မောင်လူမွှေး - နေရာတကာ "ပညာ"
မောင်လူမွှေး - နေရာတကာ "ပညာ"
မိုးမခ ၊ နိုဝင်ဘဘာ ၈ ၊ ၂၀၂၅
"ကျမတို့လည်း ကိုယ် ရုန်းနိုင်သလောက် ရုန်းတာပဲ။ အဆင်ကို မပြေလွန်းလို့။ ခု ကိုယ့်ဒေသက ရွာတွေကပဲ ကျမတို့ စစ်ရှောင်တွေအတွက် တစ်အိမ်ကို ဆန်တဘူးပဲ ပေးကြစမ်းပါ။ ကျမတို့စားလောက်ပါတယ်။ ဒီလို ဘာကြောင့် မပေးကြတာလဲ မသိနော်" တဲ့ စစ်ရှောင်ခန်းက အမျိုးသမီးကြီး တစ်ဦးက မောင်လူမွှေးကို ပြောပါတယ်။
"ပညာမတတ်ကြလို့ပေါ့ဗျာ" လို့ အဲဒီအမျိုးသမီးကြီး အမေးကို မောင်လူမွှေး ဖြေရပါတယ်။ အမျိုးသမီးကြီး ပြောသလို ရွာကနေ တစ်အိမ်ကို တစ်လ ဆန်တစ်ဘူးနှုန်း ကောက်ခံရင် တော်တော်များများက ထည့်ကြမယ် ထင်ပါတယ်။ ဒါပေမဲ့ ကောက်ခံပေးမယ့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် မရှိပါဘူး။ စစ်ရှောင်တွေအတွက် ဒီလိုလုပ်လို့ရတယ် ဆိုတဲ့ စိတ်ကူး၊ အကောင်အထည်ဖော်နိုင်တဲ့ အရည်အချင်းနဲ့ လုပ်အား၊ စနစ်တကျ လှူဒါန်းပြီး ရှင်းတမ်း ပြန်လည်ထုတ်ပြန်ဖို့ ဆိုတာတွေက ပညာတတ်မှ ဖြစ်မှာဆိုတော့ မောင်လူမွှေး အဖြေဟာ မှားတယ်မဆိုနိုင်ပါဘူး။
စစ်ရှောင်ကျောင်းလေးတစ်ကျောင်းမှာ မစ်(စ)မွှေးက ဆရာမတွေကို သင်တန်းပေးနေတုန်း မောင်လူမွှေးတစ်ယောက် စစ်ရှောင်စခန်းက အမျိုးသမီး လေး ငါးယောက်နဲ့ စကားပြောနေကြတာ ဖြစ်ပါတယ်။ ဒီစစ်ရှောင်စခန်းက မောင်လူမွှေးတို့ ပထမအကြိမ်အဖြစ် လာသင်တန်းပေးတာဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေကလွဲရင် စစ်ရှောင်စခန်းက ကျောင်းသားမိဘတွေဟာ မောင်လူမွှေးတို့နဲ့ မရင်းနှီးလှသေးပါဘူး။ ဒါကြောင့် စစ်ရှောင်တွေ စိတ်ဓာတ်မြှင့်တင်ရေး၊ ပညာတတ်မြောက်ရေး တရားဟောဆရာ မောင်လူမွှေးမှာ ပရိသတ်နည်းနေသေးတာ ဖြစ်ပါတယ်။
" ခင်ဗျားတို့ ကျနော်တို့ ငယ်ရွယ်စဥ်မှာ မိဘရဲ့စကားကို ကြောက်လို့ နားထောင်ပေမယ့် ကြီးလာတော့ သိပ်နားမထောင်ကြတော့ဘူး။ ကိုယ် ထင်ရာလုပ်ကြတာ များတယ်။ ခု ခင်ဗျားတို့ သားသမီးတွေကြတော့လည်း ငယ်တုန်းမှာ ဆူငေါက်လိုက်ရင် ခင်ဗျားတို့ စကားကို နားထောင်မယ်။ ကြီးတဲ့သားသမီးတွေကတော့ နားထောင်တော့မှာ မဟုတ်ဘူးနော်။ ဒီလို သံသရာလည်နေကြတာပဲ လူ့အဖွဲ့အစည်းက" လို့ မောင်လူမွှေး ပြောတော့ အမျိုးသမီးတွေက ထောက်ခံကြပါတယ်။
အဲဒီလို သူတို့ ထောက်ခံချက်ရတော့မှ မောင်လူမွှေးလည်း သာယာတဲ့မိသားစုတစ်စုဖြစ်ဖို့ "ပညာရေး" ဟာ အရေးကြီးကြောင်း၊ ကလေးတွေကို အဖွင့်နဲ့ ဆက်ဆံပြောဆိုကြဖို့ လိုကြောင်း၊ ကိုယ့်ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ကျောင်းကလေးကို အခါအားလျော်စွာ ဂရစိုက်ပေးပြီး ပူးပေါင်းပါဝင်ပေးဖို့ လိုကြောင်း တရားဟောရပါတယ်။ ပညာရေး ဆိုတာ စာသက်သက်မဟုတ်ဘဲ အခြား အရေးကြီးတဲ့ စာရိတ္တ၊ လူမူဆက်ဆံရေး၊ တာဝန်ကျေပွန်တဲ့ အကျင့်၊ စည်းကမ်းလိုက်နာတဲ့ အကျင့် စတဲ့ ဘဝအတွက် အရေးကြီးတဲ့အရာတွေ ပါဝင်ကြောင်း ပြောဆိုဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ မျက်နှာကို ကြည့်ရတာ မောင်လူမွှေးရဲ့ ပြောဆိုမှုတွေကို သဘောပေါက်ကြပုံရပါတယ်။ ကျောင်းကို ဂရုစိုက်ကြဖို့အရေး မောင်လူမွှေးက တိုက်တွန်းတော့ ခေါင်းညိတ်ကြပါတယ်။ တကယ်လုပ်၊ မလုပ်ကတော့ စစ်ရှောင်ကျောင်းက ကျောင်းအုပ်ဆရာမကြီးကို နောက်မှပဲ မေးရမှာ ဖြစ်ပါတယ်။
မောင်လူမွှေးတို့ လင်မယားနှစ်ယောက် စစ်ရှောင်ကျောင်းက ဆရာ၊ ဆရာမတွေကို သင်တန်းပေးတဲ့အခါမှာ ဆရာ၊ ဆရာမတွေကို သင်တန်းပေးတာအပြင် ကျောင်းသားမိဘတွေကို ပညာရေးမှာ ပူးပေါင်းပါဝင်ကြဖို့ စည်းရုံးပြောဆိုတဲ့ တာဝန်ကို မောင်လူမွှေး ယူရလေ့ရှိပါတယ်။ ခုလည်း နေ့လယ် နေပူပူ ကျောင်းဆောင်ကလေးအောက်မှာ ကျောင်းသားတွေရဲ့ အမေ၊ အဒေါ်၊ အဘွား အမျိုးသမီး ခြောက်ယောက်ကို ဟောပြောပြီး မောင်လူမွှေး တာဝန်ကို ထမ်းဆောင်နေတာပါ။ တစ်နာရီလောက် တာဝန်ထမ်းဆောင်ပြီးတော့ ဆရာမတွေကို ပေးတဲ့ သင်တန်းမှာ မောင်လူမွှေးအချိန်ကို ရောက်လာလို့ မိဘတွေနဲ့ ဆွေးနွေးမှု အစီအစဥ်ကို အဲဒီနေ့အဖို့ အဆုံးသတ်လိုက်ရပါတယ်။
မောင်လူမွှေး ဆရာမတွေကို သင်တန်းပေးနေစဥ်မှာ လူအုပ်တစ်အုပ် ကျောင်းရှေ့က ဖြတ်လာကြပါတယ်။ လူအုပ်ဟာ စောင်နဲ့ထုပ်ထားတဲ့ လူနာတစ်ယောက်ကို မလာကြတာပါ။ လူနာရဲ့ ညည်းသံကို လူအုပ်ဆူဆူကြားကနေ ကြားရပါတယ်။ အမျိုးသမီးကြီးတစ်ဦး အစာအိမ်သွေးကြောပေါက်တာတဲ့။ သွေးတွေ အန်တာ ညကတည်းက မနည်းဘူးတော့။ ခု သူတို့ ဆေးရုံ ပို့မယ့်အချိန်က မွန်းလွဲ နှစ်နာရီကျော်။ သွားရဦးမယ့်ခရီး။ လူနာရဲ့ အသက်ဟာ ဘယ်လို ဖြစ်မလဲ.. ။ မောင်လူမွှေးတို့ စိတ်ထဲကနေ ဆုတောင်းပေးရုံပဲ တတ်နိုင်ခဲ့ပါတယ်။
လူနာကို သယ်ဆောင်သွားတဲ့ လူအုပ်ကြီး ဖြတ်သွားပြီးနောက် မောင်လူမွှေးတို့ သင်တန်းလည်း အဲဒီနေ့အဖို့ အပြီးသတ်လိုက်ပါတယ်။ မောင်လူမွှေးတို့ ပြန်မလို့ လုပ်တုန်း အုပ်ချုပ်ရေးမှူး ရောက်လာပါတယ်။ ကျန်းမာရေးကိစ္စကို ဆောင်ရွက်နေရလို့ ပညာရေးကိစ္စကို မလာဖြစ်တာဖြစ်ကြောင်း မောင်လူမွှေးကို ပြောပါတယ်။ မောင်လူမွှေးလည်း ကိုယ်တိုင်မြင်လိုက်ရပြီး စိတ်မကောင်းကြောင်း ပြန်ပြောဖြစ်ပါတယ်။
မောင်လူမွှေးလည်း ခုမှ ပထမဆုံး တွေ့ရတဲ့ အုပ်ကြီးကို ပညာရေး အရေးကြီးကြောင်း မပြန်ခင်လေး ပြောဖြစ်ပါတယ်။ သူကလည်း ကျန်းမာရေးကိစ္စက ပိုအရေးကြီးကြောင်း၊ ပညာရေးဟာ အရေးကြီးတာ မှန်ပေမယ့် တော်လှန်ရေးက ပိုအရေးကြီးကြောင်း ပြန်ပြောပါတယ်။ မောင်လူမွှေး ပညာ အရေးကြီးကြောင်း ပြောတဲ့ အချိန်အခါနဲ့ အခြေအနေဟာ ကိုက်ညီမှုမရှိတာကို သတိထားမိပြီး နှုတ်ဆက်ပြန်ခဲ့ကြပါတယ်။
ကတ္တရာလမ်းမမှာ ဘာကာဘာတွေမှ မပါတဲ့ မောင်လူမွှေးရဲ့ အရိုးငေါငေါ ဝမ်းတူးဖိုက်ဆိုင်ကယ်လေးဟာ ပြေးနေတယ်။ ဘဝတွေက ပူလောင်ပေမယ့် ညနေခင်းလေပြည်ဟာ အေးဆဲ။ ဘဝတွေက မလှပေမယ့် ရူခင်းတွေဟာ လှမြဲပါ။ ဝင်လုဆဲ နေရောင်အောက်က အညိုရောင်တောင်တန်းကြီးကလည်း လွမ်းစရာကောင်းပါတယ်။ မောင်လူမွှေး နောက်ကနေ စီးလာတဲ့ မစ်(စ) မွှေးက စကားစပြောလာပါတယ်။
" ခက်တယ်နော်။ ကျန်းမာရေးကလည်း ပညာမရှိဘဲ ဘယ်လို ကျန်းမာအောင် နေရမယ်ဆိုတာ ဘယ်သိမလဲ။ ဘယ်လို ကုသရမယ်ဆိုတာ ဘယ်သိမလဲ။ တော်လှန်ရေးကလည်း ပညာမရှိဘဲ ပြည်သူကို ဘယ်လို စည်းရုံးမလဲ။ ဘယ်လိုလက်နက်ရှာမလဲ။ ဘယ်လို တိုက်ခိုက်မလဲ။ ပညာ ဆိုတာ နေရာတကာမှာ ပါမှဖြစ်မှာလေ" တဲ့။
ဟုတ်ကဲ့။ နောက်တစ်ကြိမ် အုပ်ကြီးနဲ့တွေ့ရင် ဒီစကားတွေ ပြောပြီး ပညာရေးအတွက် စည်းရုံးဖို့ မောင်လူမွှေး စိတ်ထဲကနေ မှတ်ထားလိုက်ရပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar