Breaking News

ပိတ်ဆို့မှု လေကြောင်းတိုက်ခိုက်မှုတွေကြားက ရခိုင်ပြည်နယ်

မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၇ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၂၅


ပိတ်ဆို့မှု လေကြောင်းတိုက်ခိုက်မှုတွေကြားက ရခိုင်ပြည်နယ်

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်ကို ရိက္ခာ၊ ဆေးဝါး လူသုံးကုန် ပစ္စည်းတွေ တင်ပို့မှု၊ ဒေသက ထွက်ရှိတဲ့  စိုက်ပျိုးရေး၊ ရေလုပ်ငန်းလိုမျိုးက ထုတ်ကုန်တွေ ရခိုင်ပြည်နယ်ပြင်ပကို တင်ပို့မှုတွေကို ကန့်သတ်ပိတ်ဆို့ထားတာ နှစ်နဲ့ ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်ရဲ့ နယ်မြေဒေသအများစုကို AA က ထိန်းချုပ်ထားတာဖြစ်လို့ ထုတ်ကုန်တွေ သယ်ယူနိုင်တဲ့ ရေလမ်း၊ ကုန်းလမ်းကို စစ်တပ်က ၄င်းတို့ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အပြင်ဘက်ကနေ ကန့်သတ် ပိတ်ဆို့ထားတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့မှာ ရခိုင်ပြည်နယ်ဘက်နဲ့ ဆက်သွယ်တဲ့ ဝင်ပေါက်တွေကို သယ်ပို့ခြင်းမပြုနိုင်အောင် ကန့်သတ်ထားတဲ့သဘော ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်က ကုန်စည်နဲ့ ရိက္ခာ၊ လူအဝင်အထွက်တွေကို ကန့်သတ်ထားတဲ့ အနေအထားမှာ ကုန်စည်မှောင်ခို သယ်ဆောင်တာ၊ ရခိုင်ပြည်နယ်ထဲက ပြည်မဘက်ကို လာရောက်လိုသူတွေ ခြေကျင်ဖြတ်သန်းပြီး လာရောက်ကြတာ  အစရှိတဲ့ နည်းလမ်းတွေနဲ့ ဖြတ်သန်းမှု၊ သယ်ဆောင်မှုတွေ ပမာဏတခု အရေအတွက်တခုထိ ရှိနိုင်ပေမယ့် မှောင်ခို သယ်ဆောင်ရတာကြောင့် လာဘ်ပေးရတဲ့ ကုန်ကျစရိတ်၊ ကွေ့ပတ်သယ်ဆောင်ရတဲ့ စရိတ်တွေနဲ့ ရခိုင်ပြည်နယ်ထဲ ရောက်ရှိတဲ့အခါ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေက မူရင်းဈေးထက် များစွာမြင့်တက်နေမှာ အသေအချာဖြစ်ပါတယ်။ 

ဒီကုန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲရမယ့် ရခိုင်ပြည်နယ်ထဲက လူထုတွေ ဖက်မှာတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ သိသိသာသာ ရှားပါးခန်းခြောက်နေတဲ့ အခြေအနေမျိုးဖြစ်လို့ ဝင်ငွေသိသိသာသာ နိမ့်ကျနေတဲ့ အနေအထားမျိုး ဆန့်ကျင်ဘက် ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်ထဲက စိုက်ပျိုးထွက်ရှိတဲ့ စပါးတွေလည်း အဝယ်မရှိတာ၊ ဈေးမရတာတွေ ရင်ဆိုင်ကြုံတွေ့နေကြရသလို အခြားတဖက်မှာ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်နေကြတဲ့ လူထုတွေအဖို့ ဝယ်ယူစားသုံးနိုင်စွမ်း သိသိသာသာ နိမ့်ကျနေတာလည်း ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်ထဲက လူထုတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်တော့ မသိရှိကြရပေမယ့် ခုရက်ပိုင်း ရခိုင်သတင်းဌာနတခုက ဖော်ပြထားတဲ့ သတင်းတပုဒ်မှာ စစ်တွေမြို့နယ်ထဲက စစ်ရှောင်လာပြီး ကျောက်တော်မြို့နယ် ဂါရ စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင်သူတွေ ရှင်သန်စားသောက်နိုင်ဖို့အတွက် အနီးအနား တရွာဝင်တရွာထွက် တောင်းရမ်းနေကြရတယ်ဆိုတဲ့ သတင်းဖော်ပြမှု ဖြစ်ပါတယ်။ အဆိုပါ စစ်ဘေးရှောင်တွေဟာ စားရေးသောက်ရေး ခက်ခဲလွန်းတာကြောင့် ကလေးတွေ လက်ဆွဲပြီး တရွာဝင် တရွာထွက် တောင်းရမ်းစားသောက်ကြရတဲ့အကြောင်း သတင်းမှာ ဖော်ပြထားတာပါ။ 

ရခိုင်ပြည်နယ်ထဲမှာ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တို့ရဲ့ နယ်မြေအတိုင်းအတာ တခုကိုသာ စစ်တပ်က ဆက်လက်ထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်ပေမယ့် ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာနှုန်းသော AA ထိန်းချုပ်ဒေသတွေကို ပြည်မဘက်က ကုန်စည်တွေ တင်သွင်းဖလှယ်တာ မလုပ်နိုင်အောင် ရေလမ်း၊ ကုန်းလမ်းတွေကို ပိတ်ဆို့ထားတာက အခုလို ခက်ခဲကျပ်တည်းမှုတွေ ဖြစ်စေတဲ့ အဓိက အကြောင်းတချက် ဖြစ်ပါတယ်။ နောက်အကြောင်း တချက်ကတော့ ရခိုင်ပြည်နယ်ကို လက်ရှိထိန်းချုပ်ထားတဲ့ AA အဖွဲ့အနေနဲ့လည်း အစိုးရတရပ်လို အသိအမှတ်ပြု ဆက်ဆံခံရမယ့် အနေအထားမျိုး မဟုတ်သေးတာကြောင့် အကန့်အသတ်တွေနဲ့သာ နယ်စပ်ကတဆင့် ကုန်စည်တင်သွင်းနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ပလက်ဝဒေသ ကို ဖြတ်ပြီး အိန္ဒိယ မီဇိုရမ်ပြည်နယ်ဘက်က စားသုံးဆီ၊ ဆန် အစရှိတဲ့ ရိက္ခာလို ကုန်စည်တွေ ဝင်ရောက်တာမျိုးတော့ ရှိပေမယ့် ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့ တောင်ပိုင်းထိ သယ်ယူပို့ဆောင်ရေးအတွက် စရိတ်စကတွေလည်း ရှိနေတာပါ။ 

စစ်တွေမြို့ကိုတော့ AA အနေနဲ့ ယခုအချိန်ထိ ထိုးစစ်ဆင်ခြင်း တိုက်ခိုက်ခြင်း မရှိတာ တွေ့ရပါတယ်။ စစ်တွေမြို့အတွက် လိုအပ်တဲ့ ရိက္ခာ၊ လူသုံးကုန်နဲ့ လောင်စာဆီတွေကို စစ်တပ်က တင်သွင်းခွင့် ပါမစ်၊ ပမာဏတွေ နဲ့ တင်သွင်းစေပြီး ခွဲတမ်း စနစ်နဲ့ ရောင်းချပေးတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ အားလုံးနီးပါး ရပ်ဆိုင်းကုန်တဲ့အခြေအနေမှာ ဝင်ငွေမရှိ၊ ကုန်ဈေးနှုန်းက မတန်တဆ ဖြစ်လာတာကြောင့်လည်း စစ်တွေမြို့မှာ အစစအရာရာ ရှားပါးတဲ့ အခြေအနေနဲ့ အသက်ရှင်သန်ဖို့ ခက်ခက်ခဲခဲ ရင်ဆိုင်ကျော်ဖြတ်နေကြရတာပါ။ 

စစ်တွေမြို့ အချို့သော ရပ်ကွက်တွေမှာ နေအိမ်ပိုင်ရှင်တွေ စစ်ဘေးရှောင်ပြီး ပိတ်ထားတဲ့ နေအိမ်တွေကို ဖျက်ပြီး ထင်း၊ သစ်အဖြစ် ရောင်းစားခံရတာမျိုး၊ တချို့သော ရပ်ကွက်တွေမှာတော့ အိမ်ရှင်တွေကိုယ်တိုင် မိမိအိမ်ရဲ့ အဖီ၊ မသုံးတဲ့ အစိတ်အပိုင်းတွေ ဖျက်ပြီး ထင်းအဖြစ် အသုံးပြုနေရတဲ့ အခြေအနေမျိုးထိ ဆိုးရွားနေတာပါ။ 

စစ်တွေမြို့ထဲ လုံခြုံရေး အကာအကွယ်ပေးထားရတဲ့ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်ကြတဲ့ အောင်မင်္ဂလာရပ်ကွက်လို နေရာတွေမှာ ဘယ်လို ရှင်သန်နေထိုင်နေကြသလဲ ဆိုတဲ့ သတင်းတွေတော့ မကြားသိကြရပါဘူး။ ၂၀၁၂ ခုနှစ် ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းတွေ နောက်ပိုင်း ရပ်ကွက်ကို စစ်တပ်နဲ့ ရဲတွေက လုံခြုံရေး အကာအကွယ်ပေးပြီး ပြည်တွင်းနဲ့ နိုင်ငံတကာအကူအညီတွေကို အဓိက မှီခိုရပ်တည်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။ စစ်တွေမြို့အပြင် တဖက်ကမ်း သဲချောင်း၊ ဒါးပိုင်လို စခန်းတွေမှာလည်း အစ္စလာမ်ဘာသာဝင် ဒုက္ခသည်တွေ သီးခြားခွဲခြား နေထိုင်နေကြရတာ ဆယ်စုနှစ်နဲ့ ချီရှိနေတာ ဖြစ်ပြီး အခုလို ပြည်တွင်းစစ်မီး တောက်လောင်လာတဲ့နောက် သောင်း၊ သိန်း ချီတဲ့ ဒုက္ခသည်ပြဿနာတွေက နောက်ရောက်သွားခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ အငတ်ဘေး၊ ရောဂါန္တရကပ်လို့ မဆိုနိုင်သည့်တိုင် ကူးစက်ရောဂါဘေးတွေ အပြင် အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကလည်း နေ့စဥ် အပတ်စဥ် လိုလို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့မှာတော့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ယိုးတရုတ် နဲ့ အခြားကျေးရွာ ၂ ရွာကို စစ်တပ်လေယာဥ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၅ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့တယ်လို့ သတင်းတွေ မှာတွေ့ကြရပါတယ်။ 

AA က ရခိုင်ပြည်နယ်ရဲ့  နယ်မြေအားလုံးနီးပါး မြေပြင်မှာထိန်းချုပ်ထားနိုင်သည့်တိုင် လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်တဲ့ စနစ်၊ လက်နက် မရှိသေးပါဘူး။ လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သားပစ်မှတ်တွေထက် စစ်ရေးပစ်မှတ်တွေကို ပိုပြီး ရည်ရွယ် ပစ်မှတ်ထား တိုက်ခိုက်တယ်လို့ အာဏာသိမ်းစစ်တပ်ဘက်က ပြောဆိုသည့်တိုင် အရပ်သား အများအပြား သေဆုံးနေကြရပြီး အချို့သော ပုဂ္ဂလိက ကျောင်း၊ ဘော်ဒါဆောင်လို နေရာမျိုးတွေလည်း တိုက်ခိုက်ခံရကာ ကျောင်းသားတွေ အများအပြား ထိခိုက်သေဆုံးတဲ့ အဖြစ်တွေလည်း မကြာခဏ ကြားသိနေကြရတာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်က လူထုအနေနဲ့ကတော့ ငွေကြေးတတ်နိုင်သူတွေအနေနဲ့ ရခိုင်ပြည်နယ်ကနေ လေယာဥ်လမ်းကြောင်းနဲ့ ထွက်ခွာပြီး ရန်ကုန်၊ မန္တလေး၊ ပုသိမ် တို့လိုဒေသတွေမှာ တိမ်းရှောင် နေထိုင်နိုင်ကြပေမယ့် သာမန်လူထုအဖို့မှာတော့ သဘာဝဘေးပဲ လာလာ၊ လေကြောင်း တိုက်ခိုက်မှုအန္တရာယ်ပဲရှိရှိ၊ အငတ်ဘေးပဲရင်ဆိုင်ရ ရင်ဆိုင်ရ ဒီမြေဒီရေကနေ ယာယီဖြစ်စေ အမြဲတမ်းဖြစ်စေ စွန့်ခွာနေထိုင်ဖို့ မစွမ်းနိုင်တဲ့သူတွေ ဖြစ်နေကြတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar