရည်ရွယ်ချက် ၂ ခုနဲ့ ဖားကန့်မြို့နယ်ထဲ စစ်ကြောင်းနဲ့ ပြန်လည်ဝင်ရောက်လာတဲ့ စစ်တပ်က အခုအခါ ညမထွက်ရအမိန့် နဲ့ လူစုလူဝေးမလုပ်ရ အမိန့်တွေထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ရာမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုပါ ဖားကန့်နဲ့အတူ တပြိုင်နက်ထည်း ကြေညာခဲ့တာတွေ့ရပါတယ်။ 

ဖားကန့်မြို့နယ်လို လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အုပ်ချုပ်ရေးပျက်ပြားနေတယ်လို့ ဆိုနိုင်တဲ့ မြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်တာဟာ မြေပြင်မှာ လက်တွေ့အားဖြင့် သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ဘူးလို့လည်း သုံးသပ်ရပါတယ်။ လတ်တလော ဖားကန့်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ KIA တပ်ဖွဲ့ရဲ့ စစ်သားစုဆောင်းမှုတွေကို တုံ့ပြန်လုပ်ဆောင်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ကောင်း ဖြစ်နိုင်တယ်လို့လည်း အချို့က သုံးသပ်နေကြတာတွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ်က ကောင်းစွာထိန်းချုပ်ထားတဲ့ မြစ်ကြီးနားမြို့ မှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြီး ပိုမိုစစ်ဆေးတာ ဖမ်းဆီးတာတွေ ဖြစ်လာနိုင်တယ်လို့လည်း ယူဆမှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar